လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက လာမည့်ရာသီတွင် စပါးအသင်းကို ကိုင်တွယ်မည်ဆိုသော သတင်းများကို ငြင်းဆန်ပယ်ချခဲ့သည်။
စပါးအသင်းသည် နာမည်ကျော်နည်းပြ မော်ရင်ဟိုအား ရာထူးမှထုတ်ပယ်ပြီးနောက် အသင်းကစားသမားဟောင်း ရိုင်ယန်မေဆန်ကို ယခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ထားသည်။
သို့သော် စပါးအသင်းသည် နည်းပြသစ် ရှာဖွေနေဆဲဖြစ်ပြီး လာမည့်ရာသီတွင် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကို အသင်းနည်းပြအဖြစ် ခန့်အပ်သွားရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကမူ မိမိအနေဖြင့် လက်စတာအသင်းတွင် ပျော်ရွှင်နေကြောင်းနှင့် အသင်းအတွက်သာ အာရုံစိုက်ထားကြောင်း ပြောကြားခဲ့သည်။
ဘရန်ဒန်ရော်ဂျာက "ဘောလုံးလောကမှာတော့ ဘယ်နည်းပြက ဘယ်အသင်းကို ကိုင်တွယ်မယ်ဆိုတဲ့ သတင်းမျိုးတွေက အမြဲထွက်နေကျပါ။ စပါးအသင်းက အရမ်းကောင်းတဲ့ အသင်းတစ်သင်းပါ။ ဒါပေမဲ့ ကျွန်တော်ကတော့ လက်စတာအသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။ လက်စတာအသင်းမှာ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုတွေကို ကျွန်တော် ရနေပါတယ်။ ပြီးတော့ အသင်းရဲ့ စီမံကိန်းကိုလည်း နှစ်သက်ပါတယ်။ အသင်းဘုတ်အဖွဲ့နဲ့ရော ကစားသမားတွေနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသလို၊ အသင်းတိုးတက်ရေးအတွက် ကျွန်တော်တို့ ကြိုးစားနေကြပါတယ်။ လက်စတာအသင်းမှာ ကျွန်တော် ပျော်နေပါတယ်။ ဒီတော့ ကောလာဟလတွေကို ဒီမှာတင် ရပ်လိုက်ရအောင်ပါ"ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ဘရန်ဒန်ရော်ဂျာအပြင် ချယ်လ်ဆီးနှင့် ဂျူဗင်တပ်စ်နည်းပြဟောင်း ဆာရီကိုလည်း အသင်းနည်းပြအဖြစ် ခန့်အပ်ရန် ချိတ်ဆက်မှုများရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။















