ပညာရေးဆိုင်ရာ စိတ်ပညာ

ပညာရေးဆိုင်ရာ စိတ်ပညာ
Published 13 May 2021

ပညာရေးဆိုင်ရာ စိတ်ပညာ ဘာသာရပ်သည် လူသားတို့၏ လေ့လာသင်ယူမှုကို သိပ္ပံနည်းကျ လေ့လာခြင်းနှင့်ဆိုင်သည့် စိတ်ပညာဘာသာခွဲတစ်ရပ် ဖြစ်သည်။ သိမြင် ခြင်းဆိုင်ရာနှင့် အပြုအမူဆိုင်ရာ ရှုထောင့်နှစ်ရပ်စလုံးမှနေ၍ သင်ယူခြင်း လုပ်ငန်းစဉ်များကို လေ့လာခြင်းသည် အသိဉာဏ်၊ အသိအမြင်ဖွံ့ဖြိုးမှု၊ သက်ရောက်မှု၊ စေ့ဆော်မှု၊ မိမိကိုယ်မိမိ ထိန်းချုပ်ကွပ်ကဲမှုနှင့် မိမိဘာသာ သိမြင်လာမှုတို့အပြင် လေ့လာသင်ယူမှု၌ ယင်းအချက်များ၏ အခန်းကဏ္ဍကိုပါ လူတစ်ဦးချင်းစီ၌ ကွဲပြားခြားနားကြောင်း သုတေသနပြုသူများကို နားလည်သဘောပေါက်လာစေသည်။ ပညာရေးဆိုင်ရာ စိတ်ပညာ၏ ဘာသာရပ်နယ်ပယ်သည် ပမာဏတိုင်းတာမှုဆိုင်ရာ နည်းလမ်းများအပေါ်၌ အကြီးအကျယ် တည်မှီနေသည်။ ယင်းတွင် ပို့ချမှုဆိုင်ရာ ဒီဇိုင်း၊ စာသင်ခန်းအတွင်း စီမံခန့်ခွဲမှုနှင့် စစ်ဆေးအကဲဖြတ်မှုတို့နှင့် ပတ်သက်သော ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များ တိုးတက်လာစေရေးအတွက် စမ်းသပ်စစ်ဆေးမှုနှင့် တိုင်းတာမှုများ ပါဝင်သည်။ တို့သည် ဘဝတစ်လျှောက် ပညာရေးဆိုင်ရာ တည်ဆောက်ထားမှုအမျိုးမျိုးအတွင်း သင်ယူရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေသည်။

ပညာရေးဆိုင်ရာ စိတ်ပညာကို တစ်စိတ်တစ်ဒေသအနေဖြင့် ယင်းနှင့် အခြားစည်းမျဉ်းများ ဆက်နွှယ်ချက်မှတစ်ဆင့် နားလည်နိုင်သည်။ ပညာရေးဆိုင်ရာ စိတ်ပညာသည် ဆေးပညာနှင့် ဇီဝဗေဒအကြား ဆက်နွှယ်ချက်နှင့် အလားတူစည်းမျဉ်းများနှင့် ပတ်သက်နေသော စိတ်ပညာဘာသာရပ်ကို အခြေခံထားခြင်း ဖြစ်သည်။ ယင်းသည် အာရုံကြောဆိုင်ရာ သိပ္ပံပညာမှလည်း အချက်အလက် ရရှိသည်။ ပညာရေးဆိုင်ရာ စိတ်ပညာသည် အပြန်အလှန်အနေဖြင့် အထူးပြုကဏ္ဍများစွာကို အချက်အလက်များပေးသည်။ ယင်း၌ ပို့ချရေးဒီဇိုင်း၊ ပညာရေးဆိုင်ရာနည်းပညာ၊ သင်ရိုးဖွံ့ဖြိုးမှု၊ အဖွဲ့အစည်းဆိုင်ရာ သင်ယူမှု၊ အထူးပညာရေးကဏ္ဍ၊ စာသင်ခန်းတွင်း စီမံခန့်ခွဲမှုနှင့် ကျောင်းသားများကို စေ့ဆော်မှုတို့ အပါအဝင် ပညာရေးဆိုင်ရာ လေ့လာချက်များစွာနှင့် ပတ်သက်သည်။ ပညာရေးဆိုင်ရာ စိတ်ပညာသည် သိမြင်မှုဆိုင်ရာ သိပ္ပံပညာနှင့် သင်ယူမှုဆိုင်ရာ သိပ္ပံပညာ နှစ်ရပ်စလုံးမှ နေ၍ အချက်အလက်များ ရယူသကဲ့သို့ ယင်းပညာနှစ်ရပ်စလုံးအား အချက်အလက်များ ပြန်လည်ဖြန့်ဝေပေးသည်။ တက္ကသိုလ်များတွင် သင်ကြားရေးဆိုင်ရာ စိတ်ပညာဌာနများကို ပညာရေးဆိုင်ရာ ဌာနကြီးများအတွင်း၌ ထည့်သွင်းထားသည်။

ပညာရေးဆိုင်ရာ စိတ်ပညာနယ်ပယ်၌ လူသားများတွင် သင်ယူခြင်းဆိုင်ရာ လုပ်ငန်းစဉ်အတွက် မဟာဗျူဟာအသစ်များ ရေးဆွဲရန် မှတ်ဉာဏ်၊ စိတ်ကူးထုတ်ယူခြင်း လုပ်ငန်းစဉ်နှင့် (အသိအမြင်ဆိုင်ရာ စိတ်ပညာမှတစ်ဆင့်) တစ်ဦးနှင့် တစ်ဦး ကွဲပြားခြားနားမှုတို့ကို လေ့လာမှုများ ပါဝင်သည်။ ပညာရေးဆိုင်ရာ စိတ်ပညာသည် လွန်ခဲ့သည့်နှစ် ၂၀ အတွင်း ပရော်ဖက်ရှင်နယ်တစ်ခုအဖြစ် အလျင်အမြန် ဖွံ့ဖြိုးကြီးထွားခဲ့သည်။ ၂၀ ရာစု အစောပိုင်းကာလအတွင်း စာသင်ခန်းအတွင်း ပုံမှန်သင်ရိုးကို မလိုက်နိုင်သည့် အထူးပညာရေး လိုအပ်သော ကျောင်းသားများအတွက် ရည်ရွယ်ကာ ကျောင်းတွင်း စိတ်ပညာသည် အသိဉာဏ် စမ်းသပ်မှုဆိုင်ရာ သဘောတရားများနှင့်အတူ စတင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျောင်းတွင်း စိတ်ပညာသက်သက်သည် ကွဲပြားခြားနားသော နယ်ပယ်များစွာအကြား များစွာသော စိတ်ပညာရှင်တို့၏ သဘောတရားများနှင့် ကျင့်ထုံးများအပေါ် အခြေခံလျက် ပရော်ဖက်ရှင်နယ်အသစ်အဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။ ပညာရေးဆိုင်ရာ စိတ်ပညာရှင်များသည် စိတ်ရောဂါကုဆရာဝန်များ၊ လူမှုဝန်ထမ်းများ၊ ကျောင်းဆရာများ၊ စကားပြောခြင်းနှင့် ဘာသာဗေဒဆိုင်ရာ ကုထုံးရှင်များနှင့် နှစ်သိမ့်ဆွေးနွေး အကြံပေးသူများတို့နှင့်အတူ စာသင်ခန်းအတွင်း အပြုအမူဆိုင်ရာ၊ သိမြင်မှုဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ စိတ်ပညာနှင့်ပတ်သက်၍ ပေါ်ထွက်လာသော မေးခွန်းများကို နားလည်နိုင်ရန် ကြိုးပမ်းကြရသည်။

မည်သို့ပင်ဆိုစေကာမူ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ပညာရေးဆိုင်ရာ စိတ်ပညာ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါသည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၁၄ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent