မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် အချိန်မဆိုင်းဘဲ ဆက်လက် လုပ်ဆောင်ရန် ကုလသမဂ္ဂ တိုက်တွန်း

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် အချိန်မဆိုင်းဘဲ ဆက်လက် လုပ်ဆောင်ရန် ကုလသမဂ္ဂ တိုက်တွန်း
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာရှိ အာဆီယံဌာနချုပ်တွင် ဧပြီ ၂၄ ရက်က မြန်မာ့အရေး အာဆီယံခေါင်းဆောင်များ အထူးအစည်းအဝေး ပြုလုပ်စဉ် (Photo: AFP)
Published 13 May 2021

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံအနေဖြင့် အချိန်မဆိုင်းဘဲ ဆက်လက် လုပ်ဆောင်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောကြားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက မေ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံတွင် အရပ်သားများ သေဆုံးခြင်း၊ ဖမ်းဆီးခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်ခဲ့ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာတပ်မတော်အနေဖြင့် ပြည်သူများ၏ဆန္ဒကို လေးစားရန်နှင့် နိုင်ငံ၏ အေးချမ်းတည်ငြိမ်ရေးကို အလေးထား၍ ဆောင်ရွက်ရန် ၎င်းက ထပ်မံ တိုက်တွန်းခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အာဆီယံအနေဖြင့် ၎င်းတို့ ဆောင်ရွက်နေသည့်ကိစ္စများအား အချိန်မဆိုင်းဘဲ ဆက်လက် လုပ်ဆောင်ရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း ဒေသတွင်းအဆင့် ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးကူညီပေးရန် အထွေထွေအတွင်းရေးမှူးချုပ်က တိုက်တွန်းအားပေးကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် တိုးပွားလာသော လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များကို တုံ့ပြန် ဖြည့်ဆည်းပေးကြရန်လည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က တိုက်တွန်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Christine Schraner Burgener သည် ယခုအချိန်တွင် အာဆီယံဒေသသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံ အကျပ်အတည်းကြောင့် ပိုမိုကျယ်ပြန့်သော ရိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သဖြင့် အဓိကကျသည့် အကျိုးဆက်စပ်သက်ဆိုင်သူ အမျိုးမျိုးနှင့် အားသွန်ခွန်စိုက် ဆွေးနွေးညှိနှိုင်းနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအနေဖြင့် နိုင်ငံတကာ လုပ်ဆောင်မှုများ အချိတ်အဆက်မိမိ ဖြစ်စေရေး ဆက်လက်အားပေး ဆောင်ရွက်နေသည်ဟုလည်း  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံး၏ မေ ၁၂ ရက် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်သွားမည်ဟု Stéphane Dujarric က ဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီ ၂၄ ရက်က ဂျကာတာတွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေး၌ ဘုံသဘောတူညီချက် ငါးချက်ကို ရရှိခဲ့သည်။ ယင်းနောက် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ လာရောက် လေ့လာရန် လာမည့် သီတင်းပတ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း တောင်ကိုရီးယားသတင်းဌာန Arirang က ဆိုသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်အနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်းကိုလည်း အာဆီယံအဖွဲ့က ပြောကြားထားသည် ဟု အဆိုပါသတင်းတွင် ဖော်ပြထားသည်။

Most Read

Most Recent