ဗန်းမောက်မြို့နယ်တွင် CDM ၌ ပါဝင်ခဲ့သူ ထွေအုပ်ဝန်ထမ်း ၁၁ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

ဗန်းမောက်မြို့နယ်တွင် CDM ၌ ပါဝင်ခဲ့သူ ထွေအုပ်ဝန်ထမ်း ၁၁ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ
Published 16 February 2021
ကောင်းခန့်လင်း (မုံရွာ)

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၅ ရက်က CDM ၌ ပါဝင်ခဲ့သောကြောင့် ထွေအုပ်ဝန်ထမ်း ၁၁ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်း ခံခဲ့ရကြောင်း အဆိုပါ ဝန်ထမ်းများ၏ ပြောကြားချက်အရ သိရသည်။ ထို့ပြင် တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရသည့် ထွေအုပ်ဝန်ထမ်း ၁၁ ဦးသည် CDM တွင် ပါဝင်သည် ဟုဆိုကာ နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မများကို ဖောက်ဖျက်ကျူးလွန်ခဲ့ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ ၁၇၁ အရ တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရသည့် စာတစ်စောင်လည်း လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့နေကြောင်း သိရသည်။

“လိုင်းပေါ်မှာလည်း ကျွန်တော်တို့ကို အလုပ်ဖြုတ်တဲ့စာ တင်ထားပါတယ်။ ကျွန်တော်တို့ကို တာဝန်ကနေ ရပ်ဆိုင်းခံရတာ သေချာပါတယ်။ ကျွန်တော်တို့က​တော့ ပြည်သူ့ဝန်ထမ်း တစ်ယောက် ဖြစ်တဲ့အတွက် ကိုယ်ယုံကြည်ရာကိုတော့ ဆက်လျှောက်မှာပါပဲ။ ဒီလို လုပ်လို့ အခုလို တာဝန်ကနေ ရပ်ဆိုင်းခံခဲ့ရမယ် ဆိုတာကိုလည်း အစောကြီးကတည်းက ကြိုတင်နားလည် သဘောပေါက်ပါတယ်။ ယုံကြည်မှု တစ်ခုတည်းနဲ့ ကျွန်တော်တို့ကတော့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်သွားမှာပါ” ဟု တာဝန်မှ ယာယီရပ်ဆိုင်း ခံခဲ့ရသည့် ကိုညီသာက ပြောကြားသည်။

ဗန်းမောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဉီးစီးဌာနမှ Civil Disobedience Movement (CDM) တွင် ပါဝင်လှုပ်ရှားခဲ့သောကြောင့် တာဝန်မှ ယာယီရပ်ဆိုင်း ခံခဲ့ရသည့် ထွေအုပ်ဝန်ထမ်းများမှာ ဦးထိန်ဝင်း (အကြီးတန်းစာရေး)၊ ဦးဝင်းဗိုလ်၊ ဦးအောင်စိုးထက်၊ ဦးမင်းဝေ တို့ဖြစ်သည်။ အလားတူ ဦးဆွေငြိမ်း၊ ဦးအောင်ကျော်စိုး၊ ဦးကျော်ဇာဏီဖြိုး၊ ဒေါ်ခင်ခင်ညွန့်၊ ဒေါ်စန်းစန်းရီ၊ ဦးညီသာ၊ ဦးသန့်ဇင်မျိုးတို့ ဖြစ်ကြကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီ ၁၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ထွေအုပ်ဝန် သုံးဦးသည် CDM တွင် ပါဝင်လှုပ်ရှား ခဲ့သည် ဟုဆိုကာ တာဝန်မှ ယာယီရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent