စီးရီးအေအသင်းများ၏ လစာငွေပေးချေရန်ကိစ္စသည် ခက်ခဲနေဆဲဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအသစ်များ အပူတပြင်းလိုအပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက တရုတ်လူမျိုးများပိုင်ဆိုင်သည့် အင်တာမီလန်အသင်းသည် ရှယ်ယာရှင်အသစ်မျှော်လင့်နေကြောင်း ဝန်ခံခဲ့ပြီးနောက် ယခုအခါ ယင်းသို့မျှော်လင့်နေသည်မှာ အင်တာမီလန်အသင်း တစ်သင်းတည်းမဟုတ်ဘဲ စီးရီးအေလိဂ်ပြိုင်ပွဲအဖွဲ့ချုပ်နှင့် အီတလီဘောလုံးလောကတစ်ခုလုံး ပါဝင်နေသည်ဟု အီတလီမီဒီယာများက ဖော်ပြခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းကြောင့် စီးရီးအေအသင်းများသည် နည်းပြနှင့် ကစားသမားလစာငွေများကို အနည်းဆုံး (၃၀)ရာခိုင်နှုန်းအထိ လျှော့ချခဲ့သော်လည်း ဘဏ္ဍာရေးကျပ်တည်းမှုများ ဆက်လက်ရင်ဆိုင်နေရသည်။
ထို့ပြင် ကစားသမားများ၏ လစာငွေကို ပြီးခဲ့သည့်နှစ် သြဂုတ်လမှစတင်၍ ပေးချေနိုင်ခြင်းမရှိသော စီးရီးအေအသင်းအချို့လည်း ရှိနေကြောင်း သိရသည်။
Corriere della Sera သတင်းစာ၏ဖော်ပြချက်အရ ပြီးခဲ့သည့်ဇန်နဝါရီလ (၉)ရက်တွင် စီးရီးအေလိဂ်ပြိုင်ပွဲအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒယ်လ်ပီနိုနှင့် စီးရီးအေအသင်းဥက္ကဋ္ဌများ အစည်းအဝေး ပြုလုပ်ခဲ့ပြီး အနာဂတ်ဘဏ္ဍာရေး အခြေအနေအတွက် ဆွေးနွေးခဲ့ကြသည်။
စီးရီးအေပြိုင်ပွဲကို ငွေကြေးထောက်ပံ့မှုများပြုလုပ်ရန် CVC Capital၊ Advent International၊ FSI တို့က အကျိုးတူပူးပေါင်း၍ ကမ်းလှမ်းထားပြီး အဆိုပါကမ်းလှမ်းမှုနှင့် ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
CVC Capital၊ Advent International၊ FSI တို့သည် စီးရီးအေပြိုင်ပွဲ၏ အဓိကစပွန်ဆာများအဖြစ် ရပ်တည်ရန်အထိ ရည်ရွယ်ထားပြီး ယူရို (၁ .၇)ဘီလီယံအထိ ထောက်ပံ့သွားဖွယ်ရှိနေသည်။
အဆိုပါအကျိုးတူပူးပေါင်းထားသည့် အဖွဲ့အစည်းများသည် စီးရီးအေထိပ်တန်းအသင်း (၆)သင်းနှင့် ကျန်အသင်း (၁၄)သင်းကို အမျိုးအစားခွဲခြား၍ ထောက်ပံ့မှုများပြုလုပ်သွားဖွယ် ရှိနေသည်။
စီးရီးအေအသင်းအချို့သည် ကစားသမားလစာငွေများကို လာမည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ဆုံးထား၍ ပေးချေသွားမည်ဟု ကတိပေးထားသော်လည်း ယခုအခါ ထပ်မံရွှေ့ဆိုင်းပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် စီးရီးအေအသင်းများသည် အီတလီအစိုးရထံပေးချေရမည့် အခွန်ငွေများကိုလည်း ရွှေ့ဆိုင်းထားရသည်။
လာမည့်ဧပြီလအထိ ပေးချေရမည့် အခွန် ငွေများကို ထပ်မံရပ်ဆိုင်းပေးထားရန် စီးရီးအေအသင်းများက တောင်းဆိုထားပြီး ပြန်လည်ပေးသွင်းချိန်တွင်လည်း အရစ်ကျပေးချေဖွယ်ရှိသည်။















