ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်း

ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ပြင်ဆင်ဖွဲ့စည်း
Published 1 February 2021

ဒုတိယဗိုလ်ချုပ်ကြီးများ ပါဝင်သည့် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကော်မတီသည် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ လိုအပ်သည်များအား ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားပြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေက အတွင်းရေးမှူးအဖြစ် တာဝန်ယူထားကာ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းတို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ထိရောက်စွာ ဆွေးနွေးဆောင်ရွက်နိုင်ရေးအတွက် တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၉ ရက်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်သည်။

နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် ဆက်လက် ဆွေးနွေးဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အမြန်ဆုံး ဆက်လက်ဆွေးနွေးနိုင်ရေးအတွက် အဆိုပါ ကော်မတီကို ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကော်မတီသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်း အတိုင်း NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမို ခိုင်မာအောင် ဆက်လက်ဆွေးနွေးခြင်း၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်သည်။

တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ခိုင်မာသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များမှအပ စစ်ရေးဆိုင်ရာလှုပ်ရှားမှု များကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၈ ရက်အထိ ရပ်ဆိုင်းပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ထားပြီးဖြစ်သည်။

ထိုသို့ တပ်မတော်မှ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ တိုးမြှင့်ရပ်စဲပေးထားသည့်ကာလများကို ယခင်ကထက် ပိုမို ထိရောက်အကျိုးရှိစွာ အသုံးပြု၍ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက တိုက်တွန်းထုတ်ပြန်ထားသည်။

 

 

Most Read

Most Recent