လင်းနို့ရဲ့ နောက်ဆက်တွဲသတင်း

လင်းနို့ရဲ့ နောက်ဆက်တွဲသတင်း
Photo:hamlethub
Photo:hamlethub
Published 21 February 2021
နိုလှိုင်း

အဲဒီနေ့ကစပြီး လူနေရပ်ကွက်တွေထဲကို လင်းနို့တွေ ရောက်လာတော့တာပဲ။ တစ်ကောင်စ၊ နှစ်ကောင်စကနေ အုပ်လိုက်သင်းလိုက်ကြီးအထိ ပုံစံမျိုးစုံနဲ့ တွေ့နေကြတာ။ လူတွေကတော့ ချောက်ချားစရာအခိုက်အတန့်ကို ထပ်မံကြုံတွေ့ရဦးမလိုလို လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲဆိုတာကအစ ဘယ်သူ့ကို တိုင်တည်ညည်းညူရမှန်းမသိ ဖြစ်နေကြလေရဲ့။ တစ်နေ့တစ်နေ့ ယုံထင်ကြောင်ထင်အကြောက်တရားတွေ ဖိစီးနှိပ်စက်နေတဲ့ကြားက လင်းနို့တွေသောင်းကျန်းနေတဲ့သတင်းဟာ နောက်ထပ်ချိန်သားကိုက် ရောက်လာတဲ့ ကျိန်စာတစ်ခုလို။ ဒီလိုအခြေအနေမျိုးမှာမှ စိုးရိမ်ထိတ်လန့်စရာတွေဟာ တမင်လုပ်ကြံဖန်တီးထားသလို တစ်ပြိုင်နက်တည်း ပေါ်လာခဲ့တာပေါ့။ ရောက်လာလိမ့်မယ်ဆိုတဲ့အကြောင်းကိုတောင် လေထဲကတစ်ဆင့် အလွယ်တကူ ဖမ်းယူရရှိခဲ့ပေမဲ့ လင်းနို့တွေရန်က တားဆီးနိုင်ဖို့ကိုတော့ ဘယ်သူမှ ကြိုတင်မပြင်ဆင်နိုင်ခဲ့ဘူးတဲ့လေ။ ဒီရက်ပိုင်းအတွင်း မြို့ရဲ့တစ်နေရာက လင်းနို့တွေနေတဲ့အိမ်ကို ရှင်းလင်းလိုက်ပြီဆိုတဲ့အကြောင်းကို ကြုံတဲ့လူကကြုံသလို ပြောနေခဲ့ကြတယ်။ တကယ်လည်း အဲဒီနေ့က လှောင်အိမ်တံခါးကို ဖွင့်ပေးလိုက်ပြီးတဲ့နောက် ထောင်သောင်းချီတဲ့ လင်းနို့အုပ်ကြီးတွေဟာ အရပ်မျက်နှာအသီးသီးကို ပျံသန်းသွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက ဆိုပါတယ်။ သူတို့ ပြောတာတော့ လင်းနို့တွေဟာ လူနေရပ်ကွက်ထဲကို ညအချိန်မတော် ရောက်လာကြလိမ့်မယ်။ ရောဂါပိုးမွှားတွေ၊ အန္တရာယ်ပေးနိုင်တဲ့ အဆိပ်တွေ ကိုက်ချီပျံသန်း လာလိမ့်မယ်တဲ့။ တချို့ကတော့ လင်းနို့တွေက လူနေအိမ်တွေပေါ် မီးစတွေကြဲချလိမ့်မယ်ဆိုပြီးလည်း ပြောဆိုတတ်ကြသေးရဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အခုကစပြီး လူတွေ ဒုက္ခရောက်တော့မယ်ပေါ့လေ။ ခန့်မှန်းချက်အမျိုးမျိုးနဲ့ လင်းနို့တွေရဲ့သတင်းဟာ လေထဲမှာလွင့်နေတယ်လို့တောင် ထင်ရတယ်။ လမ်းပေါ်မှာ အသွားအလာကျဲပါးလာပြီးတဲ့နောက် ဟန်ရေးပြသူတွေလည်း တဖြည်းဖြည်း ပျောက်သွားခဲ့တဲ့ရက်တွေ။ သီချင်းသံတွေ တိတ်ဆိတ်သွားသလို၊ အဓိက လူစည်ကားတဲ့နေရာတွေကလွဲလို့ အသွားအလာမရှိသလောက် ဖြစ်သွားကြတယ်။ လင်းနို့တွေရောက်လာတာကြောင့်ချည်းလည်း မဟုတ်ပါဘူး။ တချို့ကတော့ လမ်းပေါ်မှာ ပြန်လည်စည်ကားလာဖို့ကို တကူးတက လိုက်လံဆော်သြနေကြတုန်းပဲ။

သူတို့ပြောတာလည်း မမှားခဲ့ဘူးလို့ဆိုရမလား မပြောတတ်ဘူး။ လင်းနို့အိမ်ကို ရှင်းလင်းကာစ အစောပိုင်းရက်တွေမှာတော့ လင်းနို့တွေက တစ်နေရာစီမှာ သူ့အုပ်နဲ့သူ တစ်စုတစ်စည်းတည်း ရှိနေခဲ့သလိုပါပဲ။ လူနေရပ်ကွက်တွေထဲအထိ အစုလိုက်အပြုံလိုက် အချိန်တစ်ချိန်တည်းမှာကို တိုင်ပင်ထားသလို ရောက်လာခဲ့ကြတာ။ အချိန်နာရီအတိအကျနဲ့ ဟိုတစ်စု၊ ဒီတစ်စု ရောက်ချလာခဲ့တာကို နေရာအနှံ့အပြားမှာ တွေ့လိုက်ရတယ်လို့ အားလုံးက တစ်ညီတစ်ညွတ်တည်း ပြောဆိုခဲ့ကြတယ်။ လင်းနို့တွေ ရောက်နေပြီဆိုတဲ့သတင်းဟာ ခဏကလေးနဲ့ မြို့တော်အနှံ့ပျံ့နှံ့ သွားခဲ့တယ်ပေါ့။ သူတို့ဟာ အရိပ်လိုပဲ။ တကယ်ရောက်လာတဲ့နေရာတွေရှိသလို ရောက်လာတယ်လို့ပြောပြီး ပြန်လည်ပျောက်ကွယ် သွားတဲ့နေရာတွေလည်း ရှိနေခဲ့ပြန်တယ်။ နေရာတိုင်းလိုလိုမှာ လင်းနို့တွေရောက်လာပြီဆိုပြီး အုတ်အုတ်ကျွတ်ကျွတ်ဆူညံနေတတ်ကြပေမဲ့ တကယ်တမ်း လင်းနို့တွေကို အမိအရ ဖမ်းထားလိုက်နိုင်တဲ့ နေရာတွေကတော့ အနည်းအကျဉ်းလောက်သာ တွေ့ခဲ့ကြရတယ်။  တချို့နေရာတွေမှာတော့ သတင်းသာကြားနေရပြီး လင်းနို့တွေကို မျက်မြင်ကိုယ်တွေ့ တွေ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ လင်းနို့တွေ ရောက်လာပြီလို့သာ အော်ဟစ်ဆူညံနေပေမဲ့ လင်းနို့ရဲ့အရိပ်အယောင်ကို တစ်စွန်းတစ်စလောက်တောင် ရှာလို့မတွေ့ခဲ့တဲ့နေရာတွေလည်း အများကြီးပေါ့။ တစ်နေရာရာမှာ ပုန်းအောင်းနေသလိုလို၊ အရိပ်လိုလည်း ချက်ချင်းပျောက်ကွယ်သွားတတ်ပြန်သေးရဲ့။ တစ်ယောက်ယောက်က ခြောက်လှန့်ရုံသက်သက် ပြောနေတဲ့အတိုင်း လူတွေကတော့ အုပ်စုလိုက်ကြီး ဟိုပြေးလိုက်၊ ဒီဘက်ပြေးလိုက်နဲ့ အဲဒီညတွေမှာ လင်းနို့ကို လိုက်ရှာနေကြတာ။ တိုက်အိမ်အပျက်ထဲဝင်သွားပြီလို့ အော်သူကအော်။ လိုက်တဲ့သူကလည်း အုပ်လိုက်ကြီး မသေချာမှုတစ်ခုနောက် အားကုန်လိုက်လို့။ လင်းနို့တွေကို တကယ်ပဲတွေ့ရလေမလား ဆိုတဲ့စိတ်နဲ့ အိပ်ရေးပျက်ခံပြီး လိုက်ရှာခဲ့ကြသေးရဲ့။ လင်းနို့ကို တွေ့တဲ့နေရာတွေက တခမ်းတနားနဲ့ ဓာတ်ပုံတွေ ထွက်လာတော့ ငါတို့ မတွေ့လိုက်တာ နာတာပဲတဲ့။ လင်းနို့တွေ ဖမ်းလိုက်နိုင်တဲ့သူတွေကတော့ လင်းနို့တွေဆီက စစ်ချက်တွေ ယူကြတယ်။ ဓာတ်ပုံတွေရိုက်ပြီး တခြားသူတွေမြင်အောင် ဖြန့်ဝေကြတယ်။ တချို့တလေကတော့ လင်းနို့တွေ နေထိုင်လို့ရတဲ့နေရာတွေအထိ လိုက်လံပို့ဆောင်ပေးတတ်ကြတာကို တွေ့ရပြန်သေးရဲ့။ လင်းနို့တွေဟာ ဦးတည်ရာမရ လျှောက်သွားနေကြတဲ့သဘောမျိုး၊ တစ်ကောင်တည်းက နေရာအများအပြားရောက်နေသလိုမျိုးပါပဲ။ လူနေရပ်ကွက်တွေထဲ ရောဂါပျံ့နှံ့အောင် တမင်လုပ်ကြံစည်တာမျိုးတော့ နောက်ကွယ်မှာ ရှိချင်ရှိနေမှာပေါ့လေ။ အတိအကျတော့ မသိနိုင်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်း မြို့ကလေးဆီ လင်းနို့တွေ ရောက်ရောက်လာတဲ့သတင်းတွေပြန်ပြီး ငြိမ်သွားခဲ့တယ်။ အဲဒီသတင်းအစား လေယာဉ်ပျံအပျက်တွေနဲ့ ထိပ်တိုက်တွေ့တဲ့သတင်းတွေသာ အဆက်မပြတ်ကြားနေရပြန်တာပဲ။ လင်းနို့သတင်းကတော့ လမ်းပေါ်ကို လူတွေ မထွက်ဖြစ်ကြတော့တဲ့အကြောင်းပြချက်တွေထဲမှာ အိပ်ရေးပျက်တဲ့ညတွေ ထည့်ထားလိုက်ပြီဆိုရုံလောက်နဲ့ စိတ်ဝင်စားမှု လျော့နည်းသွားတယ်ပေါ့။ မြို့ထဲမှာ အရုပ်ကားတွေ တန်းစီလှည့်လည်နေခဲ့တဲ့ သတင်းနဲ့အတူဆိုပါတော့လေ။ ညဘက်ဆိုရင် ဆူညံလွန်းတဲ့ မကောင်းဆိုးဝါးနှင်သံတွေကြား သတင်းစကားတွေကလည်း အမျိုးမျိုးထိုးဖောက် ရောက်ရှိလာတာ။ ဘယ်နေရာကိုတော့ လင်းနို့တွေ ရောက်လာပြန်ပြီ။ ဟာ၊ မဟုတ်ဘူး။ ပျောက်သွားပြန်ပြီတဲ့။ ထွက်ပြေးသွားတာပါကွာ။ မမိလိုက်တာနာတာပဲ။ ဘယ်နေရာမှာတော့ လင်းနို့တွေလုပ်လို့ မီးလောင်နေပြီစသဖြင့် အမျိုးမျိုးကြားနေကြရတယ်။ အဲဒီလိုပဲ။ ဘယ်နေရာမှာတော့ လေယာဉ်ပျံတွေက လူနေအိမ်တည့်တည့် ပျက်ကျသွားတယ်။ လေယာဉ်ပျံအပျက်တစ်စီးကတော့ သူ့ဟာသူ အကောင်းအတိုင်း ထပျံသွားတယ်စသဖြင့် လင်းနို့တွေကို တားဆီးနိုင်ဖို့ အသေအချာ ပြင်ဆင်ထားပြီးကာမှ ဆက်လုပ်ရမလို မလုပ်ရတော့မလိုလည်း ဖြစ်နေကြပြန်တယ်။ ဘာပဲဖြစ်ဖြစ် မြို့ကလူတွေကတော့ ရက်အနည်းငယ်ကြာတဲ့အထိ လင်းနို့တွေကို ဆက်ပြီး စောင့်ကြည့်ချင်ပုံပါပဲ။ သိပ်မကြာခင် အသွင်တစ်မျိုးနဲ့ ရောက်လာနိုင်တယ်လို့လည်း ခန့်မှန်းနေကြတယ်။ ညဆိုရင် အချိန်မီ အိမ်ပြန်ရောက်ဖို့အရေး၊ လေယာဉ်ပျံအပျက်တွေကို မောင်းထုတ်နိုင်ဖို့အရေးကိစ္စတွေနဲ့အတူ လင်းနို့တွေရဲ့ အန္တရာယ်ကပါ တားဆီးနိုင်ဖို့ အစစအရာရာ ပြင်ဆင်ထားနေရလေရဲ့။ အားလုံးလည်း အရူးလို ကိုယ့်ဘေးမှာဝိုင်းနေတဲ့မီးတွေနဲ့ မနည်းအားတင်းပြီး ဒီနေ့ရက်တွေကို ရင်ဆိုင်နေကြရတာ။ ဘယ်နေရာမှာတော့ လေယာဉ်ပျံတွေ စုပြုံပျက်ကျနေပြန်ပြီဆိုတဲ့ သတင်းစကားဟာလည်း စိုးရိမ်မှုနဲ့ အတူ မရိုးနိုင်အောင်ကြားနေရတဲ့ နာကျင်စရာအခိုက်အတန့်မျိုးတွေပဲ မဟုတ်လား။

ဒီလိုအချိန်ဆိုတာကတော့ ပါးစပ်ထဲရှိရာ ထင်သလို ပြောဆိုသံတွေနဲ့သာ လွှမ်းမိုးနေတတ်တာမဟုတ်လား။ အရာရာကို ဦးတည်ရာမရ လုပ်ကိုင်မိနေသလိုမျိုးပဲ။ လေယာဉ်ပျံအပျက်တွေက သူအလိုလို ပျောက်ကွယ်သွားတော့မှလိုလို၊ မန်းမှုတ်လိုက်တဲ့အတိုင်း စက်ပစ္စည်းတွေက ပြန်ကောင်းလာတော့ မလိုလို၊ သူ့သဘောနဲ့သူ လောင်ကျွမ်းပျက်စီးသွားတော့မလိုလို ပြောနေသံတွေကိုလည်း ကြားရတယ်။ တချို့ကျတော့လည်း အကြောင်းအရာမှန်သမျှ ရပ်ကွက်ထဲ အတင်းလှည့်ပြောသူလို သယ်ဆောင်လာခဲ့တယ်ဆို ရုံလောက်သာ။ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဖို့ အချိန်မရှိကြသလို တစ်နေရာနဲ့ တစ်နေရာ သတင်းတွေကအမျိုးမျိုး၊ ယုံတမ်းစကားတွေက အမျိုးမျိုးနဲ့ ရောယိမ်းလိုက်ဘသားယိမ်းလိုက် ဖြစ်နေကြတာ။ အရေးမကြီးတာကို ပုံကြီးချဲ့ကားပြီး အရေးတကြီး လိုက်လံပြောဆိုနေမိကြသလို၊ မဖြစ်နိုင်တာကို ဖြစ်နေသယောင်လည်း ကျေနပ်ပျော်ရွှင်တတ်ကြသေးရဲ့။ လေယာဉ်ပျံအပျက်တွေကို စက်ယန္တရားကြီးတွေနဲ့ တစ်စစီလိုက်လံရှင်းလင်းပစ်တော့မှာဆိုပဲ။ မြို့ရဲ့ပတ်ဝန်းကျင်မှာ လေယာဉ်တွေကို သယ်ယူဖျက်ဆီးမယ့် စက်ယန္တရားတွေ ရောက်နေခဲ့ပြီ။ လေယာဉ်ပျံအပျက်တွေကို မြို့ကနေထွက်ခွာဖို့ တစ်ယောက်ယောက်က အမိန့်ပေးလိုက်ပြီတဲ့လေ။ မမြင်နိုင်တဲ့ တန်ခိုးရှင်တစ်ဦးဦးက စေခိုင်းလိုက်တာ ဖြစ်မှာပေါ့။ မသိပါဘူး။ 

အဲဒီနေ့ရက်တွေဟာ ပျော်စရာကောင်းခဲ့မယ်လို့တောင် ထင်စရာပါပဲ။ မပျော်ခဲ့လည်း ပျော်ခဲ့တာပဲလို့တောင် အတင်းယုံကြည်နေမိလိုမျိုးပေါ့။ ဘာမှမမြင်ရတဲ့အမှောင်ထဲမှာပဲ ထိုင်ငေးနေရသလိုလို၊ ငယ်ဘဝဆိုတာကို ပြန်တွေးလိုက်တိုင်း သကာဖုံးထားတဲ့ အဖျားပျောက်ဆေးကို ပြန်သောက်ခွင့်ရသလို သတိရရနေမိတာ။ အဲဒီရက်တွေဆိုတာက နာကျင်စိတ်ကို ဘယ်လိုမှဖြေမရ၊ ပေါ့ပါးကုန်လွယ်ခဲ့တဲ့ နှစ်ကာလတွေကို ပြောတာပါ။ အစကနေ ပြန်ပြောတော့ တစ်စစီကြဲပက်ထားတဲ့ ဆန်စေ့တွေကို ရုပ်ပုံကားချပ်လို ပြန်ဆက် ကြည့်နေရတယ်။ တကယ်က ဝမ်းနည်းရကောင်းမှန်း၊ နာကျင်ရကောင်းမှန်း၊ ဒေါသထွက်စရာကောင်းမှန်းတောင် မသိခဲ့ကြသလို ဟိုတုန်းကလည်း ဒီလိုမျိုး လင်းနို့တွေရောက်လာခဲ့တာပဲလို့ လူကြီးတွေက သူတို့ရဲ့မအောင်မြင်ခဲ့တဲ့ အတိတ်အကြောင်းတွေကို အနာဖေးခွာသလို ပြန်ပြောပြနေတတ်သေးရဲ့။ ဒီနေ့ရက်တွေမှာပဲ တခုတ်တရနဲ့ ချေးခြောက်ရေနူး၊ သူတို့ပြောကြတာတော့ အများကြီးပါပဲ။ အဲဒီတုန်းကများ ဖမ်းမိတဲ့လင်းနို့တွေကို သတ်ပစ်လိုက်ကြတာတဲ့။ တံစို့နဲ့ထိုးပြီး ကင်စားလိုက်တယ်။ ကျင်းတူးပြီး မြေဖို့လိုက်တယ်တဲ့လေ။ တချို့တွေကိုတော့ မီးရှို့ခဲ့ကြတယ်လို့ ရှေ့မီနောက်မီတွေက ပြန်ပြောပြခဲ့ပါတယ်။ အခုကျတော့ ခေတ်ပြောင်းသွားပြီမို့လား မသိဘူး။ အရင်တုန်းကလို ဖမ်းမိတဲ့ လင်းနို့တွေကို သတ်ပစ်လိုက်ဖို့ ဘယ်သူမှ စိတ်မကူးကြတော့ပါဘူး။ ဟိုတုန်းက ဖမ်းမိတဲ့ လင်းနို့တွေကို စုပုံမီးရှို့ပစ်ကြတဲ့အတွက် လူတွေပိုပြီး ဒုက္ခ ရောက်ခဲ့တာလို့လည်း သတိပေးလာတတ်ကြတယ်။ လင်းနို့တွေကြောင့် ရောဂါအနာတရတွေသာ ပိုများလာမယ်။ အကျိုးမထူးဘူးဆိုတာကို မြို့ကလူတွေက သင်ခန်းစာယူတတ်နေပြီပေါ့။ လင်းနို့တွေကို ရန်မမူဘဲ သင့်တော်တဲ့နေရာကို လွှတ်ပေးလိုက်ဖို့သာ လုပ်လာကြပါတော့တယ်။

ဒီကြားထဲ သတင်းတွေကတော့ အမျိုးမျိုးထွက်နေတုန်းပေါ့။ ဘာကိုယုံကြည်ရမှန်း မသိတဲ့နေတွေမှာ သတင်းအမှားတွေ၊ လုပ်ကြံဖန်တီးထားတဲ့အကြောင်းတွေသာ ကြီးစိုးနေသလို ထွက်ပေါ်လာသမျှ သတင်းတွေကို အတည်ပြုပေးနိုင်သူလည်းမရှိ၊ ယုံနိုင်စရာအကြောင်းမရှိပေမဲ့လို့ အလွယ်တကူပဲ ပျံ့နှံ့နေခဲ့ပြန်တယ်။ ကိုယ်ပိုင်အသိဉာဏ်နဲ့တောင် မဆုံးဖြတ်နိုင်တော့ဘဲ မရေရာတဲ့သတင်းစကားတွေ ကြားမှာသာ လွင့်မျောနေခဲ့တာ။ ဘာကိုယုံကြည်ရမှန်းတောင် မသိနိုင်လောက်အောင်ပါပဲ။ မသိခဲ့ကြဘူးဆိုတာ စိတ်ခံစားချက်မှန်သမျှကိုတောင် မခံစားတတ်တော့တဲ့အထိ မြို့ကလူတွေဟာ မျက်လုံးကလယ်ကလယ်နဲ့ ငေးကြည့်နေရတာ။ ဘယ်သူဘာပဲပြောပြော ဟုတ်မယ်ထင်တယ်။ ဟုတ်တယ်ထင်တာပဲ ဆိုပါတော့။ မဟုတ်ဘူးလို့ ဘယ်တုန်းကမှ မငြင်းတတ်ခဲ့သူတွေမို့လည်း သူပြောတာလည်း ဖြစ်နိုင်မယ် ထင်တာပဲ စိတ်နဲ့သာ ဝေဝေ၀ါးဝါး။ အားလုံးက တစ်သက်လုံး အသိဉာဏ်မရှိတဲ့အမှောင်ထဲမှာသာ ကြီးပြင်းလာခဲ့ကြတာပဲမဟုတ်ပါလား။ ဘယ်အရာကိုမဆို အကြောက်တရားနဲ့သာ ပူးချည်ခံထားခဲ့ကြရတယ်။ အသက်ရှူသွင်းနေတဲ့ လေထုကိုတောင် မယုံမရဲစိတ်နဲ့။ နောက်တော့လည်း ကိုယ်ပိုင်အသိဉာဏ်နဲ့ မဆုံးဖြတ်နိုင်လောက်အောင် ဖြစ်ခဲ့ကြတာပဲပေါ့။ အခုအချိန်ကျတော့ တစ်လျှောက်လုံးက အသိဉာဏ်မဲ့လာသမျှ မစဉ်းစားမဆင်ခြင်နိုင်ကြတော့သလို လူအုပ်ကြီးနောက်ကိုသာ စုပြုံတိုးဝှေ့လိုက် နေကြရပြီး ဦးတည်ချက်က ဝေဝေ၀ါးဝါး၊ ပန်းတိုင်က မှုန်ဝါးဝါးနဲ့ ရှေ့ကိုဆက်သွားဖို့ ပြင်ဆင်နေကြလေရဲ့။ နောက်ဆုံး လေယာဉ်ပျံအပျက်တွေကို ဘယ်လိုရှင်းလင်းအောင် လုပ်ကြမလဲဆိုတာကအစ၊ ဦးဆောင်သူမရှိ စိတ်ကူးတည့်ရာ ထင်မြင်မှန်းဆချက်တွေနဲ့သာ လုပ်နေကြသလို တချို့ကလည်း အဖိုးကြီးဂျိုး ပြန်ရောက်လာဖို့ကိုသာ အလိုရှိနေကြတယ်တဲ့လေ။ အဲဒီထဲကမှ တက်ကြွတဲ့လူငယ်တွေကတော့ လေယာဉ်ပျံအပျက်တွေကို မြို့ကနေ အပြီးတိုင် ရှင်းပစ်လိုက်ဖို့ အလိုရှိနေပေမဲ့ လူအများစုကတော့ အပျော်အပျက် စိတ်ကူးယဉ်ဆန္ဒတွေနဲ့သာ အချိန်ကုန်နေကြသလိုပါ။ နောက်ဆုံးမှာ မြို့ကလေးဟာလည်း ပျောက်ဆုံးသွားသူကို မျှော်ရမလို၊ လေယာဉ်ပျံအပျက်တွေကို အပြီးတိုင် ရှင်းပစ်ရတော့မလိုလိုနဲ့ တစ်နေ့တစ်နေ့ အကျိုးရလဒ် အနည်းအကျဉ်းနဲ့သာ အခုလိုအချိန်တွေအထိ မြို့လေးထဲ အသက်ရှင် ကျေနပ်နေရလေရဲ့။