စူပါလိဂ်တွင် ပါဝင်သည့် ၁၂ သင်းအနေဖြင့် အကျိုးဆက်များ ခံစားရမည်ဟု FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက သတိပေးပြောကြား

စူပါလိဂ်တွင် ပါဝင်သည့် ၁၂ သင်းအနေဖြင့် အကျိုးဆက်များ ခံစားရမည်ဟု FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက သတိပေးပြောကြား
Photo: Getty Images
Photo: Getty Images
Published 21 April 2021

 

ဥရောပစူပါလိဂ်တွင်ပါဝင်သည့် ထိပ်သီး ကလပ် ၁၂ သင်းအနေဖြင့် အကျိုးဆက်များ ခံစားရလိမ့်မည်ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ အင်ဖန်တီနိုက သတိပေးပြောကြားခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ၂၀၂၄-၂၀၂၅ ရာသီမှစ၍ ချန်ပီယံလိဂ် ပြိုင်ပွဲကို ၃၂ သင်းအစား ၃၆ သင်းသို့ တိုးမြှင့်ကျင်းပရန် တနင်္လာနေ့တွင် မဲပေးဆုံးဖြတ်ခဲ့သော်လည်း ပရီးမီးယားလိဂ် Big Six ကလပ်များဖြစ်သည့် မန်ယူ၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်၊ စပါး၊ စပိန်ကလပ် သုံးသင်းဖြစ်သည့် အက်လလက်တီကို၊ ဘာစီလိုနာ၊ ရီးယဲလ်မက်ဒရစ်၊ အီတလီကလပ် သုံးသင်းဖြစ်သည့် အေစီမီလန်၊ အင်တာမီလန်၊ ဂျူဗင်တပ်စ်အသင်းတို့က အသင်း ၂၀ ပါဝင်သည့် ဥရောပစူပါလိဂ်ပြိုင်ပွဲကို သီးသန့်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ 

ယခုအခြေအနေမှာ ဘောလုံးလောက၏ စစ်ပွဲဖြစ်ကြောင်း သုံးသပ်မှုများရှိနေစဉ် FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက "စူပါလိဂ်အဖြစ် ထပ်ပြီးဖန်တီးတာကို FIFA အနေနဲ့ လုံးဝသဘောမတူပါဘူး။ ဒါဟာ လက်ရှိအခြေအနေက ခွဲထွက်တာ၊ လိဂ် ပြိုင်ပွဲတွေ၊ ဘောလုံးအဖွဲ့ချုပ်တွေ၊ UEFA နဲ့ FIFA ကနေ ခွဲထွက်တာပါပဲ။ ဒါက ကာလတိုရရှိမယ့် ငွေကြေးတချို့အတွက်နဲ့ အခွင့်အရေးတွေကို အဝေးကြီးလွှင့်ပစ်လိုက်တာပါ။ သူတို့အနေနဲ့ အသေအချာ ဂရုတစိုက် စဉ်းစားဖို့ လိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ဘက်က တာဝန်ယူမှု၊ တာဝန်ခံမှုတွေလုပ်ဖို့ လိုပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက် ဖို့ ရွေးချယ်လိုက်သူတချို့ကတော့ ကိုယ့်ရွေး ချယ်မှုရဲ့ အကျိုးဆက်ကို ခံစားရမှာပါ။ သူတို့ အနေနဲ့ ကိုယ့်ရွေးချယ်မှုအတွက် တာဝန်ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ဝင်မလား၊ ထွက်မလားဆိုတာ ဆုံးဖြတ်ရမှာပါ။ တစ်ဝက်ပဲဝင်တာ ဒါမှမဟုတ် တစ်ဝက်ပဲထွက်တာတော့ လုပ်လို့မရပါဘူး" ဟု သတိပေးပြောကြားခြင်း ဖြစ်သည်။

 

Most Read

Most Recent