ဩစတြေးလျအိုးပင်း ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းဗိုလ်လုပွဲ သို့ နာမည်ကြီး ဂျပန်တင်းနစ်မယ် နာအိုမီ အိုဆာကာနှင့် အမေရိကန်နိုင်ငံသူ ဂျန်နီဖာဘရေဒီတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အမျိုးသမီး ဆီမီးဖိုင်နယ်ပွဲစဉ်နှစ်ပွဲကို ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားရာ ပထမပွဲတွင် အိုဆာကာ (ဆီဒင် ၃) က ဝါရင့်အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံ (ဆီဒင် ၁၀) ကို ၆-၃၊ ၆-၄၊ ဒုတိယပွဲတွင် ဂျန် နီဖာဘရေဒီ (ဆီဒင် ၂၂) က ချက်နိုင်ငံသူ မူချိုဗာ (ဆီဒင် ၂၅) ကို ၆-၄၊ ၃-၆၊ ၆-၄ ဖြင့် အနိုင်ရခဲ့သည်။
အိုဆာကာသည် ဩစတြေး လျအိုးပင်းမတိုင်မီ အကြိုကျင်းပသည့်ပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် ဆရီနာဝီလျံအား ရှုံးနိမ့်မှုကို ယခုပြိုင်ပွဲတွင် ပြန်ဆပ်နိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦးသည် ပြိုင်ပွဲစုံတွင် ငါးပွဲမြောက် တွေ့ဆုံခြင်းဖြစ်ပြီး အိုဆာကာက တတိယမြောက် နိုင်ပွဲရရှိခဲ့သည်။
၂၀၁၉ ဩစတြေးလျ အိုးပင်းအပါအဝင် ဂရင်းစလင်းချန်ပီယံဆု သုံးကြိမ်ရရှိထားသည့် အိုဆာကာ (၂၃ နှစ်) သည် ဂရင်းစလင်းဗိုလ်လုပွဲသို့ လေးကြိမ်မြောက် တက်ရောက်ခွင့်ရခြင်းဖြစ်ပြီး ယခင် သုံးကြိမ်စလုံး ချန်ပီယံဆုရရှိကာ ရာနှုန်းပြည့် နိုင်ပွဲရရှိထားသည်။
အိုဆာကာနှင့် ရင်ဆိုင်ရမည့် ဂျန်နီဖာဘရေဒီ (၂၅ နှစ်) မှာမူ ကစားသမားဘဝတစ် လျှောက် ဆုဖလားတစ်ကြိမ်မျှမရဖူးသလို ဂရင်းစလင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ ပထမဆုံး အကြိမ် တက်ရောက်ခွင့်ရခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး ယှဉ်ပြိုင်ကစားမည့် ဗိုလ်လုပွဲကို စနေနေ့ မြန်မာစံတော်ချိန် နံနက် ၉ နာရီခွဲ တွင် ကျင်းပမည်ဖြစ်သည်။















