ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ချမှတ်ထားသည့် ကျန်းမာရေးစည်းမျဉ်းများကို ဖောက်ဖျက်မှုဖြင့် လာဇီယိုအသင်းသည် ဒဏ်ငွေယူရို (၁၅၀၀၀၀)နှင့် လာဇီယိုအသင်းဥက္ကဋ္ဌ လော့တီတိုသည် ဘောလုံးလောကနှင့် (၇)လ ပတ်သက်ခွင့်မရှိသည့် ပြစ်ဒဏ်ချမှတ်ခံရပြီး အဆိုပါပြစ်ဒဏ်များအပေါ် လာဇီယိုအသင်း အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။
လာဇီယိုအသင်းသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုဖြစ်စဉ်ကို ဒေသခံအာဏာပိုင်များထံ အကြောင်းကြားရန် ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။
လာဇီယိုအသင်းသည် ကစားသမား(၃) ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားခြင်းကို ဖုံးကွယ်ထားပြီး လေ့ကျင့်ခန်းဆင်းစေခဲ့ကြောင်း သိရသည်။
လာဇီယိုအသင်း၏ လုပ်ရပ်ကို အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖော်ထုတ်ပြီး အရေးယူခဲ့ခြင်းဖြစ်သည်။
FIGC သည် လာဇီယိုအသင်း ၏ လုပ်ရပ်အတွက် အီတလီနိုင်ငံဖက်ဒရယ်တရားရုံးထံတိုင်ကြားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မတ်လ (၂၆)ရက်တွင် ပြစ်ဒဏ်များချမှတ်ခဲ့ကြောင်း သိရသည်။
လာဇီယိုအသင်းက မည်သည့်အမှားအယွင်းကိုမျှ မပြုလုပ်ခဲ့ကြောင်းနှင့် ပြစ်ဒဏ်များအတွက် အယူခံဝင်သွားမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။
လာဇီိယိုအသင်းဆေးအဖွဲ့မှ ဆရာဝန် (၂)ဦးကိုလည်း ဘောလုံးလောကနှင့်ပတ်သက်ခွင့် (၁၂)လ ပိတ်ပင်ခဲ့သည်။















