ရိုးမားအသင်းနောက်ခံလူ စမောလင်းသည် ယနေ့(သောကြာနေ့)နံနက်ပိုင်းတွင် ရောမမြို့ရှိ နေအိမ်၌ ဇနီးဖြစ်သူ၊ (၂)နှစ်အရွယ်သားဖြစ်သူတို့နှင့်အတူ ရှိနေစဉ် ဓားပြတိုက်ခံခဲ့ရကြောင်း သိရသည်။
အီတလီမီဒီယာ Gazzetta dello Sport မှရေးသားသည့်သတင်းတွင် လက်နက်ကိုင်ဆောင်ထားသော ဓားပြ(၃)ဦးသည် စမောလင်း၏နေအိမ်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး လက်ဝတ်ရတနာများနှင့် အခြားအဖိုးတန်ပစ္စည်းအချို့ကို ယူဆောင်သွားသည်ဟု ဖော်ပြခဲ့သည်။

စမောလင်းနေထိုင်သည့် Villa သည် ရောမမြို့၏တောင်ဘက် (၂၅)မိုင်အကွာတွင် တည်ရှိပြီး စမောလင်း၏ဇနီးဖြစ်သူ ဆမ်က နံနက်(၅)နာရီမထိုးမီတွင် ရဲတပ်ဖွဲ့ကို ဖုန်းဆက်ခေါ်ခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် မိသားစုဝင်(၃)ဦးစလုံးသည် လွန်စွာစိုးရိမ်သောကရောက်နေကြောင်း သိရသည်။

စမောလင်းသည် သက်တမ်းအားဖြင့် နှစ်ပေါင်း (၇၀၀)ရှိသည့် အဆိုပါ Villa တွင် ၂၀၁၉ ခုနှစ်ကတည်းက နေထိုင်ခဲ့ခြင်းဖြစ်သည်။
စမောလင်းအနေဖြင့် ၂၀၁၉ ခုနှစ်ကတည်းက ရိုးမားအသင်းသို့ တစ်နှစ်အငှားစာချုပ်ဖြင့် ရောက်ရှိလာပြီး ပြီးခဲ့သည့်နှစ်ကမှ အပြီးသတ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။















