ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်း အားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား သုံးမျိုး ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲ ၏ ပိုက်ကျော်ခြင်းအားကစားနည်းတွင် အမျိုးသားပြိုင်ပွဲများသာ ကျင်းပမည်ဖြစ်ပြီး နှစ်ယောက်တွဲပြိုင်ပွဲ၊ သုံးယောက်တွဲပြိုင်ပွဲနှင့် သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် အားကစားနည်းများတွင် ပိုက်ကျော်ခြင်းအားကစားနည်းပါဝင်ပြီး ယှဉ်ပြိုင်မည့် ပြိုင်ပွဲအမျိုးအစားများ ကို ထပ်မံရွေးချယ်မည်ဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်းသည် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲတွင် ယခင်ကတည်းက ဆုတံဆိပ်ရယူနိုင်ခဲ့ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၈ ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်အပါအဝင် ဆုတံဆိပ်များ ရယူနိုင်ခဲ့သည်။ ယင်းပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့က ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပဏာမကစားသမားများကိုလည်း မကြာမီ ရွေးချယ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲစည်းမျဉ်းအရ အသက် ၁၈ နှစ်မှ ၂၆ နှစ်ကြားရှိ တက္ကသိုလ်တစ်ခုခုတွင် တက်ရောက်နေသူများ ယှဉ်ပြိုင်ခွင့်ရှိသောကြောင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်အနေ ဖြင့် လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် ကစားသမားများအနက် အသက်မီသူများ ကို ရွေးချယ်စေလွှတ်ဖွယ်ရှိနေသည်။ ပြီးခဲ့သည့် ၂၀၁၈ အာဆီယံတက္ကသိုလ် အားကစား ပြိုင်ပွဲတွင်လည်း မြန်မာပိုက်ကျော်ခြင်းအဖွဲ့အနေဖြင့် အသက်မီသည့် လက်ရွေးစင်ကစားသမားအချို့ကို ရွေးချယ်ယှဉ်ပြိုင်စေခဲ့သည်။
အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇွန်လတွင် ကျင်းပရန် စီစဉ်ထားပြီး အားကစားနည်း ၂၅ မျိုး ထည့်သွင်းကျင်းပမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယင်းပြိုင်ပွဲတွင် အားကစားနည်း ငါးမျိုး ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြီး ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ ဝူရှူး နှင့် မြားပစ်အားကစားနည်းတို့ဖြစ်ကြောင်း သိရသည်။ ဝင်ရောက်ယှဉ်ပြိုင်မည့် အား ကစားနည်းအများစုတွင် လက်ရွေးစင်အဆင့် ကစားသမားအများစု ပါဝင်လာဖွယ်ရှိနေသည်။
မြန်မာနိုင်ငံအနေဖြင့် ဆုတံဆိပ်ရယူနိုင်ရန် အလားအလာရှိသည့် အားကစားနည်းများကို ရွေးချယ်စေလွှတ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် အားကစားအဖွဲ့အများစု မစေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေ ဖြင့် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများစွာ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသော်လည်း ဇန်နဝါရီလလယ်အထိ စခန်းဝင်လေ့ကျင့်နိုင် ခြင်းမရှိသေးကြောင်း သိရသည်။















