အကျပ်အတည်းကာလနှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုအခြေအနေ

အကျပ်အတည်းကာလနှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုအခြေအနေ
နိုင်ငံအလိုက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားမှုအခြေအနေ (ဓာတ်ပုံ-DICA)
နိုင်ငံအလိုက် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံထားမှုအခြေအနေ (ဓာတ်ပုံ-DICA)
Published 14 February 2021
နီလာ

ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေးကြီးထွားမှုနှုန်း မြင့်တက်လာရန် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကြီးကြီးမားမား ဝင်ရောက်လာရန် လိုအပ်သည်။

FDI ဟူသည် ကုမ္ပဏီများက နိုင်ငံခြားတိုင်းပြည်တစ်ခု၌ အရင်းအနှီးဝယ်ယူခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန်၌ အခြေစိုက်သော်လည်း နိုင်ငံပေါင်းစုံ၌ လုပ်ကိုင်နေသော Nike ကုမ္ပဏီသည် အားကစားဖိနပ်ထုတ်လုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံတွင် စက်ရုံတစ်ရုံတည်ဆောက်ခြင်းမျိုးကို FDI ဟုခေါ်သည်။ FDI ဝင်ရောက်မှုအပေါ် သက်ရောက်သည့်အကြောင်းခြင်းရာများစွာရှိသည့်အနက် အရေးကြီးသည့် အချက်အချို့ကို သုံးသပ်ကြည့်ရန် လုုိသည်။

(၁) လုပ်အားခနှုန်းထား -

လုပ်အားခနှုန်းထားလျော့နည်းခြင်းသည် FDI ကို ဆွဲဆောင်နိုင်သည့် အဓိကမက်လုံးထဲ၌ ပါဝင်သည်။ ပျမ်းမျှအားဖြင့် အမေရိကန်တွင် တစ်နာရီလုပ်ခ ၁၅ ဒေါ်လာရှိသော်လည်း အိန္ဒိယတိုက်ငယ်တွင် တစ်နာရီ တစ်ဒေါ်လာသာ ရှိသည်။ (မြန်မာနိုင်ငံတွင် တစ်နာရီလုပ်အားခသည် လက်ရှိဒေါ်လာစျေးအရ တစ်ဒေါ်လာ၏ သုံးပုံတစ်ပုံခန့်သာ ရှိသည်)။ ထို့ကြောင့် အနောက်တိုင်းကုမ္ပဏီများသည် အထည်ချုပ်စက်ရုံများကို အိန္ဒိယတိုက်ငယ်၌ လာရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်။ သို့သော် လုပ်အားခနှုန်းထားသက်သက်က FDI ကို ဆုံးဖြတ်ခြင်း မဟုတ်ပေ။ ဆာဟာရအောက်ပိုင်း အာဖရိကဒေသကဲ့သို့သောနေရာ၌ လုပ်အားခစျေးပေါသော်လည်း အခြားကုန်ကျစရိတ်များနှင့် မကာမိသောကြောင့် ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန် နောက်တွန့်ကြသည်။

(၂) ကျွမ်းကျင်လုပ်သား-

အချို့သောလုပ်ငန်းများ (ဥပမာ - ဆေးဝါးထုတ်လုပ်ရေးနှင့်အီလက်ထရွန်နစ်) တို့အတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်သည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် အင်္ဂလိပ်စကား ကျွမ်းကျင်စွာ ပြောတတ်သူပေါများပြီး လုပ်ခနှုန်းနိမ့်ပါးသောကြောင့် ဖုန်းခေါ်ဆိုမှုများကို ဖြေဆိုရသော ဝန်ဆောင်မှုလုပ်ငန်းများက အိန္ဒိယ၌လာရောက်ရင်းနှီးမြှုပ်နှံကြသည်။

(၃) အခွန်ကောက်ခံမှု -

Apple၊Google နှင့် Microsoft ကဲ့သို့သော ကုမ္ပဏီကြီးများသည် အခွန်ကောက်ခံမှုနိမ့်ပါးသည့် နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းကြသည်။ ဥပမာအားဖြင့် အိုင်ယာလန်နိုင်ငံသည် အခွန်ကောက်ခံမှုနှုန်းထားအရ Google နှင့် Microsoft ကုမ္ပဏီတို့ကို ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် အငြင်းပွားဖွယ်ရာအချို့ကို ဖြစ်ပေါ်စေသည်။Google ကုမ္ပဏီသည် ဥရောပနိုင်ငံအားလုံးနီးပါး၌ လုပ်ငန်းများလုပ်ကိုင်သော်လည်း အကျိုးအမြတ်အားလုံးကို အိုင်ယာလန်မှတစ်ဆင့် လွှဲပြောင်းရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

(၄) သယ်ယူပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံ -

အလွန်အဓိကကျသည့် အကြောင်းခြင်းရာတစ်ရပ်မှာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များနှင့် အခြေခံအဆောက်အအုံအဆင့်အတန်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၌ လုပ်အားခစျေးပေါနိုင်သော်လည်း ကုန်ပစ္စည်းများကို ကမ္ဘာ့စျေးကွက်သို့တင်ပို့သည့်အခါ သယ်ယူပို့ဆောင်ရေး စရိတ်မြင့်မားမှုနှင့် မကာမိခြင်း ဖြစ်နိုင်သည်။ ရေလမ်းမှတင်ပို့ရမည့် ကုန်ပစ္စည်းမျိုးအတွက် ပင်လယ်ရေကြောင်းလမ်း အသုံးပြုနိုင်သည့် နိုင်ငံများက ကုန်းတွင်းပိုင်းနိုင်ငံများထက် ပို၍အားသာချက်ရှိသည်။

(၅) စီးပွားရေး အရွယ်အစား ကြီးထွားနိုင်သည့် အလားအလာ-

အချို့သော FDI များသည် မိမိတို့လာရောက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံ၌ ကုန်ပစ္စည်းများကို တိုက်ရိုက်ရောင်းချရန် ပစ်မှတ်ထားသည်လည်းရှိသည်။ ထိုအခါ လူဦးရေအရွယ်အစားနှင့် စီးပွားရေးကြီးထွားနိုင်မှု အလားအလာသည် အရေးကြီးသည့် မက်လုံးတစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင် အသစ်ပေါ်ထွက်လာသော လူလတ်တန်းလွှာများအတွက် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ဝယ်လိုအားအလွန်ကြီးမားသောကြောင့် FDI များအလွန်စိတ်ဝင်စားကြခြင်း ဖြစ်သည်။

(၆) နိုင်ငံရေးတည်ငြိမ်မှု၊ မြေယာပိုင်ဆိုင်မှုဆိုင်ရာအခွင့်အလမ်း  -

 FDI အဖြစ် ရင်းနှီးမြှုပ်နှံမှုသည် စွန့်စားရသော ကိစ္စတစ်ရပ်ဖြစ်သည်။ နိုင်ငံရေးအနေအထားအရ မရေရာသော နိုင်ငံများအနေဖြင့် ဆွဲဆောင်အားလျော့နည်းမည်ဖြစ်သည်။ စီးပွားရေးအကျပ်အတည်းသည်လည်း FDI ကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ချက်နည်းစေသည်။ ဥပမာအားဖြင့် ရုရှားနိုင်ငံတွင် မကြာသေးမီက စီးပွားရေး အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး စီးပွားပိတ်ဆို့မှုပါ ခံရသောကြောင့် FDI များကို တွန့်ဆုတ်စေခဲ့သည်။ နိုင်ငံရေး တည်ငြိမ်မှု ပတ်သက်နေသော အခြားအကြောင်းခြင်းရာများသည် လည်း FDI များအပေါ်သက်ရောက်မှုရှိသည်။ ၎င်းတို့မှာ အဂတိလိုက်စားမှုအဆင့်နှင့် အင်စတီကျူးရှင်းများ (အထူးသဖြင့် တရားစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေး) အပေါ် ယုံကြည်စိတ်ချရမှုတို့ဖြစ်သည်။

အထက်ပါခြောက်ချက်အပြင် ကုန်ကြမ်းပစ္စည်းရရှိနိုင်မှုနှင့် ငွေလဲနှုန်းတို့ကလည်း FDI အပေါ် သက်ရောက်မှုရှိသည်။ ငွေလဲနှုန်းအားပျော့သည့်နိုင်ငံများက FDI ကို ဆွဲဆောင်နိုင်သော်လည်း ငွေလဲနှုန်းအပြောင်းအလဲမြန်ခြင်းက FDI များကို တွန့်ဆုတ်စေသည်။

မည်သို့ပင်ဆိုစေ၊ နိုင်ငံကိုအကျိုးရှိစေမည့် FDI များ ဝင်ရောက်လာရန်အတွက် နိုင်ငံအတွင်း အခြေခံကောင်းများ တည်ဆောက်ထားရန် လိုအပ်သည်။

လက်ရှိအချိန်အထိ  မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏဒေါ်လာ ၈၇၆၄၅ ဒသမ ၆၆၅ သန်း ဝင်ရောက်ထားသည်။

ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၆၄၄ ဒသမ ၄၆၀ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၄၁၀၃ ဒသမ ၉၅၇ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ၉၄၈၆ ဒသမ ၁၂၃  သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၆၆၄၉ ဒသမ ၈၁၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၇၁၈ ဒသမ ၀၈၆ သန်း၊ ၂၀၁၈ ခုနှစ် ဧပြီမှစက်တင်ဘာလအထိ ကြားကာလခြောက်လအတွင်း ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဒေါ်လာ၄၁၅၈ ဒသမ ၄၇၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၅၅၂၅ ဒသမ ၉၇၃ သန်းရှိသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဒီဇင်ဘာအထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ  ၃၄၈ ဒသမ ၈၃၅ သန်း ဝင်ရောက်ထားသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအခြေအနေကိုလေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇  ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒီဇင်ဘာအထိ ကျပ် ၁၀၃၄၈ ဘီလျံ (၁၀၃၄၈၃၆၈ ဒသမ ၄၁၈ သန်း) ရှိသည်။

ကဏ္ဍအလိုက် မြှုပ်နှံထားမှုတွင် အိမ်ခြံမြေကဏ္ဍ၌ ကျပ် ၃၀၅၆၃၄၉ ဒသမ ၆၁၄ သန်း (၃၀၅၆ ဘီလျံ)ဖြင့် အများဆုံးဖြစ်သည်။ အခြားကဏ္ဍတွင် ကျပ်၁၈၆၀၀၉၂ ဒသမ ၀၈၃ သန်း(၁၈၆၀ ဘီလျံ)၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ကျပ် ၁၆၉၈၂၀၃ သန်း (၁၆၉၈ဘီလျံ)၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ကျပ် ၁၁၄၁၆၄၅ ဒသမ ၉၁၆ သန်း(၁၁၄၁ ဘီလျံ)၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကျပ် ၁၁၂၃၆၀၁ ဒသမ ၃၉၈ သန်း(၁၁၂၃ ဘီလျံ)၊ စွမ်းအင်ကဏ္ဍတွင် ကျပ် ၄၃၆၆၆၈ ဒသမ ၂၆၅သန်း(၄၃၆ ဘီလျံ)၊Industrial Estate ကဏ္ဍတွင် ကျပ်၃၂၄၅၂၃ ဒသမ ၁၀၀ သန်း (၃၂၄ ဘီလျံ)၊မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၃၄၇၈၅၂ ဒသမ ၃၆၂ သန်း (၃၄၇ ဘီလျံ)၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၂၂၈၁၃၀ ဒသမ ၁၇၃ သန်း(၂၂၈ ဘီလျံ)၊ သတ္တုကဏ္ဍတွင် ကျပ် ၇၅၃၅၁ ဒသမ ၇၉၅ သန်း (၇၅ ဘီလျံ)၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ကျပ် ၄၂၂၂၆ ဒသမ ၆၀၀ သန်း (၄၂ ဘီလျံ)၊ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ကျပ် ၁၃၇၂၃ ဒသမ ၉၅၉ သန်း(၁၃ ဘီလျံ) ဝင်ရောက်ထားသည်။

နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အထိ စင်ကာပူနိုင်ငံက ဒေါ်လာ ၁၁၁၃၉ ဒသမ ၀၇၁ သန်း၊ တရုတ်နိုင်ငံက  ဒေါ်လာ ၃၅၀၁ ဒသမ ၉၄၄ သန်း၊ ဟောင်ကောင် (SARS) က ဒေါ်လာ၂၄၁၉ ဒသမ ၃၈၉ သန်း၊ဗီယက်နမ်က ဒေါ်လာ ၁၅၂၉ ဒသမ၄၆၄ သန်း၊ ဂျပန်က ဒေါ်လာ ၁၃၉၀ ဒသမ ၇၀၃ သန်း၊ ထိုင်းက ဒေါ်လာ၉၃၅ ဒသမ ၅၁၂ သန်း၊ UK က ဒေါ်၈၉၁ ဒသမ ၅၇၆ သန်း၊ ကိုရီးယားကဒေါ်လာ ၅၈၅ ဒသမ ၉၁၇ သန်း၊ နယ်သာလန်က ဒေါ်လာ ၅၈၁ ဒသမ၃၃၈ သန်း၊ U.S.A ကဒေါ်လာ ၃၂၆ ဒသမ ၅၀၀ သန်း၊ တိုင်ပေက ဒေါ်လာ ၁၈၀ ဒသမ ၅၇၃ သန်း၊ Samoa က ဒေါ်လာ၁၃၉ ဒသမ ၉၂၁ သန်း၊ UAE က ဒေါ်လာ၁၀၀ ဒသမ ၅၀၀ သန်း၊ ဘရူနိုင်းက ဒေါ်လာ၅၃ ဒသမ ၇၉၇ သန်း၊မလေးရှားက ဒေါ်လာ ၅၉ ဒသမ ၇၃၈ သန်း စသည်ဖြင့် အသီးသီးဝင်ရောက်ထားသည်။

COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှေးကွေးသွားခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးသွားခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင်လည်း COVID-19 ၏ သက်ရောက်မှုများ ရှိခဲ့သည်။

သို့သော်လည်း COVID-19 ကာလအတွင်း ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်လာရေးအတွက်  ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် COVID-19 ကာလအလွန်ကို မျှော်မှန်းပြီး ဦးစားပေးရင်းနှီးမြှုပ်နှံမှုမျှော်မှန်းချက် အနေဖြင့် လုပ်ငန်းခြောက်ခုဖော်ထုတ်သတ်မှတ်ထားသည်။

“ဒါတွေက လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးအခြေပြုတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်းများ ခွင့်ပြုခြင်းဖြင့် ကမ္ဘာ့စျေးကွက်ကို ချိတ်ဆက်ဆောင်ရွက်ရေး၊ ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ၊ စီးပွားရေးဇုန်များထူထောင်ခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများ၊ ဒစ်ဂျစ်တယ်နည်းပညာ အခြေပြုစီးပွားရေးလုပ်ငန်းများ၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အထူးသဖြင့် လျှပ်စစ်နှင့် အစိမ်းရောင်စီးပွားရေးနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် သက်ဆိုင်သည့်လုပ်ငန်းများ စတဲ့ လုပ်ငန်းများဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောကြားသည်။

ကာလအတွင်း နိုင်ငံတကာနည်းတူ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ထိခိုက်ခဲ့သည်။ ထို့ပြင် လက်ရှိ မြန်မာ့နိုင်ငံအရေးအခင်းအကျင်းကလည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ၏ မြန်မာနိုင်ငံအပေါ်စိတ်ဝင်စားမှုကို သက်ရောက်လာစေနိုင်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

“လုပ်အားခနှုန်းထားသက်သာလို့ စျေးကွက်ရှိလို့ မြန်မာနိုင်ငံကို လာချင်ကြတယ်။ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုပြီး ပုဂ္ဂလိကကဏ္ဍ အချင်းချင်း လာဆွေးနွေးတာတွေလည်းရှိတယ်။ ဒါပေမဲ့ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကြောင့် သူတို့လည်းဘာဆက်လုပ်ရမလဲ စဉ်းစားနေမှာပေါ့။ ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်နေတာရယ်၊ လက်ရှိအခြေအနေတွေကြောင့်တော့ ရင်းနှီးမြှုပ်နှံမှုကတက်မလာနိုင်ဘူးလို့ ကျွန်တော်မြင်ပါတယ်”ဟု ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် အကျပ်အတည်းကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စိုးရိမ်မှုများဖြစ်ပေါ်နေသော်လည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစေရေး ဆောင်ရွက်ပေးမည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများလွယ်ကူစေရေးအတွက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီ ၈ ရက်စွဲဖြင့် အသိပေးကြေညာထားသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများလွယ်ကူစေရေးအတွက် အွန်လိုင်းမှတစ်ဆင့် ကုမ္ပဏီမှတ်ပုံတင်ကိစ္စရပ်များအတွက်ဆောင်ရွက်နိုင်မည့် အီလက်ထရွန်နစ်ကုမ္ပဏီ မှတ်ပုံတင်စနစ်(MyCO)အပြင် နိုင်ငံခြားသားများနေထိုင်ခွင့်အတွက် အွန်လိုင်းမှတစ်ဆင့် Visa ထောက်ခံချက် ထုတ်ပေးခြင်းစနစ်နှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါခွင့်များကို ထောက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ ပြည်တွင်စက်မှုလုပ်ငန်းများ၊ လျှပ်စစ်ကဲ့သို့ အခြေခံအဆောက်အအုံ လုပ်ငန်းများ ဖွံ့ဖြိုးစေရေးအတွက် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများနှင့်စက်ပစ္စည်းတင်သွင်းခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေတို့အရ လုပ်ငန်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အခက်အခဲများရှိပါက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးမည်ဖြစ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(ရုံးခွဲ)များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးကြေညာထားသည်။

မည်သို့ပင်ဆိုစေကာမူ ရင်းနှီးမြှုပ်နှံမည့်သူူများအနေဖြင့် ၎င်းတို့ ရေရှည်မြှုပ်နှံလုပ်ကိုင်မည့်နိုင်ငံ၊ စျေးကွက်အလားအလာနှင့်အကျိုးအမြတ်ကို လေ့လာသုံးသပ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမည့်နိုင်ငံကို စဉ်းစားဆုံးဖြတ်ခြင်းဖြစ်သည်။