လန်ဒန်ဒါဘီမှာ ခက်ခက်ခဲခဲနိုင်ပွဲယူခဲ့ရတဲ့ ချယ်လ်ဆီး

လန်ဒန်ဒါဘီမှာ ခက်ခက်ခဲခဲနိုင်ပွဲယူခဲ့ရတဲ့ ချယ်လ်ဆီး
Photos: AFP,Twitter
Photos: AFP,Twitter
Published 17 January 2021

ချယ်လ်ဆီးနည်းပြလမ်းပတ်အတွက်တော့ အသက်ရှုချောင်စေမယ့် ကျေနပ်စရာရလဒ်လို့ပဲဆိုရမယ်။ လန်ဒန်ဒါဘီပွဲဖြစ်နေတာရယ်၊ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ပွဲဆက်သရေကစားထားတဲ့ ဖူလ်ဟမ်ရဲ့မာဂုဏ်တွေကြောင့်

ချယ်လ်ဆီးအသင်းအတွက် ခက်ခဲမယ့်ပွဲလို့ကြိုတင်တွေးဆတဲ့အတိုင်း တကယ်ပဲခက်ခက်ခဲခဲနိုင်ပွဲယူခဲ့ရတာပါ။

ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲမှာ (၁)ပွဲသာနိုင်တဲ့အထိ အခြေအနေဆိုးရွားနေတဲ့ ချယ်လ်ဆီးနဲ့ နည်းပြလမ်းပတ်အတွက်ကတော့ အနိုင်ရလဒ်ကြောင့် ကျေနပ်စရာဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ပွဲအတွင်းကစားသွားတဲ့ခြေအရတော့ ချယ်လ်ဆီးအသင်းမှာ

လိုအပ်ချက်များစွာ၊ ဖိအားများစွာရှိနေတာကိုတွေ့ရပါတယ်။

ဒီနေ့ပွဲမှာလည်း ဖူလ်ဟမ်အသင်းကို ဒုတိယပိုင်းတစ်ပိုင်းလုံးတစ်ယောက်အသာနဲ့ကစားနိုင်ခဲ့ပေမဲ့ မေဆန်မောင့်ရဲ့ တစ်လုံးတည်းသောသွင်းဂိုးကြောင့်သာ မျက်နှာမပျက်ခဲ့ရတာပါ။

နောက်ဆုံး(၅)ပွဲဆက်သရေရလဒ်မှာ လီဗာပူးလ်၊ နယူးကာဆယ်၊ ဆောက်သမ်တန်၊ စပါးတို့လိုအသင်းတွေဆီကပါ ကွင်းမရွေးအမှတ်ရအောင်ယူနိုင်ခဲ့တဲ့ ဖူလ်ဟမ်အသင်းရဲ့ တည်ငြိမ်မှုနဲ့ မာကျောမှုကိုဒီနေ့ပွဲမှာလည်း ထပ်တွေ့ခဲ့ရပါတယ်။

ပြိုင်ဘက်ဖိအားပေးကစားနေချိန်မှာ လျှင်မြန်တဲ့တန်ပြန်တိုက်စစ်အားတွေနဲ့ အခက်တွေ့အောင်လုပ်လေ့ရှိတဲ့ ဖူလ်ဟမ်အသင်းရဲ့ ကွင်းလယ်နဲ့တိုက်စစ်ကစားအားကို ချယ်လ်ဆီးအသင်းခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတာပါ။

ချယ်လ်ဆီးနည်းပြလမ်းပတ် ကွန်တေပွဲပယ်ခံထားရတာကြောင့် ကွင်းလယ်မှာ ဂျော်ဂျင်ဟို၊ ကိုဗာချစ်၊ မေဆန်မောင့်တို့ကိုတွဲဖက်ခဲ့ပြီး တိုက်စစ်မှာလည်း ဗာနာနဲ့ ဟာဗက်ဇ်ကိုအရန်ခုံပို့ကာ ဂျရူး၊ ဇီယာ့ချ်နဲ့ ပူလီဆစ်တို့ကို တွဲဖက်ခဲ့ပါတယ်။

ပွဲအစပိုင်းကာလမှာ ချယ်လ်ဆီးအသင်း ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့ပေမယ့် ပွဲချိန်ကြာလာတာနဲ့အမျှ ဖူလ်ဟမ်အသင်းရဲ့ လုပ်အားကောင်းပြီး လျှင်မြန်တဲ့ တောင်ပံတိုက်စစ်တွေက ချယ်လ်ဆီးအသင်းဘက်ကို တန်ပြန်ဖိအားပေးခဲ့ပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်လမ်းကြောင်းချိတ်ဆက်မှုတွေမှာ ဘောလုံးအပျက်များနေသလို တောင်ပံ (၂)ဖက်က ပူလီဆစ်နဲ့ ဇီယာ့ချ်တို့ (၂)ဦးကလည်း တစ်ဦးချင်းထိုးဖောက်မှုတွေနဲ့ပဲအချိန်ကုန်နေခဲ့ပါတယ်။

ဒီနေ့ပွဲရဲ့အလှည့်အပြောင်းကတော့ ပထမပိုင်းပြီးဆုံးခါနီးမှာဖြစ်ခဲ့ပြီး ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်စ်ပီလီကွယ်တာကို ဖူလ်ဟမ်တောင်ပံကစားသမား အန်တိုနီရော်ဘင်ဆင်ဖျက်ထုတ်ပုံကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာပါ။

ဒုတိယပိုင်းမှာတော့ တစ်ယောက်လျော့ဖူလ်ဟမ်အသင်း ကစားအားကျသလိုဖြစ်သွားခဲ့ပြီး ချယ်လ်ဆီးအသင်းက ပိုပြီးဖိအားပေးလာနိုင်သလို၊ အခွင့်အရေးတွေလည်းရခဲ့ပါတယ်။ ဒါပေမဲ့ ခံစစ်ကိုအသားပေးကစားလာတဲ့ ဖူလ်ဟမ်ရဲ့ကစားပုံကြောင့် ချယ်လ်ဆီးအသင်းဂိုးရဖို့ခက်နေခဲ့ပြီး ဖူလ်ဟမ်ဂိုးသမား အာရီယိုလာကလည်း အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်အသင်းအနေနဲ့ တန်ပြန်တိုက်စစ်တွေကနေ ဖိအားပေးဖို့ကြိုးစားပေမယ့် ချယ်လ်ဆီးခံစစ်ကလည်း မာမာထန်ထန်တုံ့ပြန်ခဲ့လို့ အခွင့်အရေးရဖို့ခက်ခဲ့ပါတယ်။

ဖိအားပေးကစားနိုင်ပေမယ့် ဂိုးရဖို့ခက်ခဲနေတဲ့ ချယ်လ်ဆီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုတော့ ပွဲချိန် (၇၈)မိနစ်မှာ မေဆန်မောင့်ကသွင်းယူခဲ့ပြီး အသင်းကိုဖိအားတွေအောက်ကနေလွတ်မြောက်စေခဲ့ပါတယ်။

ဂိုးပေးရပြီးနောက်မှာ ဖူလ်ဟမ်တို့ ချေပဂိုးအတွက် ပြန်တုံ့ပြန်လာခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ပြီး ချယ်လ်ဆီးအသင်းကတော့ အနိုင်ရလဒ်ကိုထိန်းရင်း ပွဲကိုစိုးမိုးကစားသွားခဲ့တာပါ။

မိနစ် (၈၀)နောက်မှာ ချယ်လ်ဆီးတိုက်စစ်မှူး ဗာနာအပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို၊ ဖူလ်ဟမ်အသင်းရဲ့ခံစစ်နဲ့ ဂိုးသမားတို့ကလည်းဂိုးထပ်မပေးရအောင် အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ချယ်လ်ဆီးအသင်းက (၁-၀)ဂိုးနဲ့ခက်ခက်ခဲခဲအနိုင်ရခဲ့ပြီး နည်းပြလမ်းပတ်အတွက်တော့ လာမယ့်ပွဲတွေမှာ ဒီထက်ပိုပြီးတည်ငြိမ်မှုရှိတဲ့ ကစားဟန်တစ်ခုကို အမြန်ဆုံးပုံဖော်နိုင်ဖို့လိုအပ်ပါလိမ့်မယ်။

Most Read

Most Recent