နယ်စပ်ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲနှင့် ပြည်တွင်းစားသောက်ကုန်စျေးကွက် အလားအလာ

နယ်စပ်ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲနှင့် ပြည်တွင်းစားသောက်ကုန်စျေးကွက် အလားအလာ
ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းဝန်းကျင်ကို တွေ့ရစဉ်
ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုအများဆုံးဖြစ်သည့် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းဝန်းကျင်ကို တွေ့ရစဉ်
Published 16 May 2021
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှု အများဆုံးဖြစ်တဲ့ မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပြည်တွင်းစျေးကွက်သို့ အချိုရည်မျိုးစုံအပါအဝင် စားသောက်ကုန်လေးမျိုးကို မေ ၁ ရက်မှစ၍ တင်သွင်းခွင့် ယာယီ ရပ်ဆိုင်းလိုက်တဲ့အတွက် ကုန်စည် စီးဆင်းမှု၊ ကုန်သွယ်မှုပမာဏမှာ ယခင်ထက် ၅၀ ရာခိုင်နှုန်းခန့် လျော့ကျလာနိုင်တယ်လို့ အမှတ်(၂) ချစ်ကြည်ရေးတံတား Cargo ဂိတ်မှာ တာဝန်ထမ်းဆောင်နေသူ အကောက်ခွန်အရာရှိတစ်ဦးက ပြောပါတယ်။

“ကုန်စည်စီးဆင်းမှု အခြေအနေကတော့ ထက်ဝက်လောက်တော့ ကျသွားတာပေါ့။ အချိုရည်မျိုးစုံအပါအဝင် စားသောက်ကုန်လေးမျိုးက ကန့်သတ်ကုန်ဖြစ်သွားတော့ တင်သွင်းလို့မရတော့ဘူးပေါ့။ ကျန်တဲ့ ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေက ပုံမှန်တင်သွင်းနေတုန်းပါပဲ။ မြဝတီနယ်စပ်က ကုန်ပစ္စည်းတင်သွင်းမှုရဲ့ ပမာဏနဲ့ယှဉ်ရင် ခုကန့်သတ်လိုက်တဲ့ စားသုံးကုန်တွေက ငါးဆယ်ရာခိုင်နှုန်းထက် ကျော်မယ်လို့ထင်ပါတယ်” လို့ အကောက်ခွန် အရာရှိတစ်ဦးက လက်တွေ့ဝင်ရောက်နေတဲ့ ကုန်စည်စီးဆင်းမှုအခြေအနေကို သုံးသပ်ပြောကြားပါတယ်။

နယ်စပ်က တင်သွင်းနေတဲ့ အချိုရည်မျိုးစုံအပါအဝင် ကော်ဖီမစ်မျိုးစုံနဲ့ တီးမစ်မျိုးစုံ၊ Instant Coffee၊ နို့ဆီနဲ့ နို့စိမ်း စတဲ့ ထိုင်းစားသောက်ကုန်ပစ္စည်း လေးမျိုးကို မေ ၁ ရက်က စလို့ ပင်လယ်ရေကြောင်းမှသာ တင်သွင်းခွင့်ရတော့မှာ ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင့်ပြုထားတဲ့အတွက် နယ်စပ်ကုန်သွယ်လမ်းကြောင်းမှာ တရားမဝင် ကုန်သွယ်မှုမှောင်ခိုလမ်းကြောင်း ပြန်လည်အသက်ဝင်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်လို့ ၎င်းက ဆိုပါတယ်။

ယခင် ဆယ်စုနှစ်တစ်ခုကျော်ကဆိုရင် မြဝတီ ဒေါနတောင်ကျော် ကုန်သွယ်လမ်းကြောင်းဟာ အဆင်း တစ်ရက် အတက်တစ်ရက် ခက်ခက်ခဲခဲ ကုန်သွယ်ခဲ့ကြရာကနေ ၂၀၁၆ ခုနှစ် သြဂုတ် ၃၀ ရက်မှာ ဒေါနတောင်ကျော် အမြန်လမ်းသစ် ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် နယ်စပ်က ကုန်စည်တွေဟာ စျေးကွက်ရပ်ဝန်းဖြစ်တဲ့ ရန်ကုန်ကို နေ့ချင်းအရောက် ကုန်သွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ယခင်က တရား ဝင်တင်သွင်းခွင့်မရှိတဲ့ ထိုင်းနိုင်ငံထုတ်ကုန် ပစ္စည်းတွေရဲ့ ကုန်သွယ်မှုဟာ တနိုင်တပိုင်၊ တဆွဲတပိုး ကယ်ရီလမ်းကြောင်းအဖြစ် တွင်ကျယ်ခဲ့ပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ကုန်စည်လေးမျိုးကို နယ်စပ်မှတင်သွင်းခြင်း ကန့်သတ်ရတဲ့ အကြောင်းရင်းကို “အစားအသောက် ဘေးကင်းလုံခြုံမှုရှိစေရေးနဲ့ စနစ်တကျစစ်ဆေးနိုင်ရေး၊ ပြည်တွင်း SME လုပ်ငန်းတွေက ထုတ်လုပ်ကုန်ပစ္စည်းတွေအပေါ် စျေးကွက်ယှဉ်ပြိုင်မှု အကာအကွယ် ပေးနိုင်ရေး တင်ပြချက်တွေအရ ၂၀၂၁ ခုနှစ် မေလ ၁ ရက်ကစပြီး နယ်စပ်ဒေသတွေက ယာယီတင်းသွင်းခွင့်မပြုဘဲ ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်မှုမှာ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းက ဝင်ရောက်လာတဲ့ စားသောက်ကုန်တွေကို အတိုင်းအတာတစ်ခုအထိ စစ်ဆေးဆောင်ရွက်နေသည့်တိုင် နိုင်ငံအတွင်း တရားဝင်မှောင်ခိုလမ်းကြောင်းတွေက ဝင်ရောက်လာတဲ့ စားသောက်ကုန်တွေကို စစ်ဆေး ကြပ်မတ်နိုင်ဖို့  အကန့်အသတ်တွေ များစွာရှိနေပြီး တရားမဝင်နယ်စပ် လမ်းကြောင်းတွေကနေ အချိုရည် အပါအဝင် စားသောက်ကုန်တွေ နည်းမျိုးစုံနဲ့ ပြည်တွင်းကို ဝင်ရောက်မှုတွေ ရှိနေပါတယ်။ နယ်စပ်လမ်းကြောင်းတွေကနေ တင်သွင်းခွင့်ပြုရင် တရားမဝင်တင်သွင်းမှုနဲ့ ရောနှောနေပြီး တင်သွင်းခြင်းကို စစ်ဆေးရေးဂိတ်တွေမှာ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးရာမှာ အခက်အခဲများရှိနေတဲ့အတွက်ကြောင့် ပင်လယ်ရေကြောင်းကသာ တင်သွင်း ခွင့်ပြုပေးခြင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို အားပေးကူညီပြီး နိုင်ငံတော်ရဲ့ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဆောင်ရွက် ဖော်ဆောင်ရေးကိုလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်” လို့ နိုင်ငံပိုင်သတင်းစာရဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။

အချိုရည်အပါအဝင် စားသောက်ကုန်လေးမျိုးကို ကန့်သတ်လိုက်တော့ ငွေကြိုချေစနစ်နဲ့ ဝယ်ယူထားတဲ့ ကုန်သည်လုပ်ငန်းရှင်တွေ များစွာနစ်နာမှုရှိနေတယ်လို့ မြဝတီနယ်စပ်ကုန်သည်အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ဆိုပါတယ်။

“အစ်မတို့ကုန်သည်တွေက စားသောက်ကုန်တွေကို သီတင်းကျွတ်လပြည့်အထိ မှန်းပြီးတော့ ကိုယ်စားလှယ်ယူထားတာတွေရှိတယ်။ တစ်နှစ်ပတ်လုံးအတွက် စာချုပ်စာတမ်းတွေ၊ ကတိကဝတ်တွေ ဟိုဘက်နိုင်ငံနဲ့လုပ်ထားရတာပေါ့။ ဒီကတိကဝတ်တွေနဲ့ ထိုင်းဘက်က လုပ်ငန်းရှင်တွေကတော့ ဘာမှမနစ်နာဘူးလေ။ သူတို့ကတော့ ဆုံးရှုံးမှု မရှိဘူးပေါ့။ အစ်မတို့တွေက ပိုက်ဆံ ကြိုပေးထားရတာတွေရှိတော့ ကိုယ့်နိုင်ငံသားတွေပဲ ဆုံးရှုံးနစ်နာတာပေါ့။ ခုခွင့်ပြုထားတဲ့ ပင်လယ်ရေကြောင်းက ကုန်သွယ်မှုပြုဖို့ဆိုတာ ကွန်တိန်နာတွေသွားလို့မှ မရတာ။ ကွန်တိန်နာတွေ ရေလမ်းကြောင်းက သွားမရလို့ အစ်မတို့နယ်စပ်ကနေ Transit နဲ့ တခြားနိုင်ငံကို Export ပြန်ပို့နေရတယ်လေ။ ခုတော့ နယ်စပ်ကုန်သည်အများစု ဒုက္ခရောက်တာပေါ့နော်။ ပိုက်ဆံတွေ ကြိုပေးထားရတာရှိတယ်။ စာချုပ်တွေချုပ်ထားရတာရှိတယ်။ ကတိကဝတ်တွေရှိတယ်။ အဲဒီကတိကဝတ်တွေကို ကိုယ့်ဘက်ကဖျက်ရင် ကိုယ်ပဲခံရတယ်လေ။ ကုန်သည်တစ်ဦးက တစ်လကို ကွန်တိန်နာငါးလုံး ခြောက်လုံးစာ ဝယ်တယ်ဆိုရင် သုံးလစာအတွက် ဘယ်လောက်ဆိုပြီး ငွေကြိုလွှဲထားရတာရှိတယ်။ ငွေစျေးကြောင့် ဒုက္ခရောက်တာကတစ်မျိုး၊ ပိုက်ဆံကို ကြိုပေးပြီးတော့ ကတိကဝတ်တွေရှိတဲ့အတွက် ဆုံးရှုံးနစ်နာစရာ ရှိရင်ကိုယ့်နိုင်ငံသားတွေပဲ နစ်နာတာ၊ ဆုံးရှုံးတာရှိပါတယ်” လို့ ဒေါ်သင်းသင်းမြတ်က ပြောဆိုခဲ့ပါတယ်။

မြဝတီနယ်စပ် ချစ်ကြည်ရေး တံတားအမှတ်၂ မှတစ်ဆင့် စားသောက်ကုန်လေးမျိုး တင်သွင်းမှုကို ကန့်သတ်ထားခြင်းမှာ နှစ်ပတ်ပြည့်ပြီဖြစ်ပါတယ်။ မြဝတီမြို့တွင်းသို့ ယခင်ရက်တွေက ကမ်းကူးထားကြတဲ့ စားသောက်ကုန်တွေ ထားရှိရာ ဂိုဒေါင်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေကနေ စစ်ဆေးမှုပြုလုပ်ပြီး မေ ၇ ရက်အထိ နောက်ဆုံးထားကာ နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

မြဝတီနယ်စပ်ကုန်သည်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဝင်းကျော်က လက်ရှိ ကမ်းကူးထားတဲ့ ကုန်စည်တွေကို ဧပြီ ၃၀ ရက်အထိ ကမ်းကူးထားတာတွေကိုမေ ၇ ရက်အထိ ကုန်သွယ်ခွင့်ပြုထားတယ်လို့ဆိုပါတယ်။

နယ်စပ်ကုန်သည်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဝင်းကျော်က “တင်သွင်းခွင့်ပိတ်ထားတာ တစ်ပတ်ကြာပါပြီ။ ပုံမှန်အတိုင်း တင်သွင်းခွင့်ရဖို့ ရန်ကုန်အထိသွားပြီး ဆွေးနွေးခဲ့ကြပါတယ်။ မထူးပါဘူး။ လက်ရှိကမ်းကူးထားတာတွေကို မေ ၇ ရက်နေ့အထိ သယ်ယူခွင့်ပြုထားပါတယ်။ ဧပြီ ၃၀ ရက်နေ့အထိ တံတားကနေ တင်သွင်းထားတာတွေကို သက်ဆိုင်ရာက စာရင်းလိုက်ကောက်တယ်။ တံတားပေါ်က ထပ်သွင်းတာမရှိတော့ပါဘူး။ ရှိထားပြီးသားပစ္စည်းတွေသာ ပြည်တွင်းကို သယ်ယူလို့ရတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

နိုင်ငံရေးအပြောင်းအလဲမှာ ကုန်သွယ်မှုမူဝါဒ အပြောင်းအလဲကြောင့် စားသောက်ကုန်ပစ္စည်း လေးမျိုး နယ်စပ်ကနေ တင်သွင်းမှု ရပ်ဆိုင်းလိုက်တာဆိုတော့ ဒီနောက်ပိုင်းမှာ ပင်လယ်ရေကြောင်းမှသွင်းဖို့ ကြိုးစားရမယ်လို့လည်း ၎င်းက ဆိုပါတယ်။

“ပင်လယ်ရေကြောင်းကလည်း ကုန်ကျစရိတ်တွေပိုများလာတယ်။ ယခင်ကတော့စျေးချိုတာပေါ့။ COVID ကာလနောက်ပိုင်းမှာ ရေကြောင်းက တင်ပို့မှုအခက်အခဲ၊ အကန့်အသတ်တွေ ရှိလာတော့ ကြန့်ကြာမှုတွေ ပုံမှန်ထက်ရှိလာ တယ်။ COVID ကာလမှာ ကုန်သွယ်မှုတွေ တုံ့ဆိုင်းသွားတဲ့အတွက် ကုန်သင်္ဘောတစ်စင်းပြည့်ဖို့ အချိန် အများကြီး ကြာသွားတယ်။ နယ်စပ်က သွင်းတာနဲ့ ရေကြောင်းကသွင်းတာ ကျွန်တော်တို့ တွက်ချက်မှုအရ ကုန်ကျစရိတ်များလာမယ်။ အချိန်ကြာတယ်။ ငွေအိုက်သွားတာပေါ့ဗျာ” လို့ ဦးဝင်းကျော်က ဆိုပါတယ်။

“လုပ်ငန်းရှင်တွေက ဟိုဘက် ဒီဘက် မျက်နှာပျက်ရတာပေါ့ဗျာ။ ဒီလို ကုန်သွယ်မှု လုပ်ငန်းတွေ လုပ်ဖို့အတွက် ပြည်တွင်းပြည်ပကုမ္ပဏီတွေချိတ်ရတယ်။ ဂိုဒေါင်ကြီးတွေ ဆောက်ရတယ်။ လချုပ်နဲ့ငှားရတယ်။ ဒီပစ္စည်းတွေကို အားကိုးပြီး လုပ်ထားတဲ့ဟာ ခုရပ်သွားပြီဆိုတော့ ဂိုဒေါင်ကြီးတွေလည်း လေဟာနယ်ဖြစ်သွားပြီပေါ့။ လုပ်ငန်းတွေ အလုပ်လက်မဲ့ဖြစ်သွားမယ်” လို့ ဆက်လက်ပြောကြားပါတယ်။

ဘိလပ်မြေ၊ ဆောက်လုပ်ရေး သုံးပစ္စည်းများ၊ Empty Iron Drum ၊ Medium Paper ၊ လျှပ်စစ်အိမ်သုံး ပစ္စည်းများ၊ ကားအပိုပစ္စည်းများ၊ အသီးစိုများ တင်သွင်းမှုရှိခဲ့ပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ ပို့ကုန်တင်ပို့မှု နေ့စဉ် ကုန်တင်ယာဉ်အစီး ၄၀၀ ကျော်ရှိပြီး ပို့ကုန်အမည်တွေကတော့ ပြောင်း၊ ကြက်သွန်နီ၊ မြေပဲ ဆန်၊ မြေပဲ(အခွံပါ)၊ ဆန်ကွဲ၊ ပီလောပီနံ၊ ငရုတ်သီးခြောက်၊ နနွင်း၊ ထောပတ်သီး၊ ဂုံးနဲ့ မန်ကျည်းသီးမှည့်တို့ ဖြစ်ပါတယ်။

ပို့ကုန်လိုင်စင်ထုတ်ပေးရာမှာ ကြက်သွန်နီကို မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံး သီးနှ ံစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ နှစ်ပတ်တစ်ကြိမ် ပို့ကုန်လိုင်စင် လျှောက်ထားရန် သတ်မှတ်ထားသော FOB စျေးနှုန်းဖြင့် ပို့ကုန်လိုင်စင် ခွင့်ပြုထုတ်ပေးလျက်ရှိပါတယ်။

ယခုအပတ်အတွက် မြန်မာနိုင်ငံကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနှံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ကသတ်မှတ်ထားသည့် FOB စျေးနှုန်းများအလိုက် တင်ပို့ရောင်းချခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အချိုရည်နဲ့ ထိုင်းကုန်စည်အချို့ နယ်စပ်မှ တရားဝင်တင်သွင်းခွင့် မရတော့တဲ့အတွက် ပြည်တွင်းမှာ စျေးနှုန်းမြင့်တက်လာနိုင်သလို တရားမဝင် တင်သွင်းမှုလည်း ဖြစ်လာနိုင်တယ်လို့ ကုန်သည်လုပ်ငန်းရှင်အချို့က သုံးသပ်နေကြပါတယ်။

မြန်မာ-ထိုင်းနယ်စပ် ကုန်သွယ်ရေးစခန်းတွေအနက် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းဟာ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုအများဆုံး ဖြစ်ပြီး အောက်တိုဘာ ၁ ရက်မှ ဧပြီ ၂ ရက်အထိ အမေရိကန်ဒေါ်လာ ၇၂၉ ဒသမ ၄၆၁ သန်းဖိုး ကုန်သွယ်နိုင်ခဲ့ပြီ ဖြစ်တယ်လို့ စီးပွားကူးသန်းဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ 

Most Read

Most Recent