လက်ရှိအစိုးရသက်တမ်းငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၅ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀၅၀ ကျော်အထိ ဝင်ရောက်မြှုပ်နှံထား

လက်ရှိအစိုးရသက်တမ်းငါးနှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၅ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀၅၀ ကျော်အထိ ဝင်ရောက်မြှုပ်နှံထား
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် စက်ရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 11 January 2021

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ခု နှစ်အကုန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၅ ဒသမ ၅ ဘီလျံကျော်အထိ ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၀ ခုနှစ်အကုန်အထိ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၉၉၅ ခုမှ ဒေါ်လာ ၂၄ ဒသမ ၁၆၅ ဘီလျံအထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၆၀ မှ ဒေါ်လာ ၁ ဒသမ ၃၈၂ ဘီလျံအထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါကာလအတွင်း မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၀၅၅ ခုမှ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၂၅ ဒသမ ၅၄၈ ဘီလျံအထိ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု၊ ပို့ဆောင်ဆက်သွယ်ရေး၊ အိမ်ယာ တည်ဆောက်ဖွံ့ဖြိုးရေး၊ စွမ်းအင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ စက်မှုဇုန်တည်ဆောက်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်း ကဏ္ဍ ၁၁ ခု၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဓိက ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ကုန်ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်း ၇၁၉ ခုမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၂၈၉ ဘီလျံဝင်ရောက်ထားပြီး စုစုပေါင်း ပမာဏ၏ ၂၆ ရာခိုင်နှုန်းကျော်ရှိသည်။

ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် လုပ်ငန်းပေါင်း ၂၉ ခုမှ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆ ဒသမ ၁၃၅ ဘီလျံဝင်ရောက်ထားပြီး စုစုပေါင်းပမာဏ၏ ၂၅ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံး ဝင်ရောက်ထားသည်။

အိမ်ယာတည်ဆောက်ဖွံ့ဖြိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံ၊ စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၂၂၂ ဘီလျံ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၈၀၆ ကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၄၆၃ ကျော်၊ စက်မှုဇုန်တည်ဆောက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၃၉၀ ကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၃၆၀ ကျော်၊ စိုက်ပျိုးရေးလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၁၉၀ ကျော်၊ သတ္တုတွင်းထွက် လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ သန်းကျော်နှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံကျော် အသီးသီးဝင်ရောက်ထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ရှိသည့်စီမံကိန်း ၂၄ ခု၏ အဆိုပြုလွှာများ လက်ခံရရှိထားပြီးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ဆိုသည်။

“ လာမယ့်နှစ်အတွက်ကို ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ လက်ခံပြီးတော့မှ စဉ်းစားပြီးတော့မှ လိုအပ်တာကို ညှိနှိုင်းဆွေးနွေးနေတဲ့ Proposal ပေါင်း ၂၄ ခုရှိ ပါတယ်။ အဲဒီ Proposal ၂၄ ခုရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလျံရှိပါတယ်” ဟု ၎င်းက ဆိုသည်။

Most Read

Most Recent