ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းသည် ဖေဖော်ဝါရီ ၁၈ ရက်တွင် ၉၁ ပွိုင့် ဝန်းကျင်ရှိပြီး ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာ ၁၄၇၅ ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့ကာ မွန်းလွဲပိုင်းတွင် ၁၄၄၅ ကျပ် ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သော်လည်း စျေးနှုန်း မတည်မငြိမ် ဖြစ်နေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ခြောက်လအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်းများမှာ သြဂုတ်တွင် ၉၃ ဒသမ ၈၉ ပွိုင့်၊ စက်တင်ဘာတွင် ၉၄ ဒသမ ၇၅ ပွိုင့်၊ အောက်တိုဘာတွင် ၉၄ ဒသမ ၁၂ ပွိုင့်၊ နိုဝင်ဘာတွင် ၉၄ ဒသမ ၂၄ ပွိုင့်၊ ဒီဇင်ဘာတွင် ၈၉ ဒသမ ၉၃ ပွိုင့်၊ ဇန်နဝါရီတွင် ၉၁ ဒသမ ၀၂ ဖြစ်သည်။
ပြည်တွင်း စျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှ စတင်ကာ သိသိသာသာ မြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန် ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက် မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံး စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
ထိုနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိ ပြန်လည် မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင် ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန် ၁ ရက်တွင် ၁၅၂၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှ စတင်ဘာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှစ၍ ကျပ် ၁၄၀၀ အောက် ကျဆင်းခဲ့သည်။ မတ် ၁၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့ပြီး ဧပြီလတွင် ၁၄၄၀ ကျပ်၊ မေလတွင် ၁၄၂၆ ကျပ်အထိ ပြန်တက်ခဲဲ့ပြီး ဇူလိုင်တွင် ၁၃၆၇ ကျပ်၊ သြဂုတ်တွင် ၁၃၄၂ ကျပ်၊ စက်တင်ဘာ တွင် ၁၃၂၄ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇ ကျပ်အထိ ပြန်ကျခဲ့သည်။
ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ၁၄၃၆- ၁၄၆၅ ကျပ်၊ မတ်တွင် ၁၃၂၀-၁၄၄၅ ကျပ်၊ ဧပြီတွင် ၁၃၉၅-၁၄၄၀ ကျပ်၊ မေတွင် ၁၄၀၆ -၁၄၂၆ ကျပ်၊ ဇွန်တွင် ၁၄၁၂ -၁၃၈၅ ကျပ်၊ ဇူလိုင်တွင် ၁၃၆၇-၁၄၁၃ ကျပ်၊ သြဂုတ်တွင် ၁၃၄၂- ၁၃၉၂ ကျပ်၊ စက်တင်ဘာတွင် ၁၃၂၄ -၁၃၆၂ ကျပ်၊ အောက်တိုဘာတွင် ၁၂၉၇-၁၃၄၀ ကျပ်၊ နိုဝင်ဘာတွင် ၁၃၀၆-၁၃၂၇ ကျပ်၊ ဒီဇင်ဘာတွင် ၁၃၂၆-၁၄၀၅ ကျပ်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် ၁၃၃၃-၁၃၅၅ ကျပ်တို့ ဖြစ်သည်။
ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၇၀၅ ကျပ်၊ စင်ကာပူဒေါ်လာ ၁၀၈၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၄၅ ကျပ်၊ ထိုင်းဘတ် ၄၇ ဒသမ ၈ ကျပ်၊ တရုတ် ယွမ် ၂၁၀ ကျပ်၊ ဂျပန်ယန်း ၁၃ ဒသမ ၃၀ ကျပ် ဖြစ်သည်။