မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ထိုင်းဘက်သို့ ပို့ကုန်မြင့်တက် လာသော်လည်း ပြည်တွင်းသို့ သွင်းကုန်တင်သွင်းမှု လျော့ကျနေ

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ထိုင်းဘက်သို့ ပို့ကုန်မြင့်တက် လာသော်လည်း ပြည်တွင်းသို့ သွင်းကုန်တင်သွင်းမှု လျော့ကျနေ
ထိုင်းဘက်သို့ ပြောင်းတင်ပို့မည့်ယာဉ် အချို့ကို တွေ့ရစဉ်
ထိုင်းဘက်သို့ ပြောင်းတင်ပို့မည့်ယာဉ် အချို့ကို တွေ့ရစဉ်
Published 16 February 2021
ကိုရွှေသိန်း (မြဝတီ)

မြဝတီကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံဘက်သို့ မြန်မာ့ပြာင်းဆန်များအား အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရပြီးနောက် ပို့ကုန်မြင့်တက် လာသော်လည်း ပြည်တွင်းသို့ တင်သွင်းလျက်ရှိ‌သော ထိုင်းကုန်စည်များ ပုံမှန်ထက် များစွာလျော့ကျနေကြောင်း သိရသည်။

မြန်မာ့လယ်ယာထွက်ကုန် ပြောင်းဆန်များအား ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ထိုင်းနိုင်ငံဘက်သို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရပြီးနောက် ပြောင်းသယ်ယာဉ်တွဲကား နေ့စဉ်အစီး ၂၀၀ ‌ကျော် တင်ပို့နေရကြောင်း သိရသည်။

“ထိုင်းဘက်ကို ပြောင်းဆန်တွေ အခွန်လွတ်နဲ့ တင်ပို့ခွင့်ရတဲ့အတွက် ပို့ကုန်များနေပေမဲ့ ထိုင်းနိုင်ငံထုတ် သွင်းကုန်တွေကတော့ သိသာစွာ လျော့ကျနေပါတယ်။ မငြိမ်သက်တဲ့ နိုင်ငံ့အခြေအနေအပြင် ဘဏ်တွေပါ ပိတ်ထားတာလည်း ကုန်သွယ်မှုကို များစွာထိခိုက်စေပါတယ်” ဟု အမှတ် (၂) ချစ်ကြည်ရေးတံတား BCF Zone Cargo ဂိတ်၌ တာဝန်ထမ်းဆောင်နေသူ တစ်ဦးက ပြောကြားသည်။

ယခင်က မြန်မာ့ပို့ကုန်များဖြစ်သော မြေပဲ၊ ငရုတ်၊ ကြက်သွန်၊ ရေထွက်ကုန် ငါးပုစွန်များ၊ ဆန်မှုန့်များ တင်ပို့စဉ်က တစ်နေ့လျှင် ကုန်ကား ၅၀ ခန့်သာ တင်ပို့ခဲ့ကြရာမှ ယခုအခါ ကုန်ကားနှစ်ရာကျော် သုံးရာနီးပါးအထိ တင်ပို့နေရခြင်း ဖြစ်သည်။

သို့သော်လည်း ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှု၊ ဘဏ်လုပ်ငန်းများ ရပ်ဆိုင်းထားမှုကြောင့် မြန်မာနိုင်ငံသို့ တင်သွင်းသည့် ထိုင်းကုန်ပစ္စည်းများ သိသိသာသာ လျော့ကျသွားသည်ဟု နယ်စပ်ကုန်သည်များထံမှ သိရသည်။

မြဝတီနယ်စပ်တွင် ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်သူ တစ်ဦးက “ပြည်တွင်းမှာလည်း မငြိမ်မသက် ဖြစ်နေတယ်။ ဘဏ်တွေလည်း ပိတ်ထားတော့ ငွေကြေးပို့ဆောင်လို့ မရဘူး။ ပစ္စည်းဖိုး ငွေချေလို့ မရဘူးပေါ့။ ယခင်လကထက် ထက်ဝက်ကျော် လျော့ကျသွားပါတယ်။ အရင်ကဆိုရင် တစ်နေ့ ထိုင်းကုန်ပစ္စည်း ကုန်ကားအစီး ၄၀၀ လောက်ဝင်တယ်။ အခုတော့ ကုန်ကားအစီးရေ ၁၅၀ ခန့်လောက်ပဲ ဝင်လာတော့တယ်။ အမှာရှိပေမယ့် ဘဏ်လုပ်ငန်းတွေ ရပ်ထားတော့ အခွန်ဆောင်မရဘူး။ ဒီကြားထဲ အင်တာနက် လိုင်းတွေကလည်း မကောင်းဘူး။ နိုင်ငံမတည်ငြိမ်တော့ ကုန်သွယ်မှု လုပ်ငန်းတွေလည်း ထိခိုက်နေပါပြီ” ဟု ဆိုသည်။

လက်ရှိတွင် စျေးကွက်လိုအပ်ချက်အရ ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အသုံးများသော ဘိလပ်မြေ၊ သွပ်၊ သံများ၊ ကော်ပိုက်များနှင့် အချိုရည်များ၊ စားသောက်ကုန်များသာ အဓိက တင်သွင်းလျက်ရှိပြီး အချို့ကုန်သည် များမှာလည်း ဘဏ်များပိတ်ထား၍ ငွေလွှဲအခက်အခဲကြောင့် ကုန်သွယ်မှု ရပ်နားထားရကြောင်း သိရသည်။

 

Most Read

Most Recent