မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ သွင်းကုန်ထုတ်ကုန် ဂျူတီဆောင်သူ မရှိခြင်းနှင့် ပုဂ္ဂလိကဘဏ်များ ပိတ်ထားမှုကြောင့် ကုန်သွယ်မှု တုံ့ဆိုင်းနေပြီး ကုန်သွယ်မှု ထက်ဝက်ကျော် ကျဆင်း

မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ သွင်းကုန်ထုတ်ကုန် ဂျူတီဆောင်သူ မရှိခြင်းနှင့် ပုဂ္ဂလိကဘဏ်များ ပိတ်ထားမှုကြောင့် ကုန်သွယ်မှု တုံ့ဆိုင်းနေပြီး ကုန်သွယ်မှု ထက်ဝက်ကျော် ကျဆင်း
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
Published 10 February 2021
ပြည့်စုံ (မူဆယ်)

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု အဓိကပြုလုပ်ရာ မူဆယ်မြို့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၌  သွင်းကုန် ထုတ်ကုန် ဂျူတီဆောင်သောသူ မရှိခြင်းနှင့် ပုဂ္ဂလိကဘဏ်များ ပိတ်ထားမှုကြောင့် ကုန်သွယ်မှု တုံ့ဆိုင်းနေပြီး ကုန်သွယ်မှု ထက်ဝက်ကျော် ကျဆင်းလျက်ရှိကြောင်း မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်မှ သိရသည်။

“လက်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကတော့ ပုံမှန်ကုန်သွယ်မှုတွေ ဆောင်ရွက်လျက် ရှိတယ်။ ဒါပေမယ့် မနေ့က ၈ ရက်နဲ့  ၉ ရက်မှာ ခေတ္တဆိုင်းငံ့ခဲ့တာလေးရှိတယ်။ ဒါပေမဲ့ လည်း မန်းဝိန်းပေါက်နဲ့ ကျင်စန်းကျော့ပေါက် တွေကတော့ ကုန်သွယ်မှုတွေသွားနေတယ်။ ဒါက ယခင်ကုန်သွယ်မှု စစ်ဆေးပြီးတဲ့ယာဉ် တွေသွားနေတယ်။ သွင်းကုန်ဘက်ကလည်း ဒီတိုင်းပဲ တရုတ်နိုင်ငံဘက်က သွင်းနေတာ တွေရှိတယ်။ မန်းဝိန်းပေါက်နဲ့ ကျင်စန်းကျော့ ပေါက်တွေမှာ ကုန်သွယ်မှုရပ်နားတာမရှိဘူး။ ဒါပေမယ့် ဒီ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ထဲမှာ တော့ ကျွန်တော် အဓိကနှစ်ချက်ကို ပြောချင် တယ်။ ပထမအချက်က ၁၀၅ မိုင်နဲ့ မူဆယ်ဒေ သမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေက ၈ ရက်နဲ့ ၉ ရက်တွေမှာ ပိတ်တယ်။ ဘဏ်တွေပိတ်ထားတဲ့ အတွက်ကြောင့်မို့  ငွေလည်ပတ်မှုနည်းနည်း ခက်ခဲတာတွေရှိတယ်။ ဒုတိယအချက်က တော့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထဲမှာ လုပ်ငန်းလုပ်နေတဲ့ ကုမ္ပဏီကိုယ်စားလှယ်တွေ အေးဂျင့်တွေက ကျွန်တော် သိသလောက်ဆို ဆန္ဒဖော်ထုတ်ကြတယ်ဆိုပြီး သွားရောက်နေတဲ့အတွက် ၈ ရက်နဲ့ ၉ ရက်မှာ ဂျူတီဆောင်မှု မရှိဘူး။ ဒါပေမဲ့ လက်ရှိမှာ အသီးကား ဖရဲသီးကားတွေ အသီးကားတွေနဲ့ ပတ်သက်ပြီး တော့ ကုန်သွယ်မှုတော့ ရှိနေတယ်။ ကျန်တဲ့ ကုန်စုံတွေသာ မရှိတာပါ။ ဒီနေ့မှာ အသီးနဲ့ ပတ်သက်ပြီး ကုန်သွယ်မှု ပြန်လုပ်နေတာ တွေ့ရပါတယ်။ ရပ်ဆိုင်းနေတာတော့ မဟုတ်ဘူး အခွန်လည်း ဆောင်နေတယ် သွားနေတယ်။ လုံးဝ သုညလို သွားလာနေတာ မရှိတာ မဟုတ်ပါဘူး” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်၌ ယခင်ကာလတူအချိန်က ပုံမှန်ကားအစီးရေ ၁၀၀၀ ကုန်သွယ်မှု ပြုလုပ်နေရမှ ယခုအခါ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကြောင့် ယခုရက်ပိုင်းအတွင်း ကုန်သွယ်မှု ထက်ဝက်ကျော် ကျဆင်းနေကြောင်း သိရ သည်။

“ပုံမှန်ကတော့ ကားအစီးရေ ၁၀၀၀ ဝန်းကျင်လောက် သွားရမယ့် အခြေအနေပေါ့။ လက်ရှိ ၇ ရက်နေ့မှာ အစီးရေ ၁၄၀၀ လောက် သွားထားတယ်။ မနေ့ ၈ ရက်နေ့မှာ နည်းနည်းလျော့သွားတယ်။ ကုန်သွယ်မှုအပိုင်းမှာ နည်းနည်းကျသွားတယ်။ ကုန်သွယ်မှုက တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းကနေ ၁၅ သန်းရှိ ဝန်းကျင် ရှိတာကနေ ပြီးခဲ့တဲ့ရက်ဆိုရင် တော်တော်လေး လျော့သွားတယ်။ ရာခိုင်နှုန်းအရ ပြောရရင် ၁၀၀ မှာ ထက်ဝက်ကျော်လောက် လျော့သွားတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

“ကျွန်တော်တို့ ကုန်သွယ်မှုဆိုရာမှာ မည်သည့်အချိန်တွင်မဆို ရပ်တန့်မသွားအောင် လုပ်ကြရမှာပဲ။ ကုန်သည်လုပ်ငန်းရှင်တွေ စိုက်ပျိုးရေးတောင်သူတွေ တောက်လျှောက် စီးဆင်းရမယ့် ကိစ္စပေါ့။ တစ်ဘက်နိုင်ငံ အနေနဲ့လည်း အဝယ်ရပ်တာ မဟုတ်ဘူး။ ကိုယ့်နိုင်ငံအနေနဲ့လည်း တင်ပို့မှုက အဆင်သင့်ဖြစ်နေတာ။ ဒါကြောင့် လည်ပတ်မှု လုပ်ငန်းစဉ်က စဉ်ဆက်မပြတ် လုပ်ဖို့လိုတယ်။ ဒါမှလည်း စိုက်ပျိုးတောင်သူနဲ့ နိုင်ငံတော် အတွက်လည်း အကျိုးရှိမယ်။ လုပ်ငန်း ကိုင်ငန်းလည်း အခွင့်အလမ်းတွေလည်း ရမယ်။ တရုတ်နိုင်ငံကလည်း ပုံမှန်ကုန်သွယ်နေတယ်။ လက်ရှိကာလမှာ နယ်စပ်ကနေ ပုံမှန်ကုန်သွယ်မှုတွေ လုပ်နေတဲ့ အတွက်ကြောင့်မို့  ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေ စဉ်ဆက်မပြတ်လုပ်ပေးပါ။ ကျွန်တော်တို့ ကုန်သွယ်ရေး အပိုင်းကလည်း ယခင်အတိုင်းပဲ အဆင်ပြေ ချောမွေ့အောင် လုပ်ပေးဖို့ရှိပါတယ်” ဟု မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

မူဆယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘဏ်များအား ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေ‌အရ ပိတ်ထားပြီး ARM စက်များတွင်သာ ပြည်သူများ ငွေထုတ်ယူမှု များပြားလျက်ရှိသည်။

ပို့ကုန်တင်ပို့သည့် ကုန်ယာဉ်များသည် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်း စစ်ဆေးမှုခံယူရန် ရောက်ရှိနေမှုမှာ လေးရက်ရှိပြီး သွင်းကုန်ယာဉ်များ ရောက်ရှိနေသည်မှာ နှစ်ရက်ရှိပြီးဖြစ်ကာ ကုန်သွယ်ရေးဇုန် အတွင်း ပို့ကုန် သွင်းကုန်ယာဉ် ၇၀၀ မှ ၁၀၀၀ ခန့် စစ်ဆေးခံယူရန် တန်းစီစောင့်ဆိုင်းလျက်ရှိကြောင်း ကုန်ကားယာဉ်မောင်းများထံမှ သိရသည်။

“ဒီမှာရောက်နေတာ လေးရက်ရှိပြီ။ သူတို့က ပြောတာတော့ ဘာကာစတန်မှ မစစ်ဘူးတဲ့။ ဂျူတီဆောင်တဲ့ အေးဂျင့်တွေမရှိလို့ မစစ်တာလို့တော့ ပြောပါတယ်” ဟု ကုန်ကားယာဉ်မောင်း ကိုစိုးမင်းထွန်းက ပြောကြားသည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အတွင်းရှိ ကုမ္ပဏီကိုယ်စားလှယ်များအား The Daily Eleven သတင်းစာက တွေ့ဆုံရန် ကြိုးစားခဲ့သော်လည်း တွေ့ဆုံနိုင်ခဲ့ခြင်း မရှိပေ။

ဖေဖော်ဝါရီ ၁၀ ရက်တွင်လည်း မူဆယ်မြို့၌ လူအင်အား ထောင်နှင့်ချီကာ ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်နေကြကြောင်း သိရသည်။

 

Most Read

Most Recent