FDA က သောက်ရေသန့်နှင့် အစားအသောက်လုပ်ငန်းများအတွက် ဓာတ်ခွဲစစ်ဆေးခြင်းကို တတိယအကြိမ်အထိသာ ခွင့်ပြုထားပြီး သက်တမ်းတိုးနောက်ကျခြင်းအား ထောက်ခံချက်သက်တမ်း တစ်ကြိမ်အထိသာခွင့်ပြုထား

FDA က သောက်ရေသန့်နှင့် အစားအသောက်လုပ်ငန်းများအတွက် ဓာတ်ခွဲစစ်ဆေးခြင်းကို တတိယအကြိမ်အထိသာ ခွင့်ပြုထားပြီး သက်တမ်းတိုးနောက်ကျခြင်းအား ထောက်ခံချက်သက်တမ်း တစ်ကြိမ်အထိသာခွင့်ပြုထား
Published 6 May 2021

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က သောက်ရေသန့်နှင့် အစားအသောက်လုပ်ငန်းများအတွက် ဓာတ်ခွဲစစ်ဆေးခြင်းကို တတိယအကြိမ်အထိသာ ခွင့်ပြုထားပြီး သက်တမ်းတိုးနောက်ကျခြင်းကို ထောက်ခံချက်သက်တမ်းတစ်ကြိမ် အထိသာ ခွင့်ပြုထားကြောင်း သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အစားအသောက်နှင့် ဆေးဝါးဆိုင်ရာ ကိစ္စရပ်များအပြင် အလှကုန်၊ လူသုံးကုန်ကဲ့သို့ ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ ဆေးပစ္စည်းများ၏ အရည်အသွေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် လမ်းဘေးစျေးသည်များ ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေး အသိပညာပေး သင်တန်းများကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်လျက်ရှိကြောင်းနှင့်  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ အစားအသောက်နှင့် အဏုဇီဝဓာတ်ခွဲခန်းသည် ၂၀၁၉ ခုနှစ် မေတွင် ISO လက်မှတ်ရရှိခဲ့ပြီး စျေးကွက် ထောက်လှမ်းစောင့်ကြည့်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းအနေဖြင့် ဆေးပစ္စည်း နမူနာ ၃၄၇ မျိုး၊ အလှကုန် ၁၂၄၁ မျိုး၊ ဆေးဝါး ၁၆၇၇ မျိုးနှင့် အစားအသောက် ၁၄၄၄၄ မျိုး တို့ကို စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။

အစားအသောက် ဘေးအန္တရာယ်နှင့် ကုန်သွယ်မှု လျင်မြန်လွယ်ကူချောမွေ့စေရေး အထောက်အကူဖြစ်စေသော Electronic Submission စနစ်ကို FDA က စတင်ကျင့်သုံးနိုင်ရန် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ သွင်းကုန်ထုတ်ကုန်ဌာနစိတ်အနေဖြင့် သွင်းကုန်ထောက်ခံချက်၊ သွင်းကုန်ကျန်းမာရေးထောက်ခံချက်၊ ပို့ကုန် ကျန်းမာရေးထောက်ခံချက်များ ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှစ၍ စားသောက်ကုန်အတွက် သွင်းကုန်၊ ပို့ကုန်ဆိုင်ရာ စစ်ဆေးစိစစ်ခြင်း၊ လုပ်ထုံးလုပ်နည်း SOP အသစ်ဖြင့် ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် သွင်းကုန်ထောက်ခံချက်၊ ပို့ကုန်ထောက်ခံချက်အတွက် ဖြေလျှော့ချက်များ ဆောင်ရွက်ထားပြီး ၎င်းတို့မှာ တင်သွင်းလိုသည့် စားသောက်ကုန်များအတွက် နမူနာ ရယူခြင်းနှင့် ဓာတ်ခွဲစစ်ဆေးမှုမပြုလုပ်ခြင်း၊ ထုတ်လုပ်သူတစ်ဦးတည်း၏ ကုန်ပစ္စည်းတူ အမှတ်တံဆိပ်တူ စားသောက်ကုန်ကို ထုပ်ပိုးပုံကွဲပြားမှုများအတွက် ခွဲခြားသတ်မှတ်စိ စစ်ခြင်း မပြုတော့ဘဲ တစ်ခုတည်းအဖြစ်သာ ဖြေလျှော့ပေးခြင်း၊ စိစစ်ခတစ်မျိုးတည်းသာ ပေးသွင်းရန်လိုအပ်ခြင်း၊ သွင်းကုန်ထောက်ခံချက်သက်တမ်းကို နှစ်နှစ်မှ သုံးနှစ်သို့ တိုးမြှင့် သတ်မှတ်ခြင်း၊ တင်ပြသောစာရွက်စာတမ်းများ ပြည့်စုံမှန်ကန်ပါက အလုပ်လုပ်ရက် ၁၀ ရက်အတွင်း ထောက်ခံချက်ထုတ်ပေးခြင်း၊ ပို့ကုန်ထောက်ခံချက်လျှောက်ထားခြင်းကို ကင်းလွတ်ခွင့်ပြုခြင်းတို့ဖြစ်သည်။

သွင်းကုန်ကျန်းမာရေးထောက်ခံချက်၊ ပို့ကုန်ကျန်းမာရေးထောက်ခံချက် ဖြေလျှော့ချက်များအနက် စိစစ်ခနှင့် ဓာတ်ခွဲစစ်ဆေးခ နှစ်မျိုးကို စားသောက်ကုန်အားလုံးအတွက် ပုံသေနှုန်းထားဖြင့် ကောက်ခံခြင်း၊ ထောက်ခံချက် ထုတ်ပေးခြင်းကို ကြိုတင်ထုတ်ပေးခြင်းနှင့် စိစစ်ထုတ်ပေးခြင်းဟူ၍ နည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်ပေးခြင်း၊ ကြိုတင်ထုတ်ပေးခြင်း-IHC အတွက် အလုပ်လုပ်ရက် ခုနစ်ရက် /EHC အတွက် အလုပ်လုပ်ရက် ငါးရက်၊ စိစစ်ထုတ်ပေးခြင်း အလုပ်လုပ်ရက် ၂၁ ရက် စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent