မြန်မာအသင်းကစားရမည့် ၂၀၂၂ ကမ္ဘာ့ဖလား (အာရှဇုန်) ဒုတိယအဆင့်ခြေစစ်ပွဲ လက်ကျန်ပွဲအားလုံးကို မေ (၃၁)ရက်မှ ဇွန် (၁၅)ရက် အထိကစားရန် AFC ရွေ့ဆိုင်း

မြန်မာအသင်းကစားရမည့် ၂၀၂၂ ကမ္ဘာ့ဖလား (အာရှဇုန်) ဒုတိယအဆင့်ခြေစစ်ပွဲ လက်ကျန်ပွဲအားလုံးကို မေ (၃၁)ရက်မှ ဇွန် (၁၅)ရက် အထိကစားရန် AFC ရွေ့ဆိုင်း
Photo: EMG
Photo: EMG
Published 15 February 2021

မြန်မာ့လက်ရွေးစင်အသင်းကစားရမည့် အာရှဘောလုံးအဖွဲ့ချုပ် (AFC)သည် ၂၀၂၂ ကမ္ဘာ့ ဖလား (အာရှဇုန်) ဒုတိယအဆင့် ခြေစစ်ပွဲလက်ကျန်ပွဲအားလုံးကို မေ (၃၁)ရက် မှ ဇွန် (၁၅)ရက်အထိ ကစားသွားရန် ရွေ့ဆိုင်းလိုက်ကြောင်းသိရသည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် မတ်လတွင်ပြုလုပ်ရန် စီစဉ်ထားသည့် ၂၀၂၂ ကမ္ဘာ့ဖလား(အာရှဇုန်) ဒုတိယအဆင့် ခြေစစ်ပွဲများကို ရွေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။

AFC သည် မူလက၂၀၂၂ ကမ္ဘာ့ဖလား (အာရှဇုန်) ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများကို မတ်နှင့်ဇွန်လတွင် ပြန်လည်ကျင်းပရန်စီစဉ်ထားသော်လည်း အာရှနိုင်ငံအများစုတွင် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကို ထိန်းချုပ်နိုင်ခြင်းမရှိသေးသောကြောင့် ယခုကဲ့သို့ထပ်မံပြောင်းရွှေ့ရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC)သည် ခြေစစ်ပွဲအုပ်စုလက်ကျန်ပွဲများကို မူလရေးဆွဲထားသည့်အတိုင်း အိမ်ကွင်း၊ အဝေးကွင်းပုံစံဆက်လက်ကျင်းပတော့မည်မဟုတ်ကြောင်း သိရသည်။

အာရှဘောလုံးအဖွဲ့ချုပ် (AFC)သည် ခြေစစ်ပွဲအုပ်စုလက်ကျန်ပွဲများကို အုပ်စုတစ်ခုလျင် အိမ်ရှင်တစ်နိုင်ငံကိုသာရွေးချယ်ပြီး တစ်စုတစ်စည်းတည်း ကစားစေမည် ဖြစ်ကြောင်းသိရသည်။

သို့သော်  အာရှဘောလုံးအဖွဲ့ချုပ် (AFC)သည် ခြေစစ်ပွဲလက်ကျန်ပွဲများအတွက် အိမ်ရှင်နိုင်ငံများကိုမူ ရွေးချယ်ရခြင်းမရှိသေးကြောင်းသိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲတွင် အုပ်စု (F)၌ ဂျပန်၊ တာဂျစ်ကစ္စတန်၊ ကာဂျစ္စတန်၊ မွန်ဂိုလီးယားအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ငါးပွဲကစား (၆)မှတ် ရရှိထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲအစပိုင်းကာလများတွင် ရလဒ်မကောင်းခဲ့သော်လည်း နောက်ဆုံးနှစ်ပွဲဆက်တိုက် အနိုင်ရထားသဖြင့် အုပ်စုဒုတိယနေရာအထိပါ မျှော်လင့်နိုင်သည့်အခြေအနေရှိနေသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မူလပွဲစဉ် ရေးဆွဲထားမှုအရ မတ်(၂၅) ရက်တွင် ဂျပန်အသင်းနှင့်အဝေးကွင်း၊ မတ် (၃၀)ရက်တွင် ကာဂျစ္စတန်အသင်းနှင့်အိမ်ကွင်း၊ ဇွန်(၁၅)ရက်တွင်တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် ခြေစစ်ပွဲတွင် မွန်ဂိုလီးယားကို (ဝ-၁) ဂိုး၊ ဂျပန်ကို (ဝ-၂) ဂိုး၊ ကာဂျစ္စတန်ကို (ဝ-၇) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ၂၀၁၉ နိုဝင်ဘာတွင် ယှဉ်ပြိုင်ကစားသည့် နှစ်ပွဲတွင်မူ တာဂျစ်ကစ္စတန်ကို (၄-၃) ဂိုး၊ မွန်ဂိုလီးယားကို (၁-ဝ) ဂိုးတို့ဖြင့် ပြန်လည်အနိုင်ရရှိထားသည်။

မြန်မာအသင်းသည် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများ ကြောင့်လည်း လေ့ကျင့်မည့်ရက် သတ်မှတ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Most Read

Most Recent