အကျပ်အတည်းကို စီမံခြင်း

အကျပ်အတည်းကို စီမံခြင်း
Published 4 May 2021

အထူးသဖြင့် ယခုကဲ့သို့သော COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေသည့်ကာလတွင် ကမ္ဘာပေါ်ရှိ အဖွဲ့အစည်းအသီးသီး၊ ကုမ္ပဏီအသီးသီးတို့အနေဖြင့် အကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းနေရသည့် သတင်းများအား နေ့စဉ်နှင့်အမျှ တွေ့မြင်နေရသည်။ အကျပ်အတည်းတစ်ရပ်သည် မည်သည့်အဖွဲ့အစည်း/ ကုမ္ပဏီကိုမဆို မည်သည့်နေရာ၌မဆို အချိန်မရွေး ရိုက်ခတ်လာနိုင်သည်။ အဖွဲ့အစည်း/ ကုမ္ပဏီအရွယ်အစားနှင့် မဆိုင်ဘဲ အဖွဲ့အစည်း/ကုမ္ပဏီတိုင်းအနေဖြင့် ကျင့်သုံးသင့်သော အကျပ်အတည်းစီမံမှု၏ အရေးကြီးသော အဆင့် ခုနစ်ဆင့်ရှိသည်။ ၎င်းတို့မှာ ...

(၁)  အစီအစဉ်တစ်ခု ရှိထားခြင်း - မည်သည့်အစီအစဉ်မဆို ရှင်းလင်းပြတ်သားသော ရည်ရွယ်ချက်များဖြင့် စတင်ရမည်။ အကျပ်အတည်းအတွင်း ရည်ရွယ်ချက်များသည် အကျပ်အတည်းက ဒုက္ခပေးနိုင်သော လူတိုင်း (ဝန်ထမ်း သို့မဟုတ် လူထု) ကို အကာအကွယ်ပေးရေး ဖြစ်သည်။ ယင်း၌ အဓိကအရေးပါသူများကို စဉ်ဆက်မပြတ် သတင်းအချက်အလက်များပေးရန်သည် အဓိကကျသကဲ့သို့ အဖွဲ့အစည်း ဆက်လက်ရှင်သန်ရေးသည်လည်း အလွန်အရေးကြီးသည်။ အကျပ်အတည်း ကျရောက်ချိန်၌ အထူးပြုလုပ်ဆောင်ရမည့် လုပ်ရပ်များအပါအဝင် စနစ်တကျရေးသားထားသည့် အစီအစဉ်တစ်ရပ် ရှိရမည်ဖြစ်သည်။

(၂) ပြောရေးဆိုခွင့်ရှိသူ သတ်မှတ်ခြင်း - အကျပ်အတည်းသည် အများနှင့်ဆိုင်ပါက မီဒီယာများ၏ အာရုံစိုက်မှု ခံရနိုင်သည်။ အဖွဲ့အစည်း/ ကုမ္ပဏီတစ်ခုအနေဖြင့် တူညီသော အသံတစ်သံတည်း ထွက်ရန်နှင့် ရှင်းလင်းခိုင်မာသည့် အချက်အလက်ကိုပေးရန် အရေးကြီးသည်။ ထို့ကြောင့် မီဒီယာမေးခွန်းများကို ဖြေဆိုရန်နှင့် တွေ့ဆုံမေးမြန်း ခန်းများ၌ ပါဝင်ရန် ပြောရေးဆိုခွင့်ရှိသူ သတ်မှတ်ထားရမည်ဖြစ်သည်။

(၃) ရိုးသား၍ ပွင့်လင်းမှုရှိခြင်း - ရိုးသားမှုနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းထက် ပိုမိုဆိုးရွားသော မီဒီယာများ မကောင်းဖော်ပြခံရခြင်းမျိုး မရှိပေ။ ထို့ကြောင့် ကောလာဟလများ အဆုံးသတ်သွားစေရန် ဖြစ်နိုင်သမျှ ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်သည်။ ပွင့်လင်းမြင်သာမှုကို သတင်းအင်တာဗျူးများ၊ လူမှုမီဒီယာများ၊ ထုတ်ပြန်ချက်များ အစရှိသော လမ်းကြောင်းများမှတစ်ဆင့် ချပြရမည်ဖြစ်သည်။

(၄) ဝန်ထမ်းများကို အဆက်မပြတ် အသိပေးခြင်း - လုပ်ငန်းခွင်၌ အဆက်မပြတ်အသိပေးခြင်းသည် လုပ်ငန်းများကို ဖြစ်နိုင်သမျှ လွယ်ကူချောမွေ့စွာ ဆက်လက်စီးဆင်းနိုင်စေရေးအတွက် အထောက်အကူပြုသည်။ ယင်းသည် ဝန်ထမ်းများအနေဖြင့် သတင်းမှားများ လူမှုမီဒီယာ၌ တင်ခြင်းဆီသို့  ဦးတည်သွားစေနိုင်သည့် အဖွဲ့အစည်း/ကုမ္ပဏီတွင်း ကောလာဟလများကိုလည်း လျှော့ချပေးနိုင်သည်။

(၅) ဖောက်သည်များ၊ ထောက်ပံ့သူများနှင့် အဆက်အသွယ် မပြတ်ခြင်း - မီဒီယာများမှ တစ်ဆင့် မိမိတို့၏ အကျပ်အတည်းကို ဖောက်သည်များ၊ ထောက်ပံ့သူများ သိရှိသွားမည်ကို လိုလားကြမည်မဟုတ်ပါ။ ထို့ကြောင့် မိမိတို့အနေဖြင့် ယင်းအကျပ်အတည်းကို ၎င်းတို့အား မိမိတို့ကိုယ်တိုင်သာ ပထမဆုံး အသိပေးသင့်သည်။

(၆) အစောဆုံးနှင့် မကြာခဏ နောက်ဆုံးအချက်အလက်များ ပေးခြင်း - ကောလာဟလများအတွက် နေရာမရှိအောင် အစောဆုံးနှင့် မကြာခဏ နောက်ဆုံးအချက်အလက်များပေးရန် လိုအပ်သည်။ အခြေအနေအကျဉ်းချုပ်များ၊ နောက်ဆုံး အရေးယူ ဆောင်ရွက်မှု အစီအစဉ်များနှင့် ဖြစ်ပေါ်တိုးတက်မှု အသစ်များကို ဖြစ်နိုင်သမျှ အစောဆုံးနှင့် ကြိမ်ဖန်များစွာ ထုတ်ပြန်ပေးရန် လိုသည်။

(၇) လူမှုမီဒီယာများကို မေ့မထားခြင်း - မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် အကျပ်အတည်းများကို ကြည့်လိုက်လျှင်ပင် လူမှုမီဒီယာများသည် အရေးအကြီးဆုံး ဆက်သွယ်ရေး လမ်းကြောင်းတစ်ရပ်ဖြစ်သည်ကို တွေ့မြင်နိုင်သည်။ စောင့်ကြည့်ရန်နှင့် ပို့စ်များ တင်ရန် လူမှုမီဒီယာအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားရမည်ဖြစ်ပြီး အကျပ်အတည်းကာလ တစ်လျှောက်လုံး လူမှုမီဒီယာလှုပ်ရှားမှုများကို တုံ့ပြန်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေ၊ အချိန်မရွေး နေရာမရွေး ကျရောက်လာနိုင်သည့် အကျပ်အတည်းများမှာ ရှောင်လွှဲရန် ခက်ခဲသောကြောင့် စနစ်တကျ တုံ့ပြန်ဖြေရှင်း ကျော်လွှားရန်သာ လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မတ်လ ၅ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent