အလာ့ဂျစ်များ

အလာ့ဂျစ်များ
Photo: allergytest
Photo: allergytest
Published 26 February 2021
သူသူမေ

ကျွန်တော် သိပါတယ်။ ကျွန်တော်က အရာအတော်များများနဲ့ အစပ်အဟပ်မတည့်တော့ဘူးဆိုတာ။ အလက်ဂျစ်ဖြစ်သလိုမျိုးပဲ အင်ပျဉ်တွေထတယ်။ ဖုတွေ ပေါက်လာတယ်။ ပါးစပ်တွေ ယားယံလာတယ်။ အဲဒီအခါ အချိန်မီ ကုနိုင်ရင်ကု ၊ မကုနိုင်ရင် ကျွန်တော့်ဖုတွေ သိသိသာသာ ပိုထွက်လာမယ်။ ယားယံနေတဲ့ ပါးစပ်တွေက ခံနိုင်အားတွေ တဖြည်းဖြည်း ယုတ်လျော့လာမယ်။ ပြီးရင် ကျွန်တော် အထိန်းအကွပ်မဲ့လာတော့မယ်။

ဒီတော့ ကျွန်တော် ဘာလုပ်လဲ။ ကိုယ့်ကိုယ်ကိုယ် အမြဲဆေးပေးနေရတယ်။ အလာ့ဂျစ် ဖြစ်စေနိုင်တဲ့အရာတွေကို အမြင်အာရုံနဲ့ ထိထိချင်း မတုံ့ပြန်နိုင်တဲ့ဆေး။ အစပိုင်းမှာတော့ အတော်လေး ခံစားရတယ်။ ဆေးစွဲနေသူတစ်ယောက်လိုပဲ တဟင်းဟင်းတပြီး တုန်တုန်ယင်ယင်နဲ့ ကျွန်တော့်မှာ ကိုယ့်လက်တွေ ကိုယ်ပြန်ချုပ်ထားရတယ်။ ဘာထူးလဲ၊ ပါးစပ်ကလည်း ဟမိတော့မယ့်အရေးကနေ အံပြန်စေ့ထားရတာပဲ။

ဒါပေမဲ့ အဲဒီလိုနေ့တွေဆို ကျွန်တော့်မှာ အလုပ်တစ်ခုတော့ ပြီးစီးသွားတတ်တယ်။ အဲဒီထလာတဲ့အင်ပျဉ်တွေကို အခန်းထဲမှာ စိတ်ကြိုက်ကုတ်ခြစ်ပစ်လိုက်တဲ့ အလုပ်မျိုးပေါ့။ ဘယ်သူမှတောင် မသိလိုက်ဘူး။ ကျွန်တော်က တိတ်တိတ်လေး ငြိမ်ကုပ်ပြီး ငြိမ်ကုတ်နေတာ။ ယားယံနေတဲ့ ပါးစပ်တွေက ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို စီကာပတ်ကုံးပြောနေခဲ့တယ်။ အဲဒီအတိုင်းပဲ ကျွန်တော်လည်း ချရေးတယ်။ အခန်းထဲမှာက ကျွန်တော်တစ်ယောက်တည်းပဲ မဟုတ်လား။ ကျွန်တော့်အင်ပျဉ်ဖုတွေ ခိုင်းတဲ့အတိုင်း စိတ်ရှိလက်ရှိ လုပ်နေလိုက်တာပဲ။ ပြီးပြီ၊ အင်ပျဉ်ဖုတွေ ပျောက်ပြီဆိုမှ ကျွန်တော် အပြင်ပြန် ထွက်တယ်။ ကျွန်တော်ရယ်ပြုံးနိုင်တယ်။ ကျွန်တော် စိတ်သက်သာရာရသွားတယ်။ ဒါက အမြဲလိုလိုပဲ။

ဒီလိုမျိုးဖြစ်ပြီး ဒီလိုမျိုးကုစားပြီး စစချင်းကဆို ကျွန်တော့်မှာ နှိမ်နင်းလိုက်နိုင်ပြီရယ်လို့ ကျေနပ်မိသေးတယ်။ ရှေ့လျှောက်ပြီး ဒီလိုကြုံတွေ့လာရရင်  ဒီလိုမျိုးပဲ  အခန်းလေးထဲမှာ ကြိတ်ကုရင်း ဖြေလျှော့ပစ်လိုက်တယ်။ တစ်ခါပြီးတစ်ခါမှာ ကျွန်တော့်စာမျက်နှာတွေ ပိုပိုသွက်လာတယ်။ အဲဒီလိုနဲ့  ဖွင့်ချပါများတဲ့အခါ ဒီအလာ့ဂျစ်ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေဟာ တဖြည်းဖြည်း ပါးလျလာပြီး ကြာလေခံနိုင်ရည်ရှိလာမယ်လို့လည်း ကျွန်တော်ထင်ခဲ့တယ်။ ဟုတ်တယ်။ ထင်တဲ့အတိုင်းပဲ ခံနိုင်ရည်တော့ တိုးလာခဲ့ပါတယ်။ ဒါပေမဲ့ ဖုတွေကလည်း အကြောင်းအရာအမျိုးမျိုးနဲ့ အဆင့်ဆင့်တိုးပြီး ပွားများလာခဲ့တယ်။ သူဟာ ရောဂါပိုးများလိုပါပဲလား။ မျိုးဗီဇပြောင်းပြီး၊ နောက်ထပ်ဗားရှင်းတစ်ခုမြှင့်ပြီး အင်ပျဉ်တွေ ထစေခဲ့ပြန်တယ်။ 

အဲဒီလိုပဲ ကျွန်တော့်အမြင်အာရုံကလည်း သူ့အလိုလို ဗားရှင်းလိုက်မြင့်သွားတယ် ဆိုရမယ်။ အရင်က မြင်ရင်အင်ပျဉ်ထနေကျ ပုံရိပ်တွေက ကျွန်တော့်အတွက်ရိုးသွားပြီ။ မြင်လည်း ဖုတွေမပေါက်တော့ဘူး။ အေးအေးသက်သာလည်း ကြည့်လို့ရသွားပြီ။ တခြားသူတွေ အုတ်အုတ်ကျက်ကျက် အင်ပျဉ်ထချိန်တောင် ကျွန်တော် မထတော့ဘူး။ နေနိုင်သွား ပြီ။ ကျွန်တော့်မှာ စာမေးပွဲတစ်ခုကို ကျော်ဖြတ်လိုက်နိုင်သလိုပါပဲ။ အဲဒီကဏ္ဍတွေကို ကျောခိုင်းနိုင်ခဲ့ပြီ။

ခက်တာက နောက်ထပ်ဗားရှင်းတွေ။ ကျွန်တော် ဒီလိုပဲထိန်းသွားနိုင်မလား။ ကျွန်တော်က ကျွန်တော် ယုံကြည်ရာတော့ လုပ်နေတာပါပဲ။ ကျွန်တော့်မှာ အရေးမစိုက်တတ်တဲ့ စိတ်အခြေခံလေးလည်း ရှိပါရဲ့။ အရမ်းကြီး ပါရမီရင့်သန်သေးတာမျိုး မဟုတ်ပေမဲ့ ကိုယ့်ယုံကြည်ချက်နဲ့ပတ်သက်လို့ ကိုယ်ဟာကိုယ် ရှင်းရှင်းလင်းလင်း ရှိတယ်ဆိုတာမျိုးလောက်ပါ။ ဒီအတွက်လည်း ကျွန်တော်မှာ အင်ပျဉ်တွေ မရှိပါဘူး။ ဒါပေမဲ့လည်း လူတိုင်းကတော့ ကျွန်တော့်လို ဘယ်ဟုတ်ကြမလဲလေ။ ကျွန်တော်က ရှင်းလင်းတယ်ဆိုပေမဲ့ တခြားသူတွေအနေနဲ့ ရှင်းလင်းချင်မှ ရှင်းလင်းမှာပေါ့။ ကျွန်တော်က တစ်ကန့်စီခွဲထုတ်ထားတယ်ဆိုပေမဲ့ သူတို့က အကန့်တွေရောယှက်ပြီး အဖြေထုတ်ချင်ထုတ်နေမှာပေါ့။ ဘာကြီးရယ်သာမဟုတ်တာ ဒါတွေကလည်း ကျွန်တော့်ကို ဖုတွေထစေတာပဲ။ နားမလည်ရပါ့မလားလို့လေ။

အဲဒီကျရင် ကျွန်တော့်မှာ ငြိမ်ကုပ်ပြီးငြိမ်ကုတ်နေရင်းကကို အော်ကြီးဟစ်ကျယ်ကုတ်ခြစ်မိစေတဲ့အထိပဲ။ ကျွန်တော် လှုပ်ခတ်သွားတာပေါ့။ ကျွန်တော့်စံနှုန်းအရဆို ကျွန်တော် မနိုင်သေးဘူး။ ရုန်းနေသေးတယ်။ အဲဒီအကြောင်းအရာတွေက ကျွန်တော့်ကို ဖုတွေ မထစေတဲ့အထိ၊ ကျွန်တော်က သွေးအေးအေးနဲ့ ကြည့်နိုင်တဲ့အထိ ကြိုးစားရဦးမှာ။ ကျွန်တော့်မှာထပ်ပြီး ကုတ်ခြစ်ရပြန်တယ်။ ကိုယ့်ဆေးနဲ့ ကိုယ်ဖိချရပြန်တယ်။ ကျွန်တော်က အရေးမစိုက်ဘူး။ ကျွန်တော်က ဥပေက္ခာပြုနိုင်ရမယ်။ ဒီအရာတွေအပေါ် သွေးအေးအေးနဲ့ ကြည့်နေနိုင်ရမယ်။ ဒါမျိုးပေါ့။

ယိုင်နဲ့တာပါပဲ။ ကျွန်တော်က ဘာသားနဲ့ထုထားတာမလို့လဲ။ တစ်ခါတလေ အဲဒီအမြင်အာရုံတွေ နောက်လိုက်ပြီး ကြိုးလျှော့ပေးနေမိတယ်။ တစ်ဖက်မှာက မတတ်သာလို့ ရယ်ပြပြုံးပြနေရပေမဲ့ တစ်ဖက်မှာကလည်း ဖုတွေအရမ်းသောင်းကျန်းနေပြီလေ။ ကျွန်တော့်မှာ ကျွန်တော်နဲ့ တစ်ထပ်တည်းမကျလည်း အများနဲ့လိုက်လျောညီထွေအောင် ဖုတွေကိုသိုဝှက်နေရတာပဲ။ ဒါဟာပဲ ကျွန်တော့်ကို ပိုပြီးရူးသွပ်သွားစေခဲ့တယ်။ 

ဒီကြားထဲကနေမှ ကျွန်တော့်မှာ မရိုးရအောင် ဖုအသစ်တွေကလည်း ထွက်လာနေတာပဲ။ ဗားရှင်းတွေ အသီးသီးပြောင်းပြီးတော့ပေါ့။ တစ်မျိုးကို ခံနိုင်သွားရင် နောက်တစ်မျိုး၊ နောက်တစ်မျိုးပြီး နောက်တစ်မျိုး၊ စာမေးပွဲတွေ ဆက်ဆက်လာခဲ့တာပဲ။ ကျွန်တော့်အရင်အတွေးကတော့ အချိန်တွေကြာလာ၊ အသက်တွေကြီးလာ၊ အသိအမြင်တွေ ပိုရလာခဲ့ရင် ခံနိုင်ရည်တွေ ကောင်းလာပြီး ဖုတွေလည်း ကျဲသွားမှာပါလို့လေ။ ဒါပေမဲ့လည်း ဖုတွေဟာ လျော့မသွားတဲ့အပြင် ပိုလို့တောင်တိုးလာပါသေးတယ်။ အသိအမြင်တစ်ခု ပွင့်လင်းလာလေ ဖုတစ်မျိုးတိုးလာလေပဲလား မသိ။

ဘာလို့ဆို အသက်တူရွယ်တူချင်းကိုပဲ တောရွာလေးက ကျွန်တော့်အစ်ကိုတစ်ယောက်ဟာ အေးရာအေးကြောင်းနေလို့ရနေပြီး မြို့ကြီးကကျွန်တော့်ဆရာမှာတော့ နေ့တိုင်းဓာတ်မတည့်မှုတွေဖြစ်၊ ဖုတွေပေါက်နေခဲ့ရတာ မျက်မြင်ပဲမဟုတ်လား။ ရှင်းရှင်းလေးပါ။ မသိတော့ မပြောတတ်၊ မပြောတတ်တော့ ပြောစရာလည်း မလို၊ ဖုတွေလည်း ပေါက်ဖို့မလိုဘူးပေါ့။ ဆရာကတော့ သူနဲ့အစပ်အဟပ်တည့်တာ အတော်လေးရှားပုံ။ အရေးအရာတွေဟာ သူ့အနားမှာရစ်သီပြီး ဖုတွေပေါက်စေခဲ့လည်း သူက ပေါက်လာသမျှဖုတွေကို လက်ပစ်ဗုံးတွေလိုမျိုး တစ်လုံးပြီးတစ်လုံး ပစ်ပေါက်ဖောက်ခွဲရှင်းထုတ်ပစ်တတ်တယ်။ ပြီးရင်တော့ လှောင်ပြောင်ဆဲဆိုနေလိုက်တယ်။ ဒီလိုမှမဟုတ်ရင် ဘယ်လိုလုပ်မလဲလေ။ အကြောင်းအရာတွေရဲ့ဇာစ်မြစ်အထိ ခေတ်ကြီးတစ်ခုလုံးကို အစက ပြန်မြေလှန်ပစ်ဖို့မှ မဖြစ်နိုင်ဘဲ။ ဒီတော့ ဆရာလည်း ဖုတွေများများလာဖို့ပဲ ရှိမှာပေါ့။

ဆရာ့ဆီမှာတော့ အကြောင်းအရာတွေဟာ ဆပ်ပြာပူဖောင်းတွေလိုမျိုး တစ်လုံးပြီးတစ်လုံး ပေါက်ကွဲလွင့်စင်နေကြတာပါပဲ။ အဲဒီလိုတွေပြီးမှပဲ သူလည်း အတော်လေးနေသာထိုင်သာ ရှိသွားရပုံ။ ဘာလို့ဆို တစ်ခါတစ်ခါ ဘေးကကြည့်နေတဲ့ ကျွန်တော်တောင် သူ့ဗုံးသံထဲမျောပါပြီး သူနဲ့အတူ ပွင့်ထွက်ခဲ့ရတာ အကြိမ်ပေါင်းမှ မနည်းပဲ။ ပြီးရင်လည်း ကျွန်တော် အရမ်းသဘောကျနေတတ်တာလေ။ မိုက်လိုက်တာ၊ အားကျလိုက်တာဆိုတာမျိုး ကျွန်တော် မြည်တမ်းမိတယ်။

ကျွန်တော်ကတော့ အဲဒီသလိုမဟုတ်ပါဘူး ။ အခုလည်း စိမ်းစိမ်းကြည့်နိုင်ဖို့ကိုပဲ ကြိုးစားနေမိပြန်တယ်။ ကျွန်တော့်ကို ဖုတွေပေါက်စေမယ့် အကြောင်းအရာတွေကိုပေါ့။ ခံနိုင်အားတွေကောင်းပြီး မာလာတဲ့အခါ နောက်ထပ်တစ်ဆင့် သွေးအေးအေးနဲ့ ကြည့်နေနိုင်ဖို့အထိ။ ဒါပေမဲ့ မရပါဘူး။ ကျွန်တော် ဖုတွေပေါက်လာတာပဲ။ ကျွန်တော့်ကိုယ်ကျွန်တော် ချုပ်တည်းထားရပြန်တာပါပဲ။ ကျွန်တော့်အခန်းလေးထဲမှာ ငြိမ်ကုပ်ပြီးကုတ်နေနိုင်ဖို့လောက်တောင် မခံစားနိုင်လောက်အောင်ပဲ။ ကျွန်တော့်မှာ ကြည့်ကိုမကြည့်နိုင်တော့တာ။ ထပ်တိုးလာသမျှ ဖုတွေကိုလည်း အံကြိတ်မခံနိုင်တော့ဘူး။ ကြာလေ ထွက်ပြေးချင်လာမိလေပဲ။ ဒီအကြောင်းအရာတွေရဲ့ဝေးရာဆီကို။ ကျွန်တော် မကြည့်နိုင်တော့၊ မကြည့်ချင်တော့။ အရမ်းကို ပင်ပန်းနေမိတယ်။ ကျွန်တော် ကိုယ်ချင်းစာမိပါတယ်။ ဒီလူ့အဖွဲ့အစည်းထဲက ဒီအကြောင်းအရာ၊ ဒီဖုတွေထဲမှာ ဆရာတို့ ဘယ်လိုခံနိုင်ရည်မျိုးနဲ့များ နေလာခဲ့သလဲလေလို့လည်း အားပြတ်စိတ်ကုန်စွာ တွေးတောနေမိတယ်။ အဲဒီဆီမှာပဲ ဆရာဟာ ဖုတွေကို ဗုံးတွေလို ဖောက်ခွဲပစ်နေတုန်းပေါ့။

Most Read

Most Recent