ကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်လာသည့် COVID-19 ကပ်ရောဂါအန္တရာယ်

ကူးစက်ပျံ့နှံ့မှု ပြန်လည်မြင့်တက်လာသည့် COVID-19 ကပ်ရောဂါအန္တရာယ်
Published 14 May 2021

မေ ၁၃ ရက်က မြန်မာနိုင်ငံ၌ COVID-19 စစ်ဆေးသူ ၂,၀၁၉  ဦးအနက် ပိုးတွေ့လူနာသစ် ခုနစ်ဦးတွေ့ရှိပြီး သေဆုံးသူတစ်ဦး ထပ်တိုးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့် အချက်အလက်အရ သိရသည်။ မေ ၁၂ ရက်မှ ၁၃ ရက်အတွင်း ဓာတ်ခွဲ နမူနာစုစုပေါင်း ၂,၀၁၉ ခု စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ခုနစ်ဦး တွေ့ရှိရကြောင်း၊ မေ ၁၃ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၅၉၇,၃၇၈ ခု စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၄၃,၀၀၄ ဦး ရှိပြီဖြစ်ကြောင်း၊  ဆေးရုံဆင်းခွင့်ရရှိသူ ငါးဦး ရှိသဖြင့် မေ ၁၃ ရက်အထိ စုစုပေါင်း ၁၃၂,၀၆၉ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ကြောင်းနှင့် COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ မရှိသဖြင့် မေ ၁၃ ရက်အထိ သေဆုံးသူ စုစုပေါင်း ၃,၂၁၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

အိန္ဒိယနိုင်ငံတွင် မေ ၁၃ ရက်က နှစ်ရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄,၀၀၀ ကျော် စံချိန်တင်မြင့်တက်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေမှာ လေးရက်မြောက်နေ့အတွက် ကူးစက်ခံရသူ ၄၀၀,၀၀၀ အောက် ဆက်လက်ရောက်ရှိနေချိန် ကျေးလက်ဒေသများတွင် ဗိုင်းရပ်စ်စစ်ဆေးမှုများ မရှိသောကြောင့် အမှန်တကယ်ကူးစက်ခံရသူများသည် တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုမိုလျော့နည်းနိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့ကြသည်။ ကူးစက်ခံရသူ ထိပ်ဆုံးအထိ ရောက်ရှိနေခြင်း ဟုတ်၊မဟုတ် ကျွမ်းကျင်သူများက သေချာစွာ မသိရှိသေးဘဲ အိန္ဒိယတွင် ကူးစက်မြန်ဗိုင်းရပ်စ်မျိုးကွဲသစ်များ ပျံ့နှံ့နေမှုအပေါ် စိုးရိမ်မှုများ မြင့်တက်နေပြီး ကမ္ဘာတစ်ဝန်းတွင်လည်း ယင်းဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့လျက်ရှိနေသည်။ နေ့အလိုက် ကူးစက်ခံရသူ ဆက်လက် မြင့်တက်နေခြင်းသည် ဆေးရုံများတွင် အခြေအနေ ပိုမိုပြိုလဲနိုင်ခြေ မြင့်တက်လိမ့်မည်ဟု အမေရိကန်နိုင်ငံ မီချီဂန်ပြည်နယ်၏ တက္ကသိုလ်မှ ကူးစက်ရောဂါဆိုင်ရာ ပါမောက္ခ ဘာရာမာ မူခါဂျီက Twitter တွင် ရေးသားဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံတွင် COVID-19 ကပ်ရောဂါ  ဆိုးဆိုးရွားရွား ခံစားနေရသည့်နောက်ထပ် စီရင်စုသုံးခုကို အရေးပေါ်အခြေအနေထုတ်ပြန်သွားမည်ဟု စီးပွားရေးဝန်ကြီး ယာဆူတို ရှီနီရှီမူရာက မေ ၁၄ ရက်၌ ပြောကြားခဲ့ပြီး ယင်းကဲ့သို့ ရုတ်တရက်ထုတ်ပြန်ခဲ့ခြင်းသည် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေသည့်အပေါ် စိုးရိမ်မှုများကြီးထွားနေမှုအပေါ် ထင်ဟပ်ပြလျက်ရှိသည်။ ဟော့ကိုင်းဒိုး၊ အိုကာရာမာနှင့် ဟီရိုရှီးမား စီရင်စုများကို မေ ၃၁ ရက်အထိ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားသည့် တိုကျို၊ အိုဆာကာနှင့်အခြား စီရင်စု လေးခု နှင့်အတူ မေ ၁၆ ရက်၌ ပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းများတာဝန်ခံ နီရှီမာရူက ပြောကြားခဲ့သည်။ အစိုးရက နောက်ထပ် စီရင်စုငါးခုအတွက် တစ်ဝက်တစ်ပျက် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာရန် ပိုမိုဦးတည်ဆောင်ရွက်နေကြောင်း အစောပိုင်းက ပြောကြားခဲ့သည်။ ဂျပန်တွင် တိုကျို အိုလံပစ်ပွဲတော်မကျင်းပမီ သီတင်းပတ် ၁၀ ပတ်အလိုတွင် ပိုမိုကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ပျံ့နှံ့မှုများကြောင့် အရေးပေါ်အခြေအနေကို တိုးမြှင့်ထုတ်ပြန်ခဲ့သည်။

နိုင်ငံ့လူဦးရေ၏ သုံးရာခိုင်နှုန်းသာ ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်သော ဂျပန်နိုင်ငံသည် ချမ်းသာသောနိုင်ငံများအကြားတွင် ကာကွယ်ဆေးထိုးနှံမှုအနှေးဆုံးဖြစ်နေစဉ် ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များသည် ယိုယွင်းတော့မည့်အခြေအနေသို့ ရောက်ရှိနေသည်ဟု ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။ နွေရာသီ အားကစားပွဲတော် မာရသွန် အားကစား ပြိုင်ပွဲကျင်းပရန် စီစဉ်ထားသည့် ဟော့ကိုင်းဒိုးစီရင်စုုတွင် မေ ၁၃ ရက်၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၁၂ ဦး ရှိပြီး တိုကျိုမြို့တော်၌ ယင်းနေ့တွင် ကူးစက်ခံရသူ ၁,၀၁၀ ဦးရှိသည်။ ဂျပန်နိုင်ငံတစ်ဝန်းတွင် ဗိုင်းရပ်စ်အတည်ပြုလူနာပေါင်း ၆၅၆,၀၀၀ ဦးခန့် ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၁၁,၁၆၁ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံအပါအဝင် အာရှနိုင်ငံများစွာတွင် ကူးစက်မြန်ဗိုင်းရပ်စ်မျိုးကွဲသစ်များ ပျံ့နှံ့နေမှုအတူ ဂျပန်နိုင်ငံကဲ့သို့သော ချမ်းသာသည့် နိုင်ငံမျိုးသည်ပင်လျှင် ရုန်းကန်နေရကြောင်း တွေ့ရှိရရာ မြန်မာနိုင်ငံကဲ့သို့ အကျပ်အတည်းပေါင်းစုံ ဆိုက်နေသော နိုင်ငံတစ်နိုင်ငံအဖို့ရာ နူရာဝဲစွဲလဲရာသူခိုးထောင်း အဖြစ်မျိုး မကြုံရစေရန် ကူးစက်ပျံ့နှံမှု ပြန်လည်မြင့်တက်လာသည့် COVID-19 ကပ်ရောဂါအန္တရာယ်အား အထူးဂရုပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၁၅ ရက်နေ့ The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

 

Most Read

Most Recent