ကယ်တင်ရန်လိုအပ်နေသည့် ဂင်္ဂါမြစ်

ကယ်တင်ရန်လိုအပ်နေသည့် ဂင်္ဂါမြစ်
Photo:AFP
Photo:AFP
Published 21 February 2021
မြတ်သက်မှူးကို

 တံငါသည် ရမ်ဘာဘူ ဆာဟာနီသည် သူငယ်ရွယ်စဉ်အချိန်က  ကြည်လင်ပြီး သောက်သုံး၍ရသည့် ဂင်္ဂါမြစ်ကို ပြန်ပြောင်း တမ်းတနေမိသည်။

“ဂင်္ဂါမြစ်ကြမ်းပြင်မှာရှိတဲ့ လူတွေလှူဒါန်းထားတဲ့ အကြွေစေ့တွေကို အပေါ်ကနေ မြင်နေရတဲ့အထိ မြစ်ရေက ကြည်လင်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ရွံ့တွေအပြည့်နဲ့ ဘာမှကိုမမြင်ရတော့ပါဘူး” ဟု အသက် ၃၅ နှစ် အရွယ် ဆာဟာနီက ပြောကြားခဲ့သည်။

“ကျွန်တော်တို့တွေ ဂင်္ဂါမြစ်ရေကို သောက်သုံးနိုင်ပါတယ်။ ဒါပေမဲ့အခုချိန်မှာတော့ ဒီရေတွေဟာ ကျန်းမာရေးနဲ့မညီတဲ့အတွက် မသောက်သင့်တော့ဘူး” ဟု၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမှန်အားဖြင့်ဗာရာဏသီမြို့ရှိ ဂင်္ဂါမြစ်သည် ရေထုညစ်ညမ်းသောကြောင့်မြစ်အတွင်းရှိ ငါးများသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိသဖြင့်ငါးဖမ်းခွင့်ပိတ်ပင်ထားသည်။

“ရေညစ်ညမ်းမှုကို သာမန်မျက်စိနဲ့မမြင်နိုင်ပေမယ့် ငါးတွေနဲ့စမ်းသပ်တဲ့အခါ တွေ့နိုင်ပါတယ်” ဟု မာဟာမာဏ မာလာဗီယာ ဂင်္ဂါသုတေသနစင်တာ ဥက္ကဌ ဘီဒီထရီပါသီက ပြောကြားခဲ့သည်။

“အဲ့ဒါကြောင့် ဒီမြစ်ထဲက ငါးတွေကို စားသုံးနေတာကို ရပ်တန့်ပစ်ဖို့အရေးကြီးပြီး တစ်ခုတည်းသောအဖြေကတော့ ငါးဖမ်းခွင့်ပါ တားမြစ်ပိတ်ပင်ရမှာဖြစ်ပါတယ်” ဟု၎င်းက ဆိုသည်။

သို့သော် တံငါလုပ်ငန်းဖြင့်သာအသက်မွေးဝမ်းကြောင်းပြုတတ်သည့် ဆာဟာနီသည် ဂင်္ဂါမြစ်တွင် ဆက်လက်ငါးဖမ်းလျက်ရှိပြီး ရဲတပ်ဖွဲ့က တံငါသည်အဖွဲ့အစည်းကို အမြဲတမ်းအနှောင့်အယှက်ပေးနေသည်ဟု ၎င်းကဆိုသည်။ “ဒါဟာ ကျွန်တော်တို့အတွက်စိန်ခေါ်မှုတစ်ရပ်ပဲ” ဟု ဆက်လက်ပြောကြားခဲ့သည်။

ဂင်္ဂါမြစ်သည် ဟိန္ဒူဘာသာဝင်တွေအတွက် အထွတ်အမြတ်ထားသည့်မြစ် ဖြစ်ရုံမက အိန္ဒိယနိုင်ငံသားများ ယဉ်ကျေးမှု၏အခြေခံအုတ်မြစ်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။

ဂင်္ဂါမြစ်၏ မြစ်ကမ်းပါးများတွင်နှစ်ပေါင်းများစွာ မီးသင်္ဂြိုလ်မှုများစွာပြုလုပ်ခဲ့ခြင်း၊ အစီအစဉ်တကျမရှိသောမြို့ပြနှင့် စက်မှုဖွံ့ဖြိုးမှုများနှင့် မိလ္လာနှင့် ဓာတုအညစ်အကြေးများကြောင့် ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရသည်။

၂၀၁၇ ခုနှစ်ကတည်းက အစီရင်ခံစာများအရ မြို့ပေါင်း ၁၁၈ မြို့မှ မိလ္လာအညစ်အကြေး ၄.၈ ဘီလျံခန့်၊စွန့်ပစ်အမှိုက်များနှင့် ဓာတုအညစ်အကြေးများသည်နေ့စဉ် ဂင်္ဂါမြစ်အတွင်းသို့ စီးဝင်ရောက်ရှိနေသည်။သို့သော် မိလ္လာသန့်စင်စက်ရုံများ၏ လည်ပတ်နိုင်စွမ်းသည် တစ်ဘီလျံ လီတာသာလျှင်ရှိသည်။

အိန္ဒိယ၏ဗဟိုပတ်ဝန်းကျင်ညစ်ညမ်းမှု ထိန်းချုပ်ရေးဘုတ်အဖွဲ့၏ထုတ်ပြန်ချက်အရ ၂၀၁၃ ခုနှစ်ကတည်းက ဂင်္ဂါမြစ်၏ညစ်ညမ်းမှုအဆင့်သည် ၈၀ အထိမြင့်တက်ခဲ့သည်ဟု ဆိုသည်။

၂၀၁ရခုနှစ်က ဂင်္ဂါမြစ်အတွင်းရှိနေရာ ၃၆ ခု၌ဇီဝဆိုင်ရာ အောက်စီဂျင်လိုအပ်ချက် (BOD)သည် တစ်လီတာ၌သုံးမီလီဂရမ်ကျော်ရှိပြီး ယင်းအနေအထားသည် ချိုးရေအဖြစ်အသုံးပြုရန်အတွက်ပင် သင့်လျော်ခြင်းမရှိဘဲ နောက်ထပ်နေရာ ၃၀ ၌ နှစ် မီလီဂရမ်မှ သုံးမီလီဂရမ်အထိ ရှိသည်။

BOD ဆိုသည်မှာ ဇီဝအခြေခံစွန့်ပစ်ပစ္စည်းများကို ဇီဝနည်းအရ လျှော့ချရန်အတွက် အနုဇီဝပိုးများလိုအပ်သော အောက်စီဂျင်ပမာဏဖြစ်သည်။အများအားဖြင့် BOD စမ်းသပ်ချက်အားညစ်ညမ်းမှု၏ပြင်းအားကို တိုင်းတာရာတွင်အသုံးပြုသည်။

ကိုးကားချက်အရ ညစ်ညမ်းမှုမရှိသည့် မြစ်တစ်စင်းတွင် BOD သည်တစ်လီတာ၌ တစ်ကီလိုဂရမ်အောက်အဆင့်ရှိသည့်အတွက် ဂင်္ဂါမြစ်ရေ၏ ရေထုညစ်ညမ်းမှုအဆင့် သည်မြစ်အတွင်းရှိ သက်ရှိများအတွက်သာမက ယင်းမြစ်ရေကိုအသုံးပြုနေသည့် လူများအတွက်ပါ အန္တရာယ်ရှိနိုင်သည်။

“ရေထုဆိုးရွားစွာညစ်ညမ်းမှုဟာ အဆိပ်တွေစုပြုံလာစေတဲ့အကြောင်းရင်း ဖြစ်ပါတယ်။ ငါးတွေကနေလူသားတွေဆီ ရောက်လာနိုင်ပြီး သွက်ချာပါဒလိုက်တာ၊ ကင်ဆာရောဂါ၊အရေပြားရောဂါလိုမျိုးရောဂါတွေ ဖြစ်ပေါ်နိုင်တဲ့အပြင် အသည်းရောင်ရောဂါ ဒါမှမဟုတ် ဝမ်းကိုက်ရောဂါတွေလိုမျိုး ဖြစ်ပေါ်နိုင်တာကိုတွေ့ရပါတယ်” ဟု ဂုရုကုလာ ကန်ဂရီ တက္ကသိုလ်မှ သတ္တဗေဒနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပါမောက္ခဘီဒီဂျိုရှီက ပြောကြားခဲ့သည်။

ဥတ္တရာပရာဒေရှ့်ပြည်နယ် ကမ်ပူရာမြို့ရှိ သားရေနယ်ရုံများသည် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရင်းဖြစ်သည်။ တိရစ္ဆာန်များ၏သားရေထည်များဖြစ်အောင် ပြုလုပ်သည့်လုပ်ငန်းတွင် ခရိုမီယမ်ပမာဏမြင့်မားသည့် ရေဆိုးများကိုစွန့်ထုတ်နေသည်ဟု ယင်းစက်ရုံတွင်အလုပ်လုပ်ခဲ့ဖူးသည့် အမစ်ကူမားကဆိုသည်။

၂၀၁၈ ခုနှစ်တွင် ဥတ္တရာပရာဒေရှ့်အစိုးရ မြစ်ရေသန့်ရှင်းစေရန် သားရေနယ်ရုံ ၂၆၀ နီးပါးကို ပိတ်ပစ်ခဲ့သည်။လုပ်အား ၅၀ ရာခိုင်နှုန်းလျှော့ချပြီး သဘာဝပတ်ဝန်းကျင် စံနှုန်းများကိုလိုက်နာမည်ဟုဆို၍ ယင်းတို့ထဲမှ အများစုသည်စက်ရုံများကို ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။

“သားရေနယ်စက်ရုံတွေအားလုံးကို သတိပေးချက်ထုတ်ထားပါတယ်။သတိပေးစာတစ်စောင် ရောက်လာတိုင်းပိုင်ရှင်တွေက သူတို့လုပ်ငန်းတွေကိုပိတ်လိုက်တယ်။ဒါပေမဲ့ ညဘက်တွေမှာ လုပ်ငန်းတွေကိုပြန်စပြီး ရေဆိုးတွေကိုပြန်စွန့်ထုတ်တော့တာပဲ” ဟု ကူးမားကပြောကြားခဲ့သည်။

သားရေနယ်စက်ရုံများကို ပိတ်သိမ်းခဲ့ပြီးနောက် ကူးမားသည်အလုပ်လက်မဲ့ဖြစ်ခဲ့ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေရသည်။ဗာရာဏသီမြို့ရှိ ဆာဟာနီ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာလည်း ထိခိုက်ခဲ့သည်။ “ကျွန်တော်ပုံမှန်ဆိုရင် တစ်နေ့ကိုရူပီး ၂၀၀၀(၂၇.၅၄ ဒေါ်လာ )ရပါတယ်။ ဒီရက်တွေထဲမှာတော့ တစ်နေ့ကို ရူပီး ၂၀၀ ကနေ ၃၀၀ လောက်အထိပဲရတယ်။ကျွန်တော် ငါးသွားဖမ်းပေမယ့် ငါးတွေမရှိကြဘူူး” ဟု ဆာဟာနီက ပြောကြားခဲ့သည်။

“ဝန်ကြီးချုပ်မိုဒီ အာဏာရလာတဲ့ နောက်ပိုင်း ကျွန်တော်တို့ရဲ့ ဘဝတွေပြောင်းလဲလာမယ်လို့ အားကိုးတကြီးမျှော်လင့်ထားပေမဲ့ ကျွန်တော်တို့ရဲ့ဝင်ငွေတွေကပိုပြီး လျော့နည်းလာတယ်” ဟု၎င်းကဆိုသည်။

မိုဒီသည် မိလ္လာသန့်စင်စက်ရုံ အများအပြားတည်ဆောက်ရန်၊ မြစ်ကိုသန့်စင်စေရန်နှင့် မြစ်တစ်လျှောက် သက်ရှိမျိုးကွဲများကို ပြန်လည်ထိန်းသိမ်းရန်ရည်ရွယ်၍ ရူပီး ၂၀၀ ဘီလျံစီမံကိန်းကို မိတ်ဆက်ခဲ့သည်။

၂၀၁၄မတိုင်မီက မြစ်အတွင်းရှိအညစ်အကြေးများကြောင့် ကမ္ဘာလှည့်ခရီးသည်များကို လိုက်လံပြသရာ၌ ရှက်ရွံ့မိခဲ့သည်ဟု ဧည့်လမ်းညွှန် ဗီမယ်ကူးမားပါသက်က ဆိုသည်။သို့သော် မကြာသေးမီနှစ်များအတွင်း ပြန်လည်သန့်စင်လာသည်ကိုတွေ့မြင်ခဲ့ပြီး ခရီးသွားလာရောက်မှုမြင့်တက်လာသည့်အတွက် ကပ်ရောဂါကူးစက်မှုဖြစ်ပေါ်နေသည့်ကြားမှ ၎င်း၏ဝင်ငွေမြင့်တက်လာသည် ဟုပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ် ကပ်ရောဂါစတင်ကူးစက်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံတစ်ဝန်း Lockdown ချမှတ်ခဲ့သည့်အတွက် ဂင်္ဂါမြစ်ရေမှာ ပိုမိုသန့်စင်လာခဲ့သည်။

“မြစ်ကမ်းနားမှာဘာအခမ်းအနား၊ ပွဲတော်မှမလုပ်တဲ့အတွက် ရေပိုမိုစီးဆင်းပြီး  ရေညစ်ညမ်းတာတွေလည်း အားပျော့သွားပါတယ်” ဟု နယူးဒေလီမြို့တော်ရှိ သိပ္ပံနှင့်သဘာဝပတ်ဝန်းကျင်စင်တာအကြီးတန်း ညွှန်ကြားရေးမှူး ဆူရက်ရှ်ကူမား ရိုဟီလာက ပြောကြားခဲ့သည်။

မိုဒီအစိုးရသည် ဂင်္ဂါမြစ်ကိုသန့်စင်စေရန် ဦးစားပေးလုပ်ဆောင်နေသော်လည်း ပါမောက္ခဂျိုရှီမာမူ ဂင်္ဂါမြစ်သည် သေအံ့ဆဲဆဲဖြစ်နေပြီဟု ယူဆကြောင်း ပြောကြားခဲ့သည်။

“ဂင်္ဂါမြစ်ဟာတစ်စိတ်တစ်ပိုင်းတော့ သန့်ရှင်းလာပါလိမ့်မယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ် ၅၀၊ ၆၀ လောက်က ဂင်္ဂါမြစ်ရဲ့ သန့်စင်မှုလိုမျိုး ဘယ်တော့မှပြန်မရနိုင်တော့ဘူး”ဟု၎င်းကဆိုသည်။

အစိုးရ၏ CleanGanga အဖွဲ့၏ အထွေထွေညွှန်ကြားရေးမှူး ရာဂျစ်ရန်ဂျာ မစ်ရှ်ရာက “ကျွန်တော်တို့တွေ ယုံကြည်ချက်ထားရမယ်။ ကျွန်တော်တို့တွေက အဖြေပါပဲ။ ကျွန်တော်တို့တွေသာပူးပေါင်းလုပ်ဆောင် မယ်ဆိုရင် ကျိန်းသေဖြစ်ကိုဖြစ်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။