COVID-19 ကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကျော်လွှားနိုင်ရေး ပူးပေါင်းဆောင်ရွက်မှသာ သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့သည့်လုပ်ငန်းစဉ်၌ စျေးနှုန်းနှင့် အရည်အသွေးအရ ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မည်

COVID-19 ကာလတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ကျော်လွှားနိုင်ရေး ပူးပေါင်းဆောင်ရွက်မှသာ သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့သည့်လုပ်ငန်းစဉ်၌ စျေးနှုန်းနှင့် အရည်အသွေးအရ ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မည်
မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တင်ပို့နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ-မူဆယ်)
မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံသို့ လယ်ယာထွက်ကုန်များ တင်ပို့နေမှုကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ-မူဆယ်)
Published 10 January 2021
နီလာ

COVID-19 ကာလတွင် ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများ ကျော်လွှားနိုင်ရေး ပူးပေါင်းဆောင်ရွက်မှသာ သီးနှံများ စိုက်ပျိုးထုတ်လုပ်တင်ပို့သည့်လုပ်ငန်းစဉ်တွင် စျေးနှုန်းနှင့် အရည်အသွေးအရ ကမ္ဘာ့စျေးကွက်၌ ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

လယ်ယာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးကာလတွင်  ရင်ဆိုင်နေရသည့်  စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် ပေါ်ထွက်လာနိုင်မည့် အခွင့်အလမ်းကောင်းများကို အမိအရဆုပ်ကိုင်၍ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ကြောင်း၊ သီးနှံများ အထွက်နှုန်းနှင့်  ထုတ်လုပ်မှုနှုန်းတိုးတက်ရေး၊ ထုတ်လုပ်မှု ကုန်ကျစရိတ် လျော့နည်းစေရေး၊ ဝယ်ယူ၊ ကြိတ်ခွဲ၊ သိုလှောင်ဖြန့်ဖြူးရောင်းချသည့် ထောက်ပံ့ပို့ဆောင်ရေးစနစ် တိုးတက်ကောင်းမွန်စေရေး၊ ထုတ်လုပ်မှု အရည်အသွေး တိုးတက်စေရေး၊ ကုန်ကြမ်းမှ ကုန်ချောအဖြစ် ထုတ်လုပ်ရောင်းချ စားသုံးနိုင်ရေးတို့မှာ အလွန်အရေးကြီးကြောင်း၊ သို့မှသာလျှင် ပြည်တွင်းထုတ်လုပ်မှု အရည်အသွေး တိုးတက်လာခြင်း၊ သန့်ရှင်းလတ်ဆတ် စျေးသက်သာစွာ စားသုံးနိုင်ခြင်းတို့အပြင် အရည်အသွေးအရ၊ စျေးနှုန်းအရ ကမ္ဘာ့စျေးကွက်တွင် ယှဉ်ပြိုင်ရောင်းချနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် COVID-19 ၏သက်ရောက်မှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် ရေရှည်ကာလတွင် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်ချိတ်ဆက်၍ မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ကို ရေးဆွဲဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆိုသည်။

COVID-19 ကပ်ရောဂါကြုံတွေ့နေရသော ယနေ့အခြေအနေတွင် ဒစ်ဂျစ်တယ် နည်းပညာအား ကုန်သွယ်မှုကဏ္ဍ၌ ပိုမိုအလေးထား အသုံးပြုလာကြသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် စပ်လျဉ်းသည့် အတွေ့အကြုံများနှင့် New Normal အခြေအနေအတွက် ပိုမိုဆန်းသစ်၍ ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုပုံစံများကို မျှဝေဆွေးနွေးပေးစေလိုကြောင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ထွန်းသစ်စစျေးကွက်များတွင် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့နေရသဖြင့် ပုဂ္ဂလိကကဏ္ဍ၏ ပါဝင်မှုကို ပိုမိုအားပေးမြှင့်တင်ပေးပြီး ခေတ်မီဒစ်ဂျစ်တယ်နည်းပညာဖြင့် ထုတ်လုပ်မှုကွင်းဆက်၌ အဆင်ပြေချောမွေ့စေရေးနှင့် ပိုမိုခိုင်မာအားကောင်းသော စီးပွားရေးပြန်လည်ကုစားနိုင်ရေးတို့အတွက် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့် အားလျော်စွာ စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်ရေးကဏ္ဍတို့အတွက် ကုန်သွယ်မှုရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာကောင်းများ စွာရှိနေပြီး အခြားအရေးပါသော ကဏ္ဍများအနေဖြင့် ရေထွက်ပစ္စည်းလုပ်ငန်း၊ စွမ်းအင်၊ ခရီးသွား ကဏ္ဍ၊ ကုန်ထုတ်လုပ်ငန်း၊ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) ၊ အခြေခံအဆောက်အအုံနှင့် သတင်း အချက်အလက် နည်းပညာတို့ ပါဝင်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဆက်လက်ပြောကြားသည်။

Most Read

Most Recent