အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို စတင်သည့်အနေဖြင့် တပ်မတော်က ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန် KNU တောင်းဆို

အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို စတင်သည့်အနေဖြင့် တပ်မတော်က ဖမ်းဆီးထားသော နိုင်ငံ့ခေါင်းဆောင်များအပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများကို ခြွင်းချက်မရှိ လွှတ်ပေးရန် KNU တောင်းဆို
Published 2 February 2021

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်နေရာတွင် ယခုအခါ တပ်မတော်က အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို စတင်သည့်အနေဖြင့် နိုင်ငံ့ခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က ဖေဖော်ဝါရီ ၂ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်၍ တောင်းဆိုသည်။

ထို့ပြင် ၎င်းတို့ကို ချွင်းချက်မရှိ လွတ်ပေးပြီးနောက် နိုင်ငံရေးပြဿနာ အရပ်ရပ်ကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာရန် အလေးအနက်တောင်းဆိုကြောင်းလည်း KNU ၏ သဘောထားကြေညာချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီခေါင်းဆောင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ကြီးချုပ်များ အပါအဝင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းအပေါ် အထူးပင်စိုးရိမ်မိပြီး မြန်မာနိုင်ငံ၏ အနာဂတ်အတွက် လွန်စွာပူပန်မှု ဖြစ်ပေါ်ရကြောင်း KNU က သဘောထားကြေညာချက် ထုတ်ပြန်သည်။

ထိုသို့ တပ်မတော်က နိုင်ငံတော် အာဏာကို သိမ်းယူလိုက်ခြင်းသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်အား ကြီးမားစွာ အဟန့်အတားဖြစ်ပေါ်စေပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် လုပ်ငန်းစဉ်အပေါ် လေးနက်မှုမရှိကြောင်းကို ပြသခြင်းဖြစ်ကာ စိန်ခေါ်မှုများစွာရှိနေသော နိုင်ငံ၏ အနာဂတ်အရေးကို ဆိုးဝါးစွာထိခိုက်စေမည်ဖြစ်ကြောင်းလည်း KNU က သဘောထားကြေညာချက် ထုတ်ပြန်သည်။

ထို့ပြင် KNU အနေဖြင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးနှင့် အတူတကွ ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း KNU က သဘောထားကြေညာချက် ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမိန့်အမှတ် (၁/၂၀၂၁) ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အဆိုပါထုတ်ပြန်ချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

ထိုသို့ အရေးပေါ်အခြေအနေကြေညာခြင်းနှင့်အတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီခေါင်းဆောင်များ၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးများမှ ဝန်ကြီးချုပ်များ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် အစိုးရအဖွဲ့ဝင်များအား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

မဲစာရင်းများ စစ်ဆေးအတည်ပြုခြင်း အပါအဝင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ လွှဲအပ်တာဝန်ပေးကြောင်း နိုင်ငံတော်သမ္မတရုံး၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ KNU သည် ယခင် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Most Read

Most Recent