၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ရုံးများတွင် ထုတ်ပေးမည် မဟုတ်ဘဲ ဇန်နဝါရီ ၁၇ ရက်နေ့တွင် Website ၌ အခမဲ့ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဇန်နဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည်။
COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် နံနက် ၆ နာရီမှစတင်၍ Website တွင် အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် https://mmexamscore.org တွင် ဝင်ရောက်ပြီး မိမိ၏ ခုံအမှတ်နှင့် မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်) တို့ကို ပြည့်စုံ မှန်ကန်စွာ ဖြည့်စွက်၍ မိမိတို့၏ အမှတ်စာရင်းများကို ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ရုံးများသို့ လာရောက် လျှောက်ထားခြင်း မပြုရန် မေတ္တာရပ်ခံပါကြောင်းနှင့် အမှတ်စာရင်း ထုတ်ပေးမည် မဟုတ်ပါကြောင်း၊ COVID-19 ကာကွယ် ထိန်းချုပ် တားဆီးနိုင်မှု အခြေအနေအရ အမှတ်စာရင်းများကို ထုတ်ပေးမည့် အစီအစဉ်အား ကြိုတင်အသိပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အမှတ်စာရင်း ကြည့်ရှုနည်း လမ်းညွှန်ရုပ်သံဖိုင်ကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၏ Website နှင့် Facebook Page ဖြစ်သော https://mmexamscore.org နှင့် https://www.facebook.com/exams.mm တို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်မှစ၍ ကြည့်ရှုနိုင်ကြောင်း ထုတ်ပြန်ထားသည်။















