စာတစ်စောင်ပေတစ်ဖွဲ့

စာတစ်စောင်ပေတစ်ဖွဲ့
ဓာတ်ပုံ-မောင်ကြည်
ဓာတ်ပုံ-မောင်ကြည်
Published 25 February 2021
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)

တောင်ဘက်ပြတင်းပေါက်ကို ဖွင့်လိုက်ချိန်၌ ဆောင်းနှောင်းလေက အခန်းထဲကို ငြင်ငြင်သာသာလေး လူးလွင့် ဝင်ရောက်လာသည်။ ညခင်းပိုင်းမှာ အအေးပိုနေဆဲ ဖြစ်သော်လည်း မနက်ခင်းပိုင်းရောက်တော့ အအေးက သိသိသာသာ ပါးလျားစပြုလာသည်ကို သတိထားမိသည်။ ဘာလိုလိုနှင့် မကြာခင် နွေဦးပေါက်တော့မှာပါလား။

တံတိုင်းအပြင် ညောင်ပင်ထက်ဆီမှ တဆာဆာဟစ်ကြွေးနေသည့် ဥသြငှက်ငယ်၏ တွန်ကျူးသံကလည်း ထိုအဖြစ်ကိုပဲ ညွှန်းဆိုနေသည်။ မကြာမီ နွေတစ်နွေ ရောက်လာပေဦးတော့မည်။ မြန်မာပြည်က နွေဦးဆိုတော့ သည်နွေဦးက ‘မြန်မာ့နွေဦး’ ပေါ့့။ ကိုယ်တို့တွေရဲ့ မြန်မာ့နွေဦးက ဘယ်ပုံဘယ်နည်း တောက်ပလာမှာပါလိမ့်။ ဝန်းကျင်ကို အကဲခတ်လိုက်တော့ ရာသီက မှိုင်းပျပျပဲရှိသေးသည်။ စူးစူးရဲရဲ လင်းလက်လာမည့် နွေဦးရာသီ ရောက်ပြီဆိုလျှင်တော့ ကောင်းကင်ယံကလည်း ပြိုးပြက်တောက်ပလာမည်ပဲ ထင်ပါရဲ့။

အခုချိန်မှာတော့ မှုန်မှိုင်းဝေဆိုင်းနေသည့် ကောင်းကင်ယံမြင်ကွင်းနှင့်အတူ ကိုယ့်စိတ်အစဉ်ကလည်း တယ်ပြီး ကြည်ကြည်လင်လင် မရှိချင်။ ကမ္ဘာသားအများစုတို့ ကိုဗစ် ကပ်ဘေးဒဏ်ကို အလူးအလဲ ခံနေရချိန်မှာ ကိုယ်တိုင်ကလည်း ဆေးရုံဆေးခန်းနှင့် မကင်းနိုင်သည်မို့ စိတ်လက်မကြည်မလင် ရှိနေရသည့်အထဲ လောလောဆယ် ကြုံတွေ့နေရသည့် အလှုပ်အရွေ့မျိုးစုံကြောင့် အရာရာက မှုန်တိမှုန်ဝါး ဖြစ်နေဆဲ။ ကျမ်းဂန်တွေထဲမှာတော့ “စိတ်မကြည်လျှင် သွေးမကြည်၊ သွေးမကြည်လျှင် ရုပ်လည်းမကြည်” ဟုဆိုသည်။ ရုပ်ကြည်သလား မကြည်သလား ကိစ္စအတွက် ကြည့်မှန်ရှေ့မှာ မတ်တတ်ရပ်ပြီး ကိုယ့်မျက်နှာကို ဆန်းစစ်ကြည့်ဖို့ပင် လိုလှမည်မထင်။

စိတ်စက် မကြည်လင်လှသည်မို့ စာရေးချင်စိတ်ကလည်း ပေါ်မလာ။ အင်တာနက်လိုင်းတွေကလည်း မမိတစ်ချက် မိတစ်ချက် ဆိုတော့ ရေဒီယိုသတင်းလေး နားထောင်လိုက်၊  ဟိုစာသည်စာကြည့်လိုက်လုပ်ရင်း အုံ့ဆိုင်းထုံထိုင်းခြင်းများကို အလိုက်သင့် ဖြေလျော့နေရသည်။ မနေ့ကတော့ မဂ္ဂဇင်းဝတ္ထုရှည်များကို စုစည်းထားသည့် ဆရာမနုနုရည်အင်းဝ၏ စာတစ်အုပ်ကို ကောက်ကိုင်မိသွားသည်။ စာအုပ်အမည်က “ချစ်တဲ့သူ သခင်မြင်လာအုန်း” တဲ့။

၀ါဆိုဝါခေါင် ရေဖောင်ဖောင်ချိန်မှာ ဘုန်းတော်ကြီးတစ်ပါး၊ ကဗျာဆရာကြီးနှစ်ယောက်နှင့် ဆရာမတို့ ဇနီးမောင်နှံအဖွဲ့ တောင်သမန်အင်းစောင်းကို ရောက်လာကြသည်။ အချိန်က ညဦးပိုင်း။ အရှေ့ဘက် ကောင်းကင်ယံ၌ နီဝါရောင်မလင်းတလင်းဖြင့် လမင်းကြီးက မပြူ့တပြူအချိန်။ အင်းလှိုင်းခေါင်းဖြူအချို့က မဟာဂန္ဓာရုံဆရာတော်ကြီး၏ အထိမ်းအမှတ်ဂူဗိမာန်တော်ကို ဦးညွတ်လို့။ ထိုစဉ် ကဗျာဆရာကြီး တစ်ယောက်က မဟာဂန္ဓာရုံဆရာတော်ကြီး၏ စံထားလောက်သည့် စာပေကိစ္စကို နိဒါန်းချီရင်း “ဆရာတော်စာရေးရင် အင်းရေပြင်ကို မျက်နှာမူနေတဲ့ ကျောင်းစင်္ကြံမှာ စားပွဲခုံအမြင့်နဲ့ မတ်တတ်ရေးတာ။ အင်းရေပြင်ကို လှမ်းမျှော်ကြည့်လိုက်၊ စာရေးလိုက်နေမှာပေါ့” ဟု သူ့အမြင်ကို မြွက်ဟသည်။

ထိုအဆိုနှင့်စပ်၍ ဆရာတော်ကိုယ်တိုင်ရေး ‘တစ်ဘဝသံသရာ’ စာအုပ်၌ “တပည့်တော်ရဲ့ တန်ဖိုးဟာ ကျန်းမာရေးအပေါ်မှာ တည်ပါတယ်၊ ဒါ့ကြောင့် နေ့စဉ်အစားအသောက်ကို မိမိတတ်နိုင်သမျှ ကျန်းမာရေးနဲ့ ညီအောင် စားပါတယ်၊ ကျမ်းစာရေးတာတောင် ကျန်းမာရေးကြောင့် မတ်မတ်ရေးတာက များပါတယ်၊ အထိုင်များရင် ခါးပူလာလို့ အထိုင်နည်းအောင် မတ်မတ်ရပ်ပြီး စားပွဲအမြင့်နဲ့ စာရေးတဲ့အကျင့်ကို လုပ်ခဲ့ရပါတယ်” ဟု ဥူးဓမ္မဂုတ္တအား ပြောပြဟန်ဖြင့် မှတ်တမ်းတင်ခဲ့သည်ကို တွေ့ရသည်။

မဟာဂန္ဓာရုံဆရာတော်ကြီးနှင့် ရေးပုံရေးနည်းချင်းတူသော စာရေးဆရာတစ်ယောက်လည်း ရှိသေး၏ ဟု ကဗျာဆရာက ဆက်၍ဆိုသည်။ သူက ကမ္ဘာကျော်စာရေးဆရာကြီး အားနက်စ်ဟဲမင်းဝေး။ ဟဲမင်းဝေးသည်လည်း သူ၏ကိုယ်ပိုင်သင်္ဘောအပေါ်ဆုံးထပ် အမြင့်မှာနေရင်း ပင်လယ်ပြင်ကို ကြည့်ကာ မတ်တတ်ရပ်လျက်ပင် စာရေးသည်တဲ့။ ဟဲမင်းဝေးသည် နိုဘယ်လ်ဆုရ စာရေးဆရာကြီးတစ်ဦးဖြစ်သည်။ ‘ပင်လယ်ပြာနှင့် တံငါအို’ (The Old Man and The Sea) စာအုပ်ကို ရေးခဲ့စဉ်က ဆရာဟဲမင်းဝေး တစ်ယောက် ထိုသင်္ဘောကြီးအပေါ်ထပ်မှနေ၍ ပင်လယ်ပြင်ကိုကြည့်ပြီး ရေးခဲ့လေမည်လား။ ဝေဝေ၀ါးဝါး တွေးဆမိသေးသည်။

(၂)

ထိုအကြောင်းအရာများကို ဖတ်မိသည့်အခိုက် ထိုထိုစာရေးဆရာကြီးတို့၏ စာရေးပုံရေးနည်း ဟန်မူသွင်ပြင်ကိစ္စက ခေါင်းထဲအမျှင်တန်းသလို စီကာစဉ်ကာ ပေါ်လာရသည်။ အတွေးအိမ်ထဲသို့ ဦးဦးဖျားဖျား ရောက်လာသူက မင်းကွန်းတိပိဋကဆရာတော်ကြီး။

ကိုယ်နှိုက်က ဆရာတော်ကြီး၏အနီးနေ တပည့်မဟုတ်လေတော့ ဆရာတော့်အနေဖြင့် ဘယ်ပုံဘယ်နည်း စာရေးသည်ဟု တပ်အပ်သေချာ မဆိုသာပါ။ သို့သော် ၆ တွဲ၊ ၈ အုပ် အရေအတွက်ရှိသည့် မဟာဗုဒ္ဓဝင်ကျမ်းစာကြီးကို ပြုစီရင်ခဲ့စဉ်က စားပွဲပေါ်မှာ လက်နှိပ်စက်လေးတင်ပြီး အားစိုက်ကာ စာပြုနေသော ဆရာတော်ကြီး၏ ပုံရိပ်ကိုတော့ ထူးထူးခြားခြား သတိထားမိသည်။ အခြားသောနည်းဖြင့် ရေးသားခြင်းမျိုး ရှိကောင်းရှိရာသော်လည်း လက်နှိပ်စက်ဖြင့် စာရေးခဲ့ဖူးသည်ကတော့ အသေအချာ။ မဟာဂန္ဓာရုံ ဆရာတော်ကြီး၏ ကျမ်းစာအုပ်အချို့၌ စားပွဲရှေ့မှာ မတ်တတ်ရပ်လျက် ကလောင်တံကိုဝင့်ကာ ကျမ်းစာပြုစုနေသည့် ဆရာတော်၏ပုံသွင်က ထင်ရှားသည့်နည်းတူ လက်နှိပ်စက်ကလေးရှေ့ချပြီး ကြမ်းခင်းပြင်မှာ ကျမ်းပြုစုနေသည့် မင်းကွန်းဆရာတော်ကြီး၏ ပုံသွင်ကလည်း လူသိများ၍ ထင်ရှားခဲ့သည်ပင်။

လက်နှိပ်စက်ဖြင့် စာရေးလေ့ရှိသော အခြားတစ်ယောက်က ဆရာကြီးမြသန်းတင့် ဖြစ်သည်။ “လက်နှိပ်စက်ကို သေတ္တာထဲမှထုတ်ကာ စားပွဲတွင်တင်သည်။ အရေးတကြီး စာရေးစရာမရှိသည့်အခါမျိုးတွင် ကျွန်တော်သည် တစ်နေ့ကို စာလေးငါးဆယ်မျက်နှာလောက်ကိုတော့ ရေးဖြစ်အောင် အကျင့်လုပ်ထားသည်” ဟု ‘စနေနေ့ညအဖျား’ ဆိုသည့် ဆရာ့ဝတ္ထုတစ်ပုဒ်မှာ ဖတ်လိုက်ရဖူးသည်။ အရေးတကြီး ရေးစရာမရှိချိန်မှာပင် တစ်နေ့လေးငါးဆယ်မျက်နှာ ရေးသည်ဆိုတော့ အရေးတကြီး ရေးဖို့ကြုံလာချိန်မှာ စာဘယ်နှမျက်နှာလောက် ရေးခဲ့မှာပါလိမ့်ဟု အ့ံသြစိတ်ဖြင့် တွေးကြည့်မိဖူးသည်။ ဆရာက စာရေးခြင်းကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုလို သဘောထားခဲ့သူ တစ်ယောက်ဟု သိရသည်။ ထို့ကြောင့်ပင် ဆရာ့တစ်သက်တာ၌ ဂန္ထဝင်မြောက်ဝတ္ထုရှည်ကြီးများကို အုပ်ရေများစွာ ဘာသာပြန်ဆိုနိုင်ခဲ့ခြင်း ဖြစ်ပေမည်။

ပုံမှန်မဟုတ်သည့်နည်းဖြင့် စာရေးခဲ့ဖူးသူတစ်ယောက်က ဆရာမကြီး ဂျာနယ်ကျော် မမလေးဖြစ်သည်။ တိုင်းရင်းဆေးပညာကို နားလည်တတ်ကျွမ်းလေသူ သူမသည် ထိုဆေးပညာဖြင့်ပင် ထိုထိုလူနာတို့ကို ကုသိုလ်ဖြစ် ကူညီစောင့်ရှောက်ခဲ့သူ ဆေးပညာရှင် တစ်ဦးလည်းဖြစ်သည်။ သို့ရကား လူနာများကို ဦးစားပေးနေရသည်နှင့်ပင် စာရေးသည့်ဘက်ကို အချိန်ပြည့်မလှည့်နိုင်ရှာ။ စာတစ်ပုဒ်တလေ ရေးလိုသည့်အခါများ၌ တစ်နေရာရာကို ထွက်ပြေးတိမ်းရှောင်ပြီးမှသာ စာတစ်ပုဒ်ကို အဆုံးသတ်ရမည့်အခြေအနေ။ သူမအနေဖြင့် ညသန်းခေါင်မှ နံနက်မိုးသောက်အချိန် အတွင်းမှာသာ စာရေးချိန်ရတော့၏ဟု ဆိုပါသည်။

သည်တော့ ရနိုင်သမျှသော ပြတ်တောင်းပြတ်တောင်း အချိန်တိုလေးအတွင်းမှာ လူတစ်ယောက်ကို အနားမှာ ထိုင်စေလျက် သူမနှုတ်က ဘုရားရှိခိုးစာရွတ်သလို တတွတ်တွတ်ရွတ်ပေးသမျှကို ထိုတစ်ယောက်က အမီလိုက်ရေးစေသည့်နည်းကို သုံးခဲ့ရသည်။ စန္ဒာမဂ္ဂဇင်းတွင် ရေးခဲ့သည့် ‘ရင်မှတစ်ရှိုက်’ ဝတ္ထုရှည်ကို ရေးခဲ့စဉ်က ထိုနည်းအတိုင်းရေးခဲ့ရသောကြောင့် မဂ္ဂဇင်းတိုက်သို့ ပို့သည့်စာမူများမှာ တစ်ပုဒ်လျှင် လက်ရေးပုံစံ လေးငါးမျိုးဖြစ်နေခဲ့ရ၏ဟုလည်း မှတ်မှတ်ရရ ဆိုဖူးသည်။

ကိုယ်ရေးလိုသည့်စာကို နှုတ်မှရေရွတ်ကာ အခြားတစ်ယောက်ကို ရေးစေသည့်နည်းကို ဆရာကြီးဒဂုန်တာရာလည်း အသုံးပြုခဲ့ဖူးသည်။ ဆရာမကြီးဂျာနယ်ကျော် မမလေးအနေဖြင့် ထိုနည်းကို အသုံးပြုခဲ့ခြင်းမှာ ကိုယ်တိုင်ရေးဖို့ အချိန်မပေးနိုင်လောက်အောင် အလုပ်များနေ၍ သုံးခဲ့ရခြင်းဖြစ်ပြီး ဆရာကြီးဒဂုန်တာရာကတော့ ကိုယ်တိုင်စာရေး၍မရလောက်အောင် မျက်စိအမြင်အားနည်း၍ ထိုနည်းကို သုံးရခြင်းဟု သိရသည်။

ဆရာကြီးရွှေဥဒေါင်း၏ ရေးနည်းကတော့ တစ်ဘာသာ။ ဆရာကြီးစာရေးပြီဆိုလျှင် စာရေးစားပွဲအောက်မှာ လာဝပ်နေသော သူ့အချစ်တော်ခွေးကလေး၏ ကိုယ်လုံးပေါ်မှာ ခြေတင်၍ရေးလေ့ရှိ၏ဟု ဆိုသည်။ ဒါက အမြဲတမ်းတော့ ဟုတ်ဟန်မတူ။ ဆရာကြီးက သူ၏စာရေးပုံကို ပြဆိုခန်း၌ “ကျွနု်ပ်၏ ဝတ္ထုရေးပုံမှာ ည ၈ နာရီလောက်မှစ၍ မပြီးမချင်း ထိုင်ရေး၏။ များသောအားဖြင့် သန်းခေါင်ကျော် လင်းအားကြီးတွင်ပြီး၍ တစ်ခါတစ်ရံတွင်မူ မိုးလင်းသော်လည်း မပြီးသေးသည်နှင့် မီးခွက်ကိုငြိှမ်းပြီး နေရောင်ဖြင့် ဆက်၍ရေး၏”ဟု ဆိုသည်။ မိုးလင်းအောင် ထိုင်ရေးသည့်နေ့များ၌ အိပ်တော့သည်မရှိဘဲ ကော်ဖီသောက်၍ ကော်ပီစာမူလေးကိုကိုင်ကာ မဂ္ဂဇင်းတိုက်သို့သွားသည်။ ထိုသို့ရောက်လျှင် စာမူခ ကျပ် ၅၀ ကို တောင်းယူကာ ကရိုက်တီရီယန်း ဟိုတယ်သို့သွားပြီး သူ့မိတ်ဆွေ ကိုခင်မောင်တင့်နှင့် ဘိလိယက်ကစားကြသည်ဟု သူ၏ ‘တစ်သက်တာမှတ်တမ်း’ စာအုပ်၌ မှတ်တမ်းတင်ခဲ့သည်။

(၃)

ဆရာ့ဆရာကြီးများ၏ ရေးပုံရေးနည်းကို ဆက်စပ်တွေးမိရင်း ကိုယ့်အဖြစ်ကိုပါ တစ်ပါတည်း တွေးမိသွားသည်။ စာရေးစဦးကာလများက ကိုယ့်အတွက် စားပွဲမလို။ ရေးမည့် ဗလာစာအုပ်ကို သို့မဟုတ် စာရွက်အလွတ် သုံးလေးရွက်ကို ခုတင်ပေါ်တင်ပြီး လူကခွေးခြေပုပေါ်ထိုင်ကာ ရေးခဲ့သည်။ နောက်တော့ အလျားမှောက်၍ရေးသော အကျင့်တစ်ခု ရလာသည်။ ထိုစဉ်ကတော့ ဒါကမူကြမ်း၊ ဒါကအချောဆိုပြီး ရှိသေးသည်။ အခုနောက်ပိုင်းမှာတော့ ကွန်ပျူတာဖွင့်ပြီး တစ်ခါတည်း တန်းရေးချလိုက်တော့သည်။  ကွန်ပျူတာဖြင့်ရေးချိန်မှာတော့ အကြမ်းရယ်အချောရယ် ခွဲဖို့မလိုတော့။ ဟိုမြားပြသည်မြားပြ လုပ်နေဖို့လည်း မလိုတော့။ မလိုသည့်စာကို Delete လိုက်ရုံသာ။

မိတ်ဆွေဦးဇင်းတစ်ပါးကတော့ ကိုယ့်နေရာမှာ အာရုံများလို့ နားအေးပါးအေး စာရေးချင်သပဆို သူ့ကျောင်းမှာ လာရေးနိုင်ပါသည်၊ လုံးချင်းအဆောင်တစ်လုံးမှာ သီးသန့်နေပြီး စိတ်ကြိုက်ရေးနိုင်ပါသည်ဟု ဖိတ်ခေါ်ဖူးသည်။ “ဆရာမောင်သာရတို့၊ ဆရာမမိုးမိုး (အင်းလျား) တို့လည်း ဟော်တယ်တွေမှာ အခန်းသီးသန့်ငှားပြီး လွတ်လွတ်လပ်လပ် စာရေးဖူးကြတာပဲ မဟုတ်လား” ဟုလည်း သူကဆိုသေးသည်။

စာရေးဆရာအားလုံးလိုလို၌ တူညီသောအချက်က စာရေးနေချိန်မှာ စာကိုပဲစိုက်လိုက် မတ်တတ်ရေးလိုကြခြင်းပဲ ဖြစ်မည်ထင်သည်။ ကိုယ့်စိတ်နှင့်နှိုင်း၍ ဆိုရမည်ဆိုပါက စာရေးနေချိန်မှာ စိတ်ကစကားလုံးတွေကို စီပြီးစဉ်ပြီး ဖြစ်နေတတ်သည်။ ထိုစကားလုံးလေးများ မပျောက်မပျက်ရလေအောင် ကိုယ့်စိတ်ကိုလည်း တတ်နိုင်သမျှ စုစည်းထားရသည်။ အာရုံတစ်ပါး စိတ်သွားချင်၍မရ။ သို့သော် ထိုကိစ္စကို ထိန်းထားနိုင်ပါသော်လည်း ဧည့်သည်စောင်သည်ဆိုသည်မျိုးက အချိန်မရွေး ရောက်လာတတ်သည် မဟုတ်ပါလား။ ဒါကိုတွေးမိသည့်မိတ်ဆွေက သူ့နေရာမှာ အေးအေးဆေးဆေး လာရေးနိုင်ပါသည်ဟု ဆိုခဲ့ခြင်းဖြစ်ရာသည်။

တကယ်တော့ ထိုအဖြစ်က ကိုယ့်အတွက်မလိုအပ်လှပါ။ ဆရာတို့ရေးကြသည်က စာမျက်နှာများစွာဖြင့် ဖွဲ့စည်းထားသည့် လုံးချင်းဝတ္ထုကြီးများမို့ တိတ်ဆိတ်ငြိမ်သက်သည့် သီးသန့်နေရာတစ်ခုလို ကောင်းလိုမည် ဖြစ်သော်လည်း ကိုယ်ရေးသည့်စာက တစ်ပုဒ်စာအတွက် အေဖိုးသုံးလေးမျက်နှာလောက်သာ ရှိသည့်အကြောင်းကိုတော့ နောက်တစ်ကြိမ်သူနှင့်တွေ့မှပဲ အရိပ်အမြွက် ပြောပြရပေဦးမည်။

Most Read

Most Recent