နည်းပညာကွာဟမှုနှင့် အိန္ဒိယ၏ ကာကွယ်ဆေးထိုးနှံမှု အကျပ်အတည်း

နည်းပညာကွာဟမှုနှင့် အိန္ဒိယ၏ ကာကွယ်ဆေးထိုးနှံမှု အကျပ်အတည်း
Photo:AFP
Photo:AFP
Published 14 May 2021
မြတ်သက်မှူးကို

မနက်၂ နာရီထိုးအချိန်ဖြစ်သော်ငြားလည်း အာနန်ရာ မက်စ်ကာရာသည် ဖုန်းနှင့် မျက်နှာကို အပ်လျက် နယူးဒေလီမြို့တော်၌ ရရှိနိုင်သည့် COVID-19 ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးနိုင်သည့် ဇယားတွင် အစိမ်းရောင် သို့မဟုတ် အဝါရောင် slot အားတွေ့ရန် ဖုန်းမျက်နှာပြင်အား အထက် အောက်ရွှေ့ကာ  စိတ်လှုပ်ရှားစွာဖြင့်ရှာဖွေနေသည်။

ကာကွယ်ဆေး ပြတ်လပ်မှုများနှင့် နိုင်ငံရေးဆိုင်ရာ ငြင်းခုံမှုများ တွေ့ကြုံနေသော အိန္ဒိယ၏ ကျယ်ပြန့်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွင် အသက် ၁၈ နှစ်မှ ၄၄ နှစ်ကြားအရွယ်တိုင်း ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းနိုင်သော်လည်း ထိုစာရင်းပေးသွင်းမှုမှာ မိနစ်ပိုင်းအတွင်း လက်မှတ်ရောင်းထွက်သော နာမည်ကြီး အဆိုတော်အဖွဲ့တစ်ဖွဲ့၏ ဖျော်ဖြေပွဲလက်မှတ်ကို ဝယ်ယူရသည့်အလား ခက်ခဲလွန်းနေသည်။

“ကာကွယ်ဆေးထိုးနှံဖို့ စာရင်းသွင်းရတဲ့ခံစားချက်ကတော့ ရိုလာကိုစတာစီးရတဲ့ အတိုင်းပါပဲ။ စာရင်းသွင်းဖို့အရမ်းခက်ပါတယ်။ ကျွန်မသူငယ်ချင်းတော်တော်များများလည်း အခုချိန်အထိ စာရင်းမသွင်းနိုင်ကြသေးဘူး။ စာရင်းသွင်းနိုင်ဖို့ စောင့်နေကြတုန်းပဲ” ဟု အိန္ဒိယ၏ အွန်လိုင်း သို့မဟုတ် ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်သည့် ဝက်ဘ်ဆိုဒ်များ၊ Application များမှ စာရင်းသွင်းနိုင်ရန် slot ကို ရက်ပေါင်းများစွာ ရှာဖွေနေသည့်အသက် ၁၉ နှစ်အရွယ် မက်စ်ကာရာက ပြောကြားခဲ့သည်။

လက်ရှိ ဗိုင်းရပ်စ်ကူးစက်ခံရသူ တဟုန်ထိုးမြင့်တက်နေမှုအား ကြောက်ရွံ့နေသည့် သန်းနှင့်ချီသော လူငယ်များကဲ့သို့ မက်စ်ကာရာသည်လည်း ကာကွယ်ဆေးထိုးနှံနိုင်ရန် လုံးပန်းလျက်ရှိသည်။ အိန္ဒိယအစိုးရက ယခုလအတွင်း အရွယ်ရောက်ပြီးသူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်ရန် ခွင့်ပြုပေးခဲ့ပြီး ၎င်း၏ ကာကွယ်ဆေးထိုးနှံမှု လုပ်ဆောင်ချက်အား မြှင့်တင်ခဲ့သည်။

သို့သော် အသက် ၁၈ နှစ်မှ ၄၄ နှစ်ကြား အရွယ်များအနေဖြင့် အွန်လိုင်းမှသာ ကာကွယ်ဆေးထိုးနှံရန် စာရင်းပေးသွင်းနိုင်မှုအပါအဝင် ကန့်သတ်ချက်များကို တိုးမြှင့်ခဲ့ခြင်းသည် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်အထိ အထူးသဖြင့်စမတ်ဖုန်းများ သို့မဟုတ် အင်တာနက်အသုံးမပြုနိုင်သည့် ဆင်းရဲချို့တဲ့ပြီး ကျေးလက်နေပြည်သူများအတွက် အခက်တွေ့စေခဲ့သည်။

အိန္ဒိယပြည်နယ်အများအပြားတွင် ကာကွယ်ဆေး ပြတ်လပ်မှုများနှင့်တွေ့ကြုံနေရပြီး ယင်းမှာ အသက် ၁၈ နှစ်မှ ၄၄ နှစ်ကြား အရွယ် လူသန်း ၆၀၀ အတွက် ကာကွယ်ဆေးထိုးနှံနိုင်ရန် စာရင်းပေးသွင်းနိုင်သော slot များမှာ အကန့်အသတ်ဖြင့်သာ ရရှိနိုင်သည့် သဘောသက်ရောက်နေသည်။

မက်စ်ကာရာသည် တဖြည်းဖြည်းဖြင့် အောင်မြင်စွာစာရင်းသွင်းနိုင်ခဲ့သော်လည်း အခြားလူပေါင်းများစွာမှာမူ စာရင်းပေးသွင်းနိုင်ရန် ဆက်လက်ရုန်းကန်နေရဆဲဖြစ်သည်။

“ကာကွယ်ဆေးထိုးနိုင်ဖို့ စာရင်းပေးသွင်းနိုင်တာထက် ထီဆုကြီးပေါက်နိုင်တဲ့အခွင့်အလမ်းက ပိုများနေတယ်” ဟု မွမ်ဘိုင်း မြို့ခံတစ်ဦးက Twitter တွင် ညည်းညူ ရေးသားခဲ့သည်။

အိန္ဒိယ လူဦးရေ ၁.၃ ဘီလျံ၏ သုံးရာခိုင်နှုန်းသာ ကာကွယ်ဆေး နှစ်လုံးအပြည့် ထိုးနှံနိုင်ခဲ့ပြီးဖြစ်သည်။ နောက်ထပ် ၁၀.၆ ရာခိုင်နှုန်းက ကာကွယ်ဆေး ပထမတစ်လုံး ထိုးနှံခဲ့ပြီးဖြစ်သည်။

 စာရင်းပေးသွင်းနိုင်သည့်အချိန်ကို နေ့စဉ် ကျပန်းဖွင့်လှစ်နေသောအချို့ဒေသများ၌ နည်းပညာကျွမ်းကျင်သူများသည် အသုံးပြုသူများအား ကူညီနိုင်ရန် ကြိုးပမ်းလုပ်ဆောင်ပေးနေပြီး တစ်မိနစ် သို့မဟုတ် နှစ်မိနစ်အတွင်း စာရင်းပေးသွင်းရသည်။

ချန်နိုင်းမြို့အခြေစိုက် ၀ါသနာပါသည့် ပရိုဂရမ်မာတစ်ဦးဖြစ်ပြီး စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် အသက် ၃၅ နှစ်အရွယ် ဘာတီသောမတ်က ခရိုင်အတွင်း ကာကွယ်ဆေးထိုးနှံရန် slot ဖွင့်သည့်အချိန်ကို Telegram စာပို့ Application မှတစ်ဆင့် အသုံးပြုသူများကို သတိပေးနိုင်သည့် tool တစ်ခုကို ဖန်တီးခဲ့သည်။

“အခုချိန်မှာ ကျွန်တော့်ရဲ့ ဦးတည်ချက်ကတော့ နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြို့ငယ်လေးတွေနဲ့ ရွာတွေကို ဒီသတိပေးချက်ပျံ့နှံ့ရောက်ရှိနိုင်ဖို့ပဲ ဖြစ်ပါတယ်” ဟု သောမတ်က ဆိုသည်။ အချို့အသုံးပြုသူများမှာ ဒေသတွင်းနှင့် ကျေးလက်ဒေသများမှ ဆွေမျိုးများအတွက် ကာကွယ်ဆေးထိုးနှံနိုင်ရန် စာရင်းပေးသွင်းလိုကြတယ်ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

“ ကာကွယ်ဆေး စာရင်းပေးသွင်းနိုင်တဲ့ slot တွေ ရနိုင်ဖို့က ပြဿနာတစ်ရပ်ပါ။ အထူးသဖြင့်တော့ အင်တာနက် မရနိုင်တဲ့ကျေးရွာတွေမှာပေါ့လေ။ အဲ့ဒါကြောင့် အင်တာနက်ရနိုင်တဲ့နေရာက လူတွေက မရတဲ့လူတွေကို ကူညီဖို့ နည်းတစ်နည်းပဲ ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အချို့မိသားစုဝင်များသည် ၎င်းတို့၏ အသက်ငယ်ရွယ်သော မိသားစုဝင်များအတွက် slot များ လုံလုံလောက်လောက်ရနိုင်ရန် အလွန်ဝေးကွာသည့် နေရာများသို့ သွားရောက်ကြရသည်ဟု ဒေသတွင်းမီဒီယာတွင် ဖော်ပြခဲ့သည်။

နိုင်ငံအနောက်ပိုင်း ဂူဂျာဂတ်ပြည်နယ် အမီတာဒါဘတ်မြို့ရှိ အသက် ၂၈ နှစ်အရွယ် ဒီဗန်းဘတ်သည် ကာကွယ်ဆေးထိုးနှံနိုင်ရန် စာရင်းပေးသွင်းနိုင်သည့် slot တစ်ခုရရှိရန် ရက်ပေါင်းများစွာ ခရီးထွက်ခွာလာခဲ့ပြီးနောက် မြို့ပြင်ဘက်တစ်နေရာအရောက်တွင် slot တစ်ခုကို ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

“ပင်ပန်းခဲ့ပေမယ့် တန်ပါတယ်လေ” ဟု ဘတ်က ၎င်း၏ ကာကွယ်ဆေးခရီးစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

ဥတ္တရာ ပရာဒေရှ့်ပြည်နယ် လက်ခနောင်းမြို့တွင် အိမ်အကူအဖြစ် လုပ်ကိုင်နေသည့် ဆီမာအတွက် ကာကွယ်ဆေးထိုးနှံနိုင်မည့် အလားအလာ မရှိပေ။

“ ကျွန်မ အင်တာနက် မသုံးတတ်ပါဘူး။ အိမ်အနီးအနားမှာရှိတဲ့ လူငယ်အချို့မှာတော့ စမတ်ဖုန်းတွေ ရှိပါတယ်။ ဒါပေမဲ့ သူတို့တွေကလည်း ဘယ်လိုစာရင်းသွင်းရမယ်ဆိုတာ မသိကြဘူး” ဟု အသက် ၄၀ အရွယ် အမ်မာက ပြောကြားခဲ့သည်။

“ အစိုးရအနေနဲ့ ကျွန်မတို့လိုလူတွေအတွက် စဉ်းစားပေးသင့်ပါတယ်။ ကျွန်မက အိမ်သုံးအိမ်မှာ အိမ်အကူလုပ်နေရတော့နေ့တိုင်း ရောဂါကူးစက်ခံရနိုင်ခြေရှိပါတယ်။ ကာကွယ်ဆေးထိုးနိုင်ဖို့ အမြဲဆုတောင်း နေမိတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရအနေဖြင့် ပြည်သူများအား ကာကွယ်ဆေးထိုးနှံသည့် စင်တာများသို့ လာရောက်ပြီး စာရင်းသွင်းခွင့်ပြုသင့်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ အစိုးရက အသက် ၄၅ နှစ်အထက် အရွယ်များအား စင်တာများသို့ ကာကွယ်ဆေးထိုးနှံရန် လာရောက်စာရင်းသွင်းခွင့်ပြုထားခဲ့ပြီးဖြစ်သည်။

“ လူတွေကို ကာကွယ်ဆေး လာရောက်ထိုးနှံစေမယ့်အစား လူတွေဆီ သွားရောက်ပြီး ကာကွယ်ဆေးထိုးနှံပေးဖို့ အာဏာပိုင်တွေအနေနဲ့ လုပ်ဆောင်သင့်ပါတယ်” ဟု အာသောက တက္ကသိုလ် ရူပါဗေဒနှင့်ဇီဝဗေဒ ပါမောက္ခ ဂူတမ်မီနောက ဆိုသည်။ ဝေးလံခေါင်သီသည့် နေရာများတွင် ကာကွယ်ဆေးထိုးနှံပေးသည့် ရွှေ့လျားဆေးခန်းများ လုပ်ဆောင်သင့်ကြောင်း ၎င်းက အကြံပြုပြောကြားခဲ့သည်။

စမတ်ဖုန်းမပိုင်သည့် မိုဟန်ဒရာ ရှာမန်အတွက် ယင်းပြောင်းလဲမှုများသည် လုံလောက်ဖွယ် ဖြစ်လာနိုင်မည်မဟုတ်ပေ။

“ တစ်အိမ်တစ်ဆင်း ကာကွယ်ဆေးထိုးနှံတဲ့ စနစ်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ စမတ်ဖုန်းမရှိတဲ့ လူတွေအတွက်တော့ သူတို့ ဘာလုပ်နိုင်မှာလဲ” ဟု ဒေလီမြို့ရှိ နွားနို့အရောင်းဆိုင်တွင် အလုပ်လုပ်ကိုင်နေသောအသက် ၂၆ နှစ်အရွယ် ရှာမန်က ပြောကြားခဲ့သည်။

“ ကျွန်တော့် မိသားစုနဲ့ ကျွန်တော်တို့ ကာကွယ်ဆေးမထိုးနှံနိုင်ဘူးဆိုလျှင် သူတို့ တွက်ရော ကျွန်တော့်အတွက်ပါ စိုးရိမ်မိပါတယ်” ဟု ရှာမန်က ဝမ်းနည်းပူဆွေးစွာ ပြောကြားခဲ့သည်။

Ref:AFP

Most Read

Most Recent