လမ်းလျှောက်နေသော ရဲတိုက်များ

လမ်းလျှောက်နေသော ရဲတိုက်များ
Photo:Everydayhealth
Photo:Everydayhealth
Published 19 February 2021
ကြူးနှစ်

ကျွန်တော်၏ ဝဲဘက်ပခုံးအောက်နှစ် လက်မလောက်အကွာ အရေပြားပေါ်မှာ ပဲကြီးလှော်စေ့တစ်စေ့အရွယ် အမာရွတ်နှစ်ခုကို တစ်လက်မလောက်ခွာပြီး အထက်အောက်တည်ရှိနေကြသည်ကို တွေ့ကြရပါ လိမ့်မည်။ ကျောက်ရောဂါကာကွယ်ရေးထိုးနှံခဲ့သည့် အမှတ်အသားဖြစ်သည်။ ကျွန်တော် ကျောင်းမနေရသေးမီကလေးမှာ ထိုးနှံခဲ့ခြင်းဖြစ်ကြောင်း ရေးတေးတေးတော့ မှတ်မိသေးသည်။ အင်္ဂလိပ်လူမျိုး ဆရာဝန်ကြီး        “အက်ဒွပ်ဂျင်းနား” (၁၇၄၉-၁၈၂၃) ၏ကျေးဇူးပင်ဖြစ်သည်။ ကျောက်ရောဂါ ရာသက်ပန်ကာကွယ်ဆေးကို တွေ့ရှိဖော်ထုတ်နိုင်ခြင်းကြောင့် ကမ္ဘာသူကမ္ဘာသားများ မရေမတွက်နိုင်အောင် အသက်ရှည်ခွင့်ရခဲ့ပါသည်။ ထို့ပြင် ကျောက်ရောဂါကြောင့် သေကြေရသူများ မသေသည့်တိုင် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသူများ အရေအတွက်ကိုလည်း ခန့်မှန်း၍ပင်မရ။ သန်းဂဏန်းမျှ ရှိလေမည်လားမသိ။ အဖေ့ဘက်မှ တော်စပ်သော ကျွန်တော်၏ ဒေါ်လေးအရင်းတစ်ယောက်မှာ အသားဖြူဖြူ၊ ကိုယ်လုံးပြည့်ပြည့်ဖြစ်ပါလျက် မျက်နှာပေါ်က ကျောက်ပေါက်မာချိုင့်ကလေးများ၊ အခွက်ကလေးများကြောင့် ရင်းနှီးသူများ၏ “ကျောက်အိုး”ဟူသော နာမည်ပြောင်ကို သေရွာအထိ သယ်ဆောင်သွားရရှာသည်။

ကျွန်တော် လူဖြစ်လာသော ၁၉၅၀ ပြည့်နှစ်များအတွင်း ကမ္ဘာလုံးချီ၍ ကျောက်ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြပုံရသည်။ ကျွန်တော် အရွယ်ရောက်စကတည်းက “ကျောက်ပေါက်၍ သေရှာသည်”ဟူသော အသံကို တစ်ခါဖူးမျှ မကြားခဲ့ရဖူးပါ။ ဒေါက်တာဂျင်းနား၏ ကျေးဇူးကြီးလှပါဘိသည်။ သို့ရာတွင် လန်ဒန်ရှိ သမားတော်များ ကောလိပ်သည် သူ၏တွေ့ရှိမှုကြီးကို မျက်ကွယ်ပြုကာ သမားတော်များအဖွဲ့သို့ ဝင်ခွင့်မပေးခဲ့ ဟု မှတ်သားရသည်။ အကြောင်းတော့ရှိလောက်ပါသည်။ ကျွန်တော့်စိတ်ထင် ဒေါက်တာဂျင်းနားသာ ကျောက်ရောဂါကာကွယ်ဆေးကို မတွေ့ခဲ့ဘဲ ယနေ့အထိ ကမ္ဘာကြီးလည်ပတ်နေသည်ဆိုလျှင် ထိုကမ္ဘာကြီးမှာ ယခုလောက် လူဦးရေများပြားထူထပ်နေမှာမဟုတ်ဟု ပြောရဲသည်။ ကျောက်ရောဂါသည်လည်း ကူးစက်ရောဂါတစ်မျိုးပင်ဖြစ်ပါသည်။ ယခုတော့ မိတ်ဆွေသည် ကျောက်ရောဂါဖြစ်ချင်လှသည်ဆိုသော်မှ ဖြစ်နိုင်ခွင့် မရှိတော့ပါ။ ကျောက်ရောဂါဖြစ်ခဲ့စေသော Variola ဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဓာတ်ခွဲခန်းအတွင်း၌သာ လိုရမည်ရစမ်းသပ်ကြည့်ဖို့ ထိန်းသိမ်းထားပါသည်။ အကယ်၍ တရုတ်ပြည် ဝူဟန်မြို့ ဓာတ်ခွဲခန်းမှ ထွက်ပြေးသော “ကိုရိုနာ” ဗိုင်းရပ်စ်လို ကျောက်ရောဂါဗိုင်းရပ်စ် ထွက်ပြေးလျှင်လည်း စိုးရိမ်စရာမရှိတော့ပေ။ ဝေးလံခေါင်ဖျား တောကြိုအုံကြားမှ တောတွင်းသားအချို့သာ ဝရမ်းပြေးဗိုင်းရပ်စ်နှင့် တိုးပြီး လူမသိသူမသိ ဒုက္ခရောက်ဖွယ်ရှိပါသည်။

“ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်”ဆိုသော ကျန်းမာရေးဆောင်ပုဒ်သည် စူးစပ်လေ့လာမှုဉာဉ်ထက်သန်သော အနောက်ကမ္ဘာတွင် အရင်ဆုံးပေါ်လာခဲ့သည်ဟု ထင်သည်။ ပြင်သစ်လူမျိုး ဓာတုဗေဒပညာရှင် “လူဝီပါစချာ” ၁၈၂၂-၉၅ သည် စူးစမ်းလေ့လာမှုများမှတစ်ဆင့် ခွေးရူးပြန်ကာကွယ်ဆေးကို တွေ့ရှိခဲ့သည်။ (အချိန်မီဆေးရရန် အခက်အခဲကြောင့် မြန်မာနိုင်ငံတွင် ခွေးရူးကိုက်ခံရ၍ သေဆုံးသူများ တစ်နှစ်မှာ  ဒါဇင်နှင့်ချီ၍ ရှိနေဆဲဖြစ်ပါသည်) လူဝီပါစချာသည် နွားရူးရောဂါဟုလည်း ခေါ်ဝေါ်တတ်ကြသည့် အိမ်မွေးတိရစ္ဆာန် ကျွဲ၊ နွား၊ သိုး၊ ဝက်တို့မှာ အဖြစ်များလေ့ရှိသော Antharax ကူးစက်ရောဂါ ကာကွယ်ဆေးဖော်ထုတ်ရေးအတွက် လမ်းစဖော်ပေးသွားခဲ့သည်။

အသက်အန္တရာယ်နီးစပ်သော ကူးစက်ရောဂါကြီးများ၏ဘေးမှ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေး တီထွင်သွားခဲ့သည့် ပုဂ္ဂိုလ်များအားလုံးကို ဤနေရာတွင် မဖော်ပြနိုင်သော်လည်း စိတ်ဝင်စားဖွယ် ပုဂ္ဂိုလ်တစ်ဦးကိုတော့ ဖော်ပြရဦးမည်။ ‘အော်လီဗာဝင်ဒ်ဟုမ်း’ သည် အမေရိကန်နိုင်ငံ ဟားဗက်တက္ကသိုလ်မှ ခန္ဓာဗေဒပါမောက္ခ ဆရာဝန်တစ်ဦးလည်းဖြစ်၏။ ဒဿနပညာရှင် စာရေးဆရာကြီးတစ်ဦးလည်း ဖြစ်ပေသေး၏။ သူက မီးနေသည် (၀ါ) သားဖွားမိခင်များနှင့် မွေးကင်းစများစွာသောအသက်ကို ကာကွယ်သွားပုံမှာ ရိုးရိုးရှင်းရှင်းသာဖြစ်သည်။ သားဖွားခန်းဝင်မည့် ဆရာဝန်များ သူနာပြုများ ပိုးသတ်ဆေးရည်ဖြင့် ဦးစွာလက်ဆေးကြရန် အကြံပြုတိုက်တွန်းခြင်းဖြစ်သည်။ ဤနည်းဖြင့် ရောဂါ ပိုးကူးစက်၍ သေဆုံးရသော သားဖွားမိခင်ပေါင်းများစွာ၏သေနှုန်းကို လျှော့ချနိုင်ခဲ့သည်။ ‘ဟုမ်း’ ၏ အကြံပေးချက် မပေါ်သေးမီ သူငယ်နာရောဂါဖြင့် မွေးကင်းစမှာ သေဆုံးခဲ့ရသော ကလေးများအတွက် ဆရာဝန်များမှာ လိပ်ပြာမသန့် ဖြစ်ကောင်းဖြစ်ခဲ့နိုင်သည်။

COVID-19 ရောဂါဝင်လာကာစ ‘လက်ဆေးပါ’ ဟူသော ညွှန်ကြားချက်နှင့်အတူ ပိုးသတ်ဆေး Antiseptic ပါသော လက်ဆေးရည်ဘူးအမျိုးမျိုး ရောဂါစျေးကွက်ထဲသို့ တွန်းထိုးဝင်ရောက်လာကြသည်ကို တွေ့ရသည်။ ရောဂါသက်တမ်းက ရှည်ကြာလာသောအခါ လက်ဆေးရည်ဘူးဖိုးအတွက်ချွေတာပြီး ဆပ်ပြာဖြင့်သာ ဆေးကြောနေတော့သည်။ ကျွန်တော်သည် ယမန်နှစ်က အရက်ပြန်ဘူးများဝယ်ပြီး လက်ဆေးရည် အဖြစ် အသုံးပြုသည်။ ယခုအခါမှာတော့ ငွေကြေးချွေတာရေးကို အကြောင်းပြုကာ ဆပ်ပြာနိုင်နိုင်ပွတ်၍သာ လက်ဆေးပါတော့သည်။

ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းတစ်ခုအဖြစ် ငွေကုန်ကြေးကျများစွာလည်းမရှိ။ ကရိကထလည်းမဖြစ် စိတ်ကိုလည်း သန့်စေသော ‘လက်ဆေးခြင်း’ အကြောင်းစဉ်းစားရင်း ကျွန်တော်သည် ရှေးဂန္ထဝင်စာဆို ‘ပဒေသရာဇာ’ (၁၀၄၅-၁၁၁၆) ၏ ထန်းသမားဘဝ၏ ဆင်းရဲမွဲတေပုံကို ဖွဲ့ဆိုသော တျာချင်းတစ်ပုဒ်ကို ၀ိုးတဝါး သတိရမိပါသည်။ ရှေးက အတတ်ပညာချို့တဲ့သော ဒေသများ၌ ရေရှားခဲ့ပုံကိုလည်း တွေးမိလာပါသည်။ စာဆိုပဒေသရာဇာ၏ ထန်းသမားသည် ထမင်းစားပြီး ရေမရှိ၍ လက်မဆေးရရှာပါ။ ထမင်းထည့်စားသော မိသားစုပန်းကန်ကြီးဖြစ်သည့် ‘ဒေါင်းလန်း’ ခေါ် လေးထောင့်သစ်သားဘန်းကြီးကိုလည်း မဆေးကြောတော့ဘဲ ခွေးကိုလျှာဖြင့် အလျက်ခိုင်းခြင်းဖြင့် ပြောင်စင်သန့်ရှင်းစေပါသည်။ ထိုခေတ်ကာလတုန်းကများ COVID-19 ပေါ်လာပြီး လက်ကိုရေနိုင်နိုင်ဆေးပေးဖို့ နှိုးဆော်ခဲ့လျှင် ထန်းသမား ကိုလူမွဲတို့ ဘယ်လိုလုပ်ကြပါမည်နည်း။

စင်စစ်သော်ကား ကျွန်တော်ကိုယ်တိုင်  အညာဒေသထန်းသမားမျိုးနွယ်ထဲမှ ပေါက်ဖွားဆင်းသက်လာသူဖြစ်သည်။ ယခုထိ အညာဒေသမှာ ကျွန်တော်၏ အမွေဆိုင်ထန်းတောအချို့ ကျန်ကောင်းကျန်နိုင်သေးသည်။ ကိုယ်တစ်ကြိမ်မျှ မရောက်ဖူးသောဒေသမှ ကိုယ်မမြင်ဖူးသော အမွေအနှစ်ကို ရန်ကုန်ပေါက် ကျွန်တော် မေ့ပစ်လိုက်ပါပြီ။ အမေကတော့ လွတ်လပ်ရေးရစခေတ်က သူ၏ အညာခရီးအကြောင်း ပြောပြခဲ့ဖူးသည်။

ထိုစဉ်က အမေသည် ပခုက္ကူအထိ ဧရာဝတီကြောင်းအတိုင်း သင်္ဘောစီးရသည်။ ပခုက္ကူမှ ရေစကြိုသို့ ကားစီးရသည်။ ရေစကြိုမှ မိဘများ၏ ဇာတိရွာ ထန်းတောများရှိရာသို့ နွားလှည်းဖြင့် ခရီးဆက်ရသည်။ လမ်းတစ်လျှောက်နေပူပူမှာ ရေချမ်းစင်မရှိ။ ထန်းပင်တစ်အုပ်တွေ့လျှင် ထန်းသမားစံမြန်းရာ ထန်းလက်မိုး ထန်းလျက်ကာ ထန်းတဲကလေးတစ်လုံး တွေ့သည်။ ထန်းတဲရှေ့မှာ စင်ကလေးထိုး၍ လတ်လတ်ဆတ်ဆတ် ထန်းရည်ချိုအေးအေးများ ထည့်ထားသည့် ထန်းရည်အိုးကလေးတွေရှိကြသည်။ ထန်းတဲရှင်ထန်းသမားမိသားစုက လှိုက်လှဲစွာအော်ဟစ်ဖိတ်မန္တကပြုကြသည်။

“ခရီးသွားများ ရေငတ်ပြေ ထန်းရေချိုကလေးများ ဝင်ရောက်သုံးဆောင်ကြပါ”

ရေတိုက်စရာသောက်ရေရှား၍ ထန်းရည်ကို ရေအစားတိုက်ကျွေးခြင်းဟု အမေကပြောပြသည်။ သို့သော် ထိုအခြေအနေက အဝေးမှာကျန်ရစ်ခဲ့ပါပြီ။ ထိုဒေသမှာ ရှေးကလို ရေလည်း မရှားတော့ပါ။ ထိုအရပ်ဒေသသို့ ကိုရိုနာဗိုင်းရပ်စ်က ရှောင်ကွင်းနေဟန်ရှိသည်။ ကိုယ်နှင့် သွေးဝေးသားချင်းများအတွက်လည်း ‘ရောဂါကင်းဝေးကြပါစေ’ဟု ဆုတောင်းပေးရပါသည်။ ကိုယ်က သည်လောက်သာ တတ်စွမ်းနိုင်သူကိုး။

ခေတ်မီဆေးပညာကို ကကြီးခခွေးမျှပင်မသင်ဖူးသော ကျွန်တော့်မှာ ရင်းနှီးသောဆရာဝန်မိတ်ဆွေအချို့ရှိ၍ သူတို့ထံမှ ရနိုင်သလောက် နို့သက်ခံဆည်းပူးရပါသည်။ ဘက်တီးရီးယားဆိုတာက ဘာ၊ ဗိုင်းရပ်စ်ဆိုတာက ဘာ၊ ကာကွယ်ဆေးဆိုတာက ဘာ၊ ကုသဆေးဆိုတာက ဘာ စသည်ဖြင့် ဆေးပညာ ကိုင်းဖျားကိုင်းနားကို မမီတမီခုန်၍ လှမ်းဆွတ်ထားရပါသည်။

ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့ တောသူတောင်သားမိဘနှစ်ပါးက မွေးကင်းစအရွယ်တုန်းက ကြိုတင်ကာကွယ်ဆေးဆို၍ မြန်မာ့ရိုးရာသူငယ်နာဆေး ‘ဆေးတို့ဖတ်ကြီး’  ခေါ် ဗိန္ဓောဆေးမှုန့်ကလေးသာ သုံးပြီး မွေးမြူခြင်းခံခဲ့ရသူဖြစ်သည်။

သို့သော် ခေတ်မီနည်းပညာနှင့် ကုသနည်းကုထုံးများကို လက်လှမ်းမီရာအရပ်မှာ ကြီးပြင်းလာရ၍ တော်ရုံအာဂန္တုက အဖျားဆိုလျှင် ကိုယ့်ဘာသာ ဆေးဝယ်သောက်သည်။ ပျောက်သည်လည်းရှိ၊ မပျောက်သည် လည်းရှိ၊ မပျောက်တော့ ဆရာဝန်ဆီပြေး၊ ဆရာဝန်ဆီမှာ ဆေးကုလည်းခံ၊ ဆေးပညာ ဗဟုသုတအတိုအစများလည်းတောင်းခံ။

သို့ပါသော်လည်း ‘ဤလောကဝယ်  မမှားသောရှေ့နေ၊ မသေသောဆေးသမားဟူသည်မရှိ’ ဟုဆိုသော ရှေးထုံးကို နှလုံးသွင်းထားသည်။ ဗိုင်းရပ်စ်သစ်တစ်မျိုးက စတင်တိုက်ခိုက်ပြီဆိုလျှင် ‘ဇီဝက’သော်မှ လက်မှိုင်ချပြီး ခေါင်းငုံ့ဆုတ်ခွာသွားရသည်မှာမုချ။ ယခု ကိုဗစ် ၁၉ ဆိုသည်က ဗိုင်းရပ်စ်အသစ်ဖြစ်သည်။ ဗိုင်းရပ်စ်က အောင်ပွဲခံနေပြီး တစ်နှစ်ခန့်ကြာမှ ကာကွယ်ဆေးဆိုသည်က ပေါ်လာသည်။ ဆေးသမားတို့သည် ဗိုင်းရပ်စ်ကို နောက်ကနေ ခြေကုန်သုတ်၍ လိုက်ရရိုးထုံးစံရှိသည်။ ၁၄ ရာစုတုန်းကဆိုလျှင် ပြင်သစ်သမားတော်တို့သည် ပလိပ်ရောဂါဗိုင်းရပ်စ်ကို မသိကြရှာချေ။ မသန့်ရှင်းသော ရေငွေ့တို့ကြောင့်သာ ကူးစက်ရောဂါဖြစ်သည်ဟု ထင်ကြသည်။ ကျွန်တော်တို့က ကံကောင်းသည်။ ရောဂါစဖြစ်သည်နှင့် တရားခံဗိုင်းရပ်စ်ဆိုသည်ကိုသိသည်။ သူ့မျိုးရိုးဗီဇနှင့်သဘာဝကိုပါ သိကြသည်။ သူ့ကို ဘယ်လိုသတ်ရမလဲ ဆိုသည်သာ မသိကြခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်သည် ရှေးတုန်းက ပလိပ်ရောဂါဗိုင်းရပ်စ်ကဲ့သို့ သူ့အလိုအလျောက် ငုံ့လျှိုးပျောက်ကွယ်သွားမည်လော၊ ပညာရှင်အချို့ကတော့ ကိုရိုနာဗိုင်းရပ်စ်သည် လူ့ကမ္ဘာမှာ ရှင်သန်တည်မြဲနေလိမ့်ဦးမည်ဟု ဟောကိန်းထုတ်ကြသည်။

ဗိုင်းရပ်စ်အမျိုးမျိုးမှာက သဘာဝအမျိုးမျိုးရှိကြပါသည်။ ၁၉၇၆ ခုနှစ်ကုန်ကာနီးတွင် အာဖရိကတိုက်အလယ်ပိုင်း ‘ဇိုင်ယာ’နိုင်ငံသို့ ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သော “အီဘိုလာ” Ebola ဗိုင်းရပ်စ်ကတော့ ထိုးစစ်ဆင်ပုံ ပြင်းထန်သည်။ ဆရာဝနများ၊ သူနာပြုများ လက်ပိုက်ကြည့်နေခဲ့ကြရသည်။ ဖျားပြီးသွေးယိုစီးသော ရောဂါသည် ဘာရောဂါမှန်းမသိ၊ ဘာရောဂါမှမသိ၍ ဘာဆေးမှလည်းမရှိ။ သို့သော် အဆိုပါ “အီဘိုလာ” သည် ယခု “ကိုရိုနာ”ကဲ့သို့ အချိန်မကြာရှည်ဘဲ တစ်နေရာရာဆီသို့ တိမ်းရှောင်ပုန်းခိုသွားသည်။ ဘယ်နေရာမှာ သွားပုန်းကြသလဲဟု ဆေးပညာရှင်များမသိကြ။ ကိုရိုနာလည်း တစ်နေ့နေ့မှာတိမ်းရှောင်သွားလေဦးမည်။ ပုန်းရာမှ ရုတ်တရက်ထွက်ပေါ်လာပြီး တစ်ဟုန်ထိုး မတိုက်ခိုက်နိုင်အောင် ကျွန်တော်တို့က ကင်းလှည့်ကင်းထောက်ပြီး ခံစစ်လုံအောင် စီမံထားဖို့တော့ လိုသည်။

လောကဓမ္မတာ “ကမ္ဘာမီးလောင်တုန်း ဆီမီးခွက်က ထတောက်ပြန်သည်။ “ကိုရိုနာဗိုင်းရပ်စ်၏ မျိုးကွဲဗိုင်းရပ်စ်အသစ်က ပျောက်ကျားစစ်ဆင်ရေးတစ်ခုပမာပေါ်လာနေပြီ။ တစ်ချိန်တည်း၌ မြန်မာနိုင်ငံသို့လည်း ကာကွယ်ဆေး ပထမအသုတ်ရောက်ရှိလာချေပြီ။  ကာကွယ်ဆေးထိုးနှံမှုကို လူစေ့တက်စေ့မျှော်လင့်၍တော့မရသေး။ (အင်းလေ) ရောမရွှေမြို့တော်ကြီးကို တစ်နေ့တည်း အပြီးဆောက်ခဲ့သည်မှ မဟုတ်ပဲကိုး။ ကာကွယ်ဆေးမထိုးနှံမီ ရောဂါကူးစက်ခံရလျှင်တော့ အသင့်အတင့် နှလုံးသွင်း၍ “ကံစီမံရာ”ဟုသာ ဖြေသိမ့်ကြဖို့ ဆန္ဒပြုပါရစေ။

ကျွန်တော်ကတော့ ကာကွယ်ဆေးအပြည့်အစုံ ထိုးနှံခွင့်ရပြီးလျှင် မိမိကိုယ်မိမိ လိပ်သဲကျောက်များဖြင့် တည်ဆောက်ထားသော ရဲတိုက်ကြီးတစ်လုံးသဖွယ် မြားများ၊ လှံများ၊ လေးသီးများနှင့်တူသော ကိုဗစ်ဗိုင်းရပ်စ်များကြားမှာ လမ်းသလားပြလိုက်ဦးမည်။