အကြောက်တရားကို အစားထိုးခြင်း

အကြောက်တရားကို အစားထိုးခြင်း
Published 5 May 2021

နိုင်ငံရေးဆိုင်ရာ သို့မဟုတ် လုပ်ငန်းခွင်ဆိုင်ရာ ရည်မှန်းချက်များ ရရှိရန်အတွက် အထွေထွေ လူအုပ်စုအတွင်းသို့ စိတ်ခံစားမှုဆိုင်ရာ ဘက်လိုက်မှုများမှတစ်ဆင့် အကြောက်တရားများရိုက်သွင်းသည့် သဘောတရားကို အကြောက်တရားဓလေ့ (Culture of Fear) ဟုခေါ်သည်။ ယင်းသဘောတရားကို လူမှုဗေဒဆိုင်ရာ မူဘောင်တစ်ရပ်အဖြစ် ဖရန့်ဖူရေဒီဆိုသူက ဖွံ့ဖြိုးစေခဲ့ပြီးနောက် အမေရိကန်လူမှုဗေဒပညာရှင် ဘယ်ရီဂလက်စနာကြောင့် မကြာသေးမီက ပိုမိုလူသိများ ထင်ရှားလာခဲ့ခြင်းဖြစ်သည်။ နာဇီခေါင်းဆောင် ဟာမန်းဂိုရင်းက စစ်ကို ဆန့်ကျင်နေသူများအား စစ်ကိုထောက်ခံလာအောင် အကြောက်တရားရိုက်သွင်းနိုင်ပုံကို ရှင်းပြခဲ့ဖူးသည်။ သူက “လူတွေက စစ်ကိုမလိုလားဘူး။ ဒါပေမဲ့ ခေါင်းဆောင်တွေကို နာခံလာအောင် သူတို့ကို ဘယ်အချိန်မဆို လုပ်နိုင်ပါတယ်။ ဒါက လွယ်ပါတယ်။ ခင်ဗျားတို့လုပ်ရမှာက သူတို့ တိုက်ခိုက်ခံရလိမ့်မယ်၊ မျိုးချစ်စိတ်မရှိတဲ့အတွက် နိုင်ငံကို အန္တရာယ်တွေ့စေတဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသူတွေကို ရှုတ်ချလိုက်ပါလို့ ပြောရုံပါပဲ။ ဘယ်နိုင်ငံမှာမဆို ဒါက အလုပ်ဖြစ်ပါတယ်” ဟု ပြောခဲ့ဖူးသည်။

State and Opposition in Military စာအုပ်တွင် မာရီယာဟယ်လင်နာမိုရေရာ အဲဗက်စ်က ၁၉၆၄ ခုနှစ်မှစ၍ နိုင်ငံရေးအရ ဖိနှိပ်မှုတစ်စိတ်တစ်ဒေသအဖြစ် အကြောက်တရားဓလေ့ကို အကောင်အထည်ဖော်ခဲ့ပုံအား ဖော်ပြခဲ့သည်။ ဘရာဇီးအမျိုးသား လုံခြုံရေးတပ်များက နိုင်ငံရေး၌ ပါဝင်သူများအနေဖြင့် ဖမ်းဆီးကာ နှိပ်စက်ညှဉ်းပန်းခံရမည့် အန္တရာယ်ရှိကြောင်း ပြသရန် အားထုတ်ခဲ့မှုအား Culture of Fear ဟု ဖော်ပြခဲ့သည်။ အတိုက်အခံများကို ဟန့်တားရန်အတွက် အကြောက်တရားဓလေ့ကို အားကောင်းအောင် ပြုလုပ်ခြင်းဖြင့် နိုင်ငံရေးအား ထိန်းချုပ်နိုင်ခွင့်ကို ကြီးထွားစေသည်။ အဲဗက်စ်က ဘရာဇီးတွင် အကြောက်တရားဓလေ့ကို ထူထောင်ရန်အတွက် စီးပွားရေးအရနှိပ်ကွပ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာအရဖိနှိပ်ခြင်း၊ နိုင်ငံရေးအရထိန်းချုပ်ခြင်းနှင့် တင်းကျပ်သော ဆင်ဆာဖြတ်မှုပြု လုပ်ခြင်းတို့ စတင်ပြုလုပ်သည့်အချိန်၌ ၁၉၆၉ ခုနှစ်၏ အမျိုးသားလုံခြုံရေးဥပဒေ ပြောင်းလဲသွားပုံများကို ရှာဖွေတွေ့ရှိခဲ့သည်။ အကြောက်တရားဓလေ့တွင် ပါဝင်သည့် စိတ်ပိုင်းဆိုင်ရာ အကြောင်းအရာသုံးရပ်မှာ ဆင်ဆာမှတစ်ဆင့် တိတ်ဆိတ်သွားအောင်ပြုလုပ်ခြင်း၊ အထီးကျန်ခံစားမှုရရှိအောင် ဖယ်ကြဉ်မှုပြုလုပ်ခြင်းနှင့် အတိုက်အခံအားလုံး ဖမ်းဆီးထိန်းသိမ်းခံရမည်ဟူသည့် ယုံကြည်မှုကို လူထုအတွင်းသို့ ရိုက်သွင်းခြင်းတို့ဖြစ်သည်။ လုံးဝမျှော်လင့်ချက်မဲ့နေသော ခံစားမှုမျိုးရရှိအောင်ပြုလုပ်ပြီး အတိုက်အခံ လုပ်ဆောင်ချက်များမှနေ၍ ဆုတ်ခွာသွားစေသည်။

Spiked မဂ္ဂဇင်း ပင်တိုင်စာရေးဆရာနှင့် လူမှုဗေဒပါမောက္ခဟောင်း ဖရန့်ဖူရေဒီက ယနေ့ခေတ် အကြောက်တရားဓလေ့သည် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ ပြိုကျခြင်းနှင့် စတင်ခဲ့ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့သည်။ သူက လူထုသည် ၉/၁၁ တိုက်ခိုက်ခံရမှု မတိုင်မီကတည်းက ဗီဇပြုပြင်ထားသော အသီးအနှံများမှသည် မိုဘိုင်းဖုန်းများအထိ၊ ကမ္ဘာကြီးပူနွေးမှုမှသည် ခွာနာလျှာနာရောဂါအထိ အရာရာတိုင်းကို ကြောက်လန့်နေကြကြောင်း ပြောကြားခဲ့သည်။ ဖူရေဒီက “ကျွန်တော်တို့အနေနဲ့ အနာဂတ်အတွက် ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောက်တရားတွေအစား ရနိုင်သမျှ အထောက်အထားအားလုံးကို ကျိုးကြောင်းဆီလျော်စွာ အကဲဖြတ်ခြင်းအပေါ် အခြေခံတဲ့ ၉/၁၁ ခေတ်လွန် ကမ္ဘာနဲ့ပတ်သက်ပြီး ရင့်ကျက်တဲ့ ဆွေးနွေးမှုတစ်ရပ် လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဗြိတိသျှပညာရှင်များဖြစ်ကြသော ဂါဘေးမီသန်နှင့် ဆန်ဒရာဝေါ့လိတ်တို့က နယူးယောက်၊ ပင်တဂွန်၊ မက်ဒရစ်နှင့် လန်ဒန်တို့၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် အစိုးရအေဂျင်စီများအနေဖြင့် အကြောက်တရားနှင့် မရေရာမှုတည်းဟူသည့် ဓလေ့ဆိုင်ရာ အနေအထားတစ်ရပ်တွင် အကြမ်းဖက်မှုပုံစံအသစ်တစ်ရပ်၏ လမ်းကြောင်းကို ဖွံ့ဖြိုးစေခဲ့သည်ဟု အခိုင်အမာပြောကြားခဲ့သည်။ ယင်းဖြစ်စဉ်များသည် ပြည်သူ့လုံခြုံရေးဆိုင်ရာ သတိပြုရမှုများကို ချုံ့ပစ်လိုက်ပြီး လူဖြူမဟုတ်သည့် အခြားသူများဖြစ်ပါက အကြမ်းဖက်သမားဖြစ်နိုင်သည်ဟူသော မြင်လွယ်သော ပုံရိပ်တစ်ရပ်ကိုဖန်တီးကာ ဗြိတိန်ရှိ တိုင်းရင်းသားလူနည်းစုအုပ်စုများအတွက် မကောင်းသောအကျိုးဆက်များ ဖြစ်စေသည်ဟု ဗြိတိသျှသုတေသနပညာရှင်များက အခိုင်အမာ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် လူထုသည် ခေတ်အဆက်ဆက် အကြောက်တရားများဖြင့် ကာလကြာရှည်စွာ နေထိုင်ခဲ့ရပြီး လူလူချင်းရိုက်သွင်းသည့် အကြောက်တရား (Artificial Fear) ကိုသာမက COVID-19 ကဲ့သို့သော သဘာဝကပေးသည့် အကြောက်တရား (Natural Fear) တို့ကိုပါ ခါးစည်းခံနေရသည်။ ဘက်အသီးသီးအနေဖြင့် ဒီမိုကရေစီကို အမှန်တကယ် လိုလားသည်ဆိုပါက အကြောက်တရားများဖြင့် ခြိမ်းခြောက်ခြင်း၊ သူတစ်ပါး၏ အကြောက်တရားကို မိမိရည်မှန်းချက်အတွက် အသုံးချခြင်းတို့ မပြုအပ်ပေ။ ထို့ကြောင့် သာယာဝပြောသည့် လူ့အဖွဲ့အစည်းတစ်ရပ်ကို ရှေးရှုရန်အတွက် အကြောက်တရား ဓလေ့နေရာတွင် ကျိုးကြောင်းဆီလျော်စွာ အကဲဖြတ်တတ်သည့်ဓလေ့နှင့် အပြုသဘောဆောင်စွာ ဆွေးနွေးတတ်ခြင်းဓလေ့တို့ကို အစားထိုးရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေလ ၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent