■ ကလပ်အသင်း၏ ဘုတ်အဖွဲ့ထဲတွင် ပရိသတ်ကို ကိုယ်စားပြုသူများ ပါဝင်နိုင်ရန်အတွက် မန်ယူနှင့် လီဗာပူးလ်ပရိသတ်များ ကြိုးပမ်းနေ

■ ကလပ်အသင်း၏ ဘုတ်အဖွဲ့ထဲတွင် ပရိသတ်ကို ကိုယ်စားပြုသူများ ပါဝင်နိုင်ရန်အတွက် မန်ယူနှင့် လီဗာပူးလ်ပရိသတ်များ ကြိုးပမ်းနေ
Published 5 May 2021

မန်ယူအသင်းနှင့် လီဗာပူးလ်အသင်းပရိသတ်များသည် ၎င်းတို့၏ ကလပ်အသင်းဘုတ်အဖွဲ့ထဲတွင် ပရိသတ်များကိုကိုယ်စားပြုသည့် ပုဂ္ဂိုလ်များပါဝင်နိုင်ရေးအတွက် ပူးပေါင်းကြိုးပမ်းလျက်ရှိနေကြကြောင်း သိရှိရသည်။

ယခုအခါ လီဗာပူးလ်ပရိသတ်များသည် အသင်း၏အမှုဆောင်ချုပ်ဖြစ်သူ ဘီလီဟိုဂန်နှင့် ယင်းကိစ္စအတွက် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေပြီး ယခုရက်သတ္တပတ်အတွင်း ယင်းတွေ့ဆုံမှု ဖြစ်ပေါ်လာဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်းက ဖြစ်ပွားခဲ့သော ဥရောပစူပါလိဂ်ပြိုင်ပွဲဂယက်နောက်ပိုင်း မန်ယူနှင့် လီဗာပူးလ်ပရိသတ်များအနေဖြင့် အသင်းအပေါ် ဘုတ်အဖွဲ့ဝင်များ၏ လွှမ်းမိုးမှုကိုလျှော့ချရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

အထူးသဖြင့် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များပိုင်ဆိုင်သော ယင်းအသင်း (၂)သင်းကို အမေရိကန်ပုံစံအတိုင်း အသင်းပိုင်ရှင်များက လွှမ်းမိုးချုပ်ကိုင်မှုအား ပရိသတ်များက သဘောမကျဖြစ်နေခြင်းဖြစ်သည်။

အင်္ဂလန်အမှတ်ပေးပြိုင်ပွဲ၏ အအောင်မြင်ဆုံး အင်္ဂလိပ်ကလပ်အသင်း (၂)သင်းအား အမေရိကန်တို့ လွှမ်းမိုးခြယ်လှယ်နေခြင်းကို ယခုအချိန်တွင်တွန်းလှန်ရန် အကောင်းဆုံးအချိန်ဖြစ်သည်ဟု မန်ယူနှင့် လီဗာပူးလ်ပရိသတ်များက ယူဆနေခြင်းလည်းဖြစ်သည်။

ဗြိတိန်အစိုးရ၏ အကြံပေးပုဂ္ဂိုလ်ဟောင်းတစ်ဦးဖြစ်သူ ဘာရွန်အိုနေးလ်ကလည်း ယခုအချိန်မှာ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုက အသင်းအားရောင်းချရန် မန်ယူပရိသတ်များ အကောင်းဆုံးဖိအားပေးနိုင်သည့်အချိန်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

မန်ယူအသင်း၏ပရိသတ်တစ်ဦးလည်းဖြစ်သူ ဘာရွန်အိုနေးလ်သည် ၂၀၁၀ ခုနှစ်အတွင်းက ဂလေဇာမိသားစုကို မန်ယူအသင်းမှ ထွက်ခွာရန်အတွက် ကြိုးပမ်းခဲ့သော Red Knights အကျိုးတူစီးပွားရေးအဖွဲ့၌ ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

ပရိသတ်များ၏ ဝေဖန်ရှုတ်ချမှုနှင့်အတူ ပြိုလဲခဲ့သော ဥရောပစူပါလိဂ်ပြိုင်ပွဲအား ပြင်းပြင်းထန်ထန်ဝေဖန်ပြစ်တင်ခဲ့သူများထဲတွင် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်လည်းပါဝင်ခဲ့ရာ ယခုအခါပရိသတ်များသည် အင်္ဂလန်ဘောလုံးလောက၌ အမေရိကန်တို့၏လွှမ်းမိုးမှုလျှော့ချရေးအတွက် ဝန်ကြီးချုပ်ထံမှ အကူအညီရယူသွားရန်လည်း  ဆန္ဒရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်က မန်ယူအသင်းအားပေးသူများအဖွဲ့အစည်းဖြစ်သော Manchester United Supporters' Trust ၏အမှုဆောင်ချုပ်ဖြစ်သူ ဒန်ကန်ဒရက်စဒိုနှင့် အခြားမန်ယူပရိသတ်တစ်ဦးသည် ဘောရစ်ဂျွန်ဆင်နှင့်တွေ့ဆုံခဲ့ပြီး ယင်းအကြောင်းအရာအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘောရစ်ဂျွန်ဆင်သည် ဥရောပစူပါလိဂ်ပြိုင်ပွဲဖြစ်ပေါ်လာရန် ကြိုးပမ်းမှုအား ဥပဒေကြောင်းအရ ရင်ဆိုင်တုံ့ပြန်သွားမည်ဟု ပြောဆိုခဲ့ဖူးသူဖြစ်ပြီး ယခုကိစ္စတွင်လည်း ပရိသတ်များ ဆန္ဒရှိသည့်အတိုင်း အစိုးရက ဖိအားပေးသွားဖွယ်ရှိကြောင်း သိရှိရသည်။

ဗြိတိန်အားကစားဝန်ကြီးဟောင်းတစ်ဦးဖြစ်သူ ထရေစီခရော့ချ်က အင်္ဂလန်ဘောလုံးကလပ်အသင်းများ၌ ပရိသတ်များ၏ လွှမ်းမိုးမှုအခန်းကဏ္ဍ ပိုမိုမြင့်မားလာအောင်ပြုလုပ်ရမည်ဟု ပြောဆိုထားပြီး ယင်းကိစ္စကို အောင်မြင်စေရန် ဦးဆောင်ကြိုးပမ်းလျက်ရှိနေသည်။

Most Read

Most Recent