ဗိုင်းရပ်စ်ကာကွယ်ဆေးဖြင့် ဒေသတွင်းနိုင်ငံရေးသြဇာမြှင့်တင်နေသည့် အစ္စရေး

ဗိုင်းရပ်စ်ကာကွယ်ဆေးဖြင့် ဒေသတွင်းနိုင်ငံရေးသြဇာမြှင့်တင်နေသည့် အစ္စရေး
Photo:AP
Photo:AP
Published 26 February 2021
မြတ်သက်မှူးက

အရှေ့အလယ်ပိုင်းတွင် ရေနံနှင့် လက်နက်များကိုမေ့လျော့ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် နောက်ဆုံးပေါ် အများလက်ခံသည့် ရွေးချယ်မှုတစ်ရပ်အဖြစ် ပေါ်ထွက်လာသည်။

အစ္စရေးသည် ၎င်း၏စီးပွားရေးကိုပြန်လည်ဖွင့်လှစ်မှုနှင့်အတူ ဆီးရီးယားနှင့်အကျဉ်းသားများ လဲလှယ်ခြင်းနှင့် ဂါဇာကမ်းမြောင်ဒေသတွင် ဗိုင်းရပ်စ်ကာကွယ်ဆေးအမြောက်အမြားရောက်ရှိလာခြင်းတို့သည် ပဋိပက္ခဖြစ်ပွားနေသည့်ယင်းဒေသတွင် ကာကွယ်ဆေးသည် နိုင်ငံရေးအင်အားအပေါ် မည်မျှသက်ရောက်မှုရှိနိုင်သည်ကို မီးမောင်းထိုးပြသလျက်ရှိသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ရေပန်းစားနေသည့် ကာကွယ်ဆေး ထိုးနှံပေးရေးအစီအစဉ်တွင် ရှေ့ဆုံးမှ ဦးဆောင်နေသူတစ်ဦးဖြစ်ပြီး နိုင်ငံသားများအား ကာကွယ်ဆေးထိုးနှံပေးသည့် ၎င်း၏အစီအစဉ်ကြောင့် နောက်တစ်ကြိမ် ထပ်မံရွေးကောက်ခံရမည်ဟု မျှော်လင့်ထားကြသည်။ တစ်ချိန်တည်းမှာပင် သူသည် ကာကွယ်ဆေးထိုးနှံသူများကို ဆုများပေးအပ်ရန်နှင့် ကာကွယ်ဆေးထိုးနှံရန်ငြင်းဆန်သူများကို အပြစ်များပေးရန်လည်း စီစဉ်ခဲ့သည်။

အစ္စရေးသည် ကမ္ဘာ့အမြန်ဆုံးကာကွယ်ဆေး ထိုးနှံပေးနေသည့်နိုင်ငံဖြစ်ပြီး နှစ်လထက်မနည်းသည့်အချိန်အတွင်း လူဦးရေ ၉.၃ သန်းကျော်၏ ထက်ဝက်ခန့်ကိုကာကွယ်ဆေး တစ်လုံးထိုးနှံပေးခဲ့ပြီး လူဦးရေစုစုပေါင်း၏ သုံးပုံတစ်ပုံကို ကာကွယ်ဆေးနှစ်လုံးအပြည့် ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးပမာဏအများအပြားရရှိရန် ကာလကြာရှည်စောင့်ဆိုင်းနေရသော ဥရောပနှင့်အမေရိကန်တို့နှင့်ကွဲပြားခြားနားလျက် အစ္စရေးသည် ကာကွယ်ဆေးလိုအပ်သူတစ်ဦးချင်းစီအတွက် လုံလောက်လုနီးပါးရှိသည့် ကာကွယ်ဆေးပမာဏများစွာကို ရရှိခဲ့သည်။

ဆေးခန်းများသည်လည်း ကာကွယ်ဆေး လာရောက်ထိုးနှံကြရန် ဆွဲဆောင်မှုတစ်ရပ်အနေဖြင့် အစားအစာများနှင့် ကော်ဖီများ အခမဲ့ကျွေးမွေးနေကြသည်။

နေတန်ယာဟု၏ ကြိုးပမ်းအားထုတ်မှုများသည် နောက်ဆုံးတွင် အရာထင်လာခဲ့ပြီး နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူဦးရေနှင့် ပြင်းထန်ဗိုင်းရပ်စ်လူနာအရေအတွက်ကျဆင်းခဲ့သည်။

နှစ်လကြာ Lockdown ချထားခဲ့ပြီးနောက် အစိုးရသည် ကန့်သတ်ပိတ်ပင်ချက် အများအပြားကို ရုပ်သိမ်းခြင်း၊ ကုန်စုံဆိုင်များ၊ စျေးဝယ်စင်တာများနှင့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မတ် ၂၃ ရက် ရွေးကောက်ပွဲအမီ လာမည့်သီတင်းပတ်များအတွင်း စာသင်ကျောင်းများနှင့် စားသောက်ဆိုင်များ အားလုံးပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု မျှော်မှန်းထားကြသည်။

“ဒီအချိန်ကတော့ သူ့ (နေတန်ယာဟု) အတွက် အချိန်ကောင်းပါပဲ” ဟု အစ္စရေး၏ ဟီဗျူးတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပညာရှင် ဂီဒီယွန်ရာဟတ်က ပြောကြားခဲ့သည်။

လက်ရှိတွင် အကျင့်ပျက်ခြစားမှုစွဲချက်ဖြင့် တရားရင်ဆိုင်နေရသော နေတန်ယာဟုသည် ရွေးကောက်ပွဲအတွက် ကာကွယ်ဆေးအစီအစဉ်ဖြင့် လူအများ၏ထောက်ခံမှုကိုရရှိရန် အာရုံလွှဲနိုင်ခြေ ရှိနေသည့်အပြင် ကပ်ရောဂါကြောင့် စီးပွားရေးကျယ်ကျယ်ပြန့်ပြန့် ထိခိုက်မှုများသည် ၎င်းရင်ဆိုင်နေရသည့် နောက်ထပ် ပြဿနာတစ်ရပ်ဖြစ်သည်။

“ပြိုင်ဘက်တွေကတော့ လွန်ခဲ့တဲ့နှစ်တွေအတွင်းက နေတန်ယာဟုရဲ့အမှားတွေကို အာရုံစိုက်ထောက်ပြနေချိန်မှာ သူကတော့ အချိန်တိုင်း ကာကွယ်ဆေးအကြောင်းတွေကိုပဲ အလေးပေးပြောနေပါလိမ့်မယ်။ အားလုံးက သူ့ရဲ့အစီအစဉ်ချမှုအပေါ်ပဲ မူတည်နေပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အစ္စရေးတွင် Lockdown များ ဆက်တိုက်ချမှတ်ထားချိန်အတွင်း လူပေါင်းသိန်းချီ အလုပ်လက်မဲ့ဖြစ်ခဲ့ကြပြီး နေတန်ယာဟု၏ အဓိကနိုင်ငံရေးမဟာမိတ်များတွင်တစ်ခု အပါအဝင်ဖြစ်သည့် ရှေးရိုးစွဲဘာသာရေး အသိုင်းအဝိုင်းက Lockdown စည်းမျဉ်းများကို မထီမဲ့မြင်ပြုမှုကြောင့် ဒေသခံများအကြား ဒေါသဖြစ်ခဲ့ကြသည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး မထိုးနှံရသေးသူများသည် ကူးစက်မြန် ဗိုင်းရပ်စ်မျိုးကွဲသစ် မကူးစက်ခံရစေရန်ဆိုသည့် အကြောင်းပြချက်ဖြင့် နိုင်ငံ၏အဓိကလေဆိပ်ကိုပိတ်ထားခဲ့ပြီး နေတန်ယာဟုသည်ယင်းကဲ့သို့ လေဆိပ်ကို ပိတ်ထားရန် ကာလကြာရှည်စောင့်ဆိုင်းနေခဲ့သည်ဟု အများစုကပြောကြားခဲ့သည်။

နေတန်ယာဟုသည် ဖေဖော်ဝါရီ ၂၀ ရက်က “green pass” အမည်ရှိ အစီအစဉ်တစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ယင်းအစီအစဉ်မှာမူ ကာကွယ်ဆေး နှစ်လုံးထိုးနှံပြီးသူများသည် ယဉ်ကျေးမှုပွဲတော်များသို့ တက်ရောက်နိုင်ခြင်း၊ ပြည်ပသို့ ခရီးသွားလာနိုင်ခြင်း၊ စားသောက်ဆိုင်များတွင် ထိုင်၍စားသောက်နိုင်ခြင်းနှင့်ကျန်းမာရေးဆိုင်ရာ ကလပ်များသို့ သွားရောက်ခွင့်ရှိသည့်“green pass”ကို ရရှိမည်ဖြစ်သည်။ သို့သော် ကာကွယ်ဆေးမထိုးနှံရသေးသူများသည် ယင်းဝန်ဆောင်မှုများနှင့် ကင်းလွတ်ခွင့်များကို ဆက်လက်ရရှိလိမ့်မည်မဟုတ်ပေ။

“ကာကွယ်ဆေးမထိုးနှံသေးတဲ့ သူတွေအနေနဲ့ ကာကွယ်ဆေးထိုးကြဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။ ခင်ဗျားတို့တွေ Green Pass ကို ရပါလိမ့်မယ်။ အဲဒီ Green Pass ကို ခင်ဗျားတို့တွေ ကောင်းကောင်းအသုံးချနိုင်ပါလိမ့်မယ်” ဟု နေတန်ယာဟုက တယ်အဲဗစ်မြို့တော်ရှိအားကစားခန်းမတွင် ဓာတ်ပုံရိုက်ကူးစဉ် ပြောကြားခဲ့သည်။

အစ္စရေးသည် ဂျော်ဒန်မြစ်အနောက်ဘက်ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းများကို ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် ချန်လှပ်ထားမှုအပေါ် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကပ်စ်မြို့တွင် ပြန်ပေးဆွဲခံထားရသော အစ္စရေးအမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးရန် လွန်ခဲ့သောသီတင်းပတ်က သဘောတူညီချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆီးရီးယားနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးဝယ်ပေးရန် ရုရှားနိုင်ငံသို့ ဒေါ်လာ ၁.၂ သန်းပေးချေရန် သဘောတူညီချက်အပေါ် အနည်းဆုံးတွန့်ဆုတ်ကြောင်း နေတန်ယာဟုက ကြိမ်ဖန်များစွာ ပြသခဲ့သည်။

သို့သော်နေတန်ယာဟုကမူ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးသောဆက်ဆံရေးသည် သဘောတူညီမှုကိုအဆုံးသတ်ရန် အထောက်အကူဖြစ်စေခဲ့သည်ဟု လွန်ခဲ့သည့် သီတင်းပတ်ကပြောကြားခဲ့သည်။

သဘောတူညီမှုနှင့်ပတ်သက်၍ မေးမြန်းရာ၌ နေတန်ယာဟုက ကွေ့ဝိုက်ဖြေဆိုခဲ့ပြီး အစ္စရေး၏ကာကွယ်ဆေးများကို ဆီးရီးယားသို့ ပို့ဆောင်မပေးနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ဆီးရီးယားအတွက် ကာကွယ်ဆေးနှင့်ပတ်သက်၍ ရုရှားအားငွေကြေးပေးချေခဲ့ခြင်းရှိ၊မရှိ ထုတ်ဖော်ပြောကြား ခဲ့ခြင်းမရှိပေ။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘားစ်သည် ၎င်း၏ပြည်သူများအတွက် လုံလောက်သည့်ကာကွယ်ဆေးရရှိရန် ကြိုးပမ်းနေသည်။ ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးနိုင်ရန်အတွက် အစ္စရေးမှ ကာကွယ်ဆေး ၂,၀၀၀ နှင့် ရုရှားမှကာကွယ်ဆေး ၁၀,၀၀၀ လက်ခံရရှိခဲ့သည်။

အဘားစ်၏အဓိကပြိုင်ဘက်များမှတစ်ဦးဖြစ်သည့် ပြည်နှင်ဒဏ်ပေးခံထားရသော မိုဟာမက် ဒါလန်၏စွမ်းဆောင်ပေးမှုကြောင့် ယူအေအီးနိုင်ငံမှ ရုရှား၏ Sputnik V ကာကွယ်ဆေးအလုံးရေ ၂၀,၀၀၀ ကို ပို့ဆောင်ပေးခဲ့သည်။

ယင်းလုပ်ဆောင်မှုသည် မေလတွင်ပြုလုပ်မည့် ပါလီမန်ရွေးကောက်ပွဲတွင် အဘားစ်အား အားနည်းသွားစေပုံပေါ်ရန် ပြုလုပ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။

“ရွေးကောက်ပွဲအတွက်ထောက်ခံသူတွေ အခိုင်အမာရှိနေတဲ့ဒါလန်ဟာ ကာကွယ်ဆေးပို့ဆောင်ပေးလိုက်တာနဲ့ အတူ သူ့ ရဲ့အရေးပါပုံနဲ့ နိုင်ငံရေးအရတည်ရှိပုံတွေကိုပါဖော်ပြပြီး မဲဆွယ်စည်းရုံးလိုက်တာပါ” ဟု ဂါဇာအခြေစိုက် စာရေးဆရာတစ်ဦးဖြစ်သည့် မူစတာဖာအီဘရာဟင်က ပြောကြားခဲ့သည်။

Most Read

Most Recent