ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) အနေဖြင့် ယူရို-၂၀၂၀ ပြိုင်ပွဲကို အင်္ဂလန်တစ်နိုင်ငံတည်း၌ သာ ကျင်းပရန် စီစဉ်နေသည့်သတင်း များအား ဗြိတိန်အစိုးရက ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရသည်။
ယူရိုပြိုင်ပွဲကျင်းပမှု နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် ယူရို- ၂၀၂၀ ပြိုင်ပွဲကို ပြီးခဲ့သည့်နှစ် ဇွန်- ဇူလိုင်တွင် ဥရောပတိုက်တစ်ဝန်းရှိ မြို့ပေါင်း ၁၂ မြို့တွင် ကျင်းပရန် စီစဉ်ထားသော်လည်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် တစ်နှစ်ရွှေ့ ဆိုင်းထားရပြီး ယခုနှစ် ဇွန် ၁၁ ရက် မှ ဇူလိုင် ၁၁ ရက်တွင် ပြန်လည် ကျင်းပမည်ဖြစ်သည်။
ယင်းပြိုင်ပွဲကို မူလသတ်မှတ်ထားသည့်အတိုင်း မြို့ ၁၂ မြို့တွင် ကျင်းပရန် စီစဉ်ထား ကြောင်း UEFA က အတည်ပြုထား သော်လည်း လက်ရှိအချိန်အထိ ရောဂါကူးစက်မှု မြင့်တက်နေဆဲဖြစ် သလို ဥရောပနိုင်ငံများအကြား ခရီး သွားလာမှု ကန့်သတ်ချက်များရှိနေ ဆဲဖြစ်သည်။ ထို့ကြောင့် UEFA ၏ ပြိုင်ပွဲကျင်းပရေးတာဝန်ရှိသူများ အနေဖြင့် အပြောင်းအလဲပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး မြို့ ၁၂ မြို့အစား တစ်နိုင်ငံတည်း၌သာ ကျင်းပမည့် အစီအစဉ်လည်း ပါဝင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
ဗြိတိန်နိုင်ငံမှာ COVID-19 ရောဂါ အတည်ပြုလူနာ ၄ ဒသမ ၁ သန်းကျော် (ဖေဖော်ဝါရီ ၂၆ ရက် အထိ) ရှိပြီး ကမ္ဘာတစ်ဝန်း ရောဂါ ကူးစက်မှုအမြင့်ဆုံး ထိပ်ဆုံးငါးနိုင်ငံ စာရင်းတွင် ပါဝင်သော်လည်း လူ ၁၈ သန်းကျော်မှာ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံပြီးဖြစ် သလို ဇူလိုင်လကုန်တွင် တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့် အားလုံးထိုးနှံ ပြီးစီးရန် မျှော်မှန်းထားသည်။
ထို့ပြင် ဗြိတိန်အစိုးရအနေဖြင့် မေလကုန် ပိုင်းမှစ၍ အားကစားကွင်းများ၌ ပရိသတ်ပြန်လည်ကြည့်ရှုခွင့်ပြုရန် မျှော်မှန်းထားသောကြောင့် ယူရို ပြိုင်ပွဲကို တစ်နိုင်ငံတည်း၌ လက်ခံကျင်းပဖွယ်ရှိသည့်သတင်းမှာ ကျယ် ပြန့်စွာ ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ပြောခွင့်ရပုဂ္ဂိုလ်က ယင်းသတင်းများကို ငြင်းဆန်ပယ်ချခဲ့ပြီး လန်ဒန်နှင့် ဂလပ်စဂိုမြို့၌ လက်ခံ ကျင်းပမည့်ပွဲများအတွက်သာ အာရုံ စိုက်ထားကြောင်း တုံ့ပြန်ပြောကြားခဲ့သည်။
"ဒါတွေက ထင်မြင်ယူဆချက် သက်သက်ပါပဲ။ ပြိုင်ပွဲကို ဘယ်လို ကျင်းပမလဲဆိုတာက UEFA ရဲ့ ကိစ္စပါ။ သူတို့အနေနဲ့ ဒီပြိုင်ပွဲကို လက်ရှိပုံစံအတိုင်း ကျင်းပဖို့ ဆန္ဒရှိတယ်ဆိုတာ မနေ့ကပဲ ထုတ်ပြန်ထားပါတယ်။ ကျွန်တော်တို့ကတော့ ဗြိတိန်မှာ ကျင်းပမယ့် ပွဲတွေအတွက်ပဲ အာရုံစိုက်ထားပါတယ်။ ဝင်ဘလေ မှာ ခုနစ်ပွဲနဲ့ ဂလပ်စဂိုက Hampden Park မှာလည်း ပွဲစဉ်တွေ လက်ခံကျင်းပသွားမှာပါ" ဟု ဝန်ကြီးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ယူရို-၂၀၂၀ ပြိုင်ပွဲကို လန်ဒန် (အင်္ဂလန်)၊ မြူးနစ် (ဂျာမနီ)၊ ရောမ (အီတလီ)၊ ဘာကူ (အဇာဘိုင်ဂျန်)၊ စိန့်ပီတာစဘတ် (ရုရှား)၊ ဘူဒါပက်စ် (ဟန်ဂေရီ)၊ ဘူခါရက်စ် (ရိုမေးနီး ယား)၊ အမ်စတာဒမ် (နယ်သာလန်)၊ ဘီလ်ဘာအို (စပိန်)၊ ဒဗ္ဗလင် (အိုင်ယာလန်)၊ ဂလပ်စဂို (စကော့တလန်) နှင့် ကိုပင်ဟေဂင် (ဒိန်းမတ်) စသည့် မြို့ပေါင်း ၁၂ မြို့တွင် ကျင်းပသွား မည်ဖြစ်သည်။ ၎င်းတို့အနက် လန် ဒန်မြို့က အုပ်စုပွဲစဉ်သုံးပွဲ၊ ၁၆ သင်း အဆင့်တစ်ပွဲ၊ ဆီမီးဖိုင်နယ်နှစ်ပွဲ နှင့် ဗိုလ်လုပွဲ၊ စုစုပေါင်း ခုနစ်ပွဲဖြင့် အများဆုံးကျင်းပခွင့်ရထားပြီး ကျန် မြို့များမှာမူ အုပ်စုပွဲစဉ်သုံးပွဲစီအပါ အဝင် စုစုပေါင်းလေးပွဲစီ ကျင်းပခွင့်ရထားကြောင်း သိရသည်။















