ပုသိမ်အထွေထွေ ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုနှင့် သူနာပြု ဆရာမများ အပါအဝင် COVID-19 အတည်ပြုလူနာ ၁၀ ဦးထပ်မံတွေ့ရှိ

ပုသိမ်အထွေထွေ ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုနှင့် သူနာပြု ဆရာမများ အပါအဝင် COVID-19 အတည်ပြုလူနာ ၁၀ ဦးထပ်မံတွေ့ရှိ
Published 8 January 2021
နီလာစိုး (ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ဇန်နဝါရီ ၆ ရက် စစ်ဆေးမှုများအရ ပုသိမ်အထွေထွေ ရောဂါကုဆေးရုံကြီးမှ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးနှင့် သူနာပြုဆရာမများ အပါအဝင် COVID-19 ရောဂါ အတည်ပြုလူနာ ၁၀ ဦး ထပ်မံတွေ့ရှိကြောင်း ပုသိမ်အထွေထွေ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် လူမှုကွန်ရက် Facebook အရ သိရသည်။

ပုသိမ်အထွေထွေ ပြည်သူ့ဆေးရုံကြီးအတွင်း သူနာပြုယာယီဆောင်ရှိ ဆရာမတစ်ဦး အနံ့ပျောက်နေသဖြင့် ယာယီဆောင်ရှိ ဆရာမ အားလုံးအပါအဝင် အဆာင် ၇၊ အဆောင် ၈၊ အဆောင် ၉၊  ခွဲခန်း(၁) Fever Clinic တို့မှ တာဝန်ကျဝန်ထမ်း ၁၅၅ ဦးကို စစ်ဆေးခဲ့ရာတွင် သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ၁ ဦး၊ သားဖွားမီးယပ်ဆောင်မှ Sister တစ်ဦး၊ သားဖွားမီးယပ်ဆောင်မှ သားဖွားဆရာမ တစ်ဦး၊ အမျိုးသမီး ခွဲစိတ်ဆောင်မှ အထက်တန်းသူနာပြု တစ်ဦး၊ Fever Clinic မှ အထက်တန်းသူနာပြု တစ်ဦးနှင့် ခွဲခန်း ၁ မှ သူနာပြု တစ်ဦးတို့ဖြင့် စုစုပေါင်း ခြောက်ဦးတွင် ပိုးတွေ့ခဲ့ကြောင်း သိရသည်။

လတ်တလောတွင် သူနာပြု ယာယီဆောင်အား အသွားအလာ ကန့်သတ်ထားပြီး သုံးရက်အကြာတွင် ထပ်မံစစ်ဆေးသွားမည် ဖြစ်ကြောင်းနှင့် ဇန်နဝါရီ ၇ ရက်တွင် အဆောင် ၇၊ ၈၊ ၉ မှ လူနာများကို ဆက်လက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ထမ်း ခြောက်ဦးအပြင် ကျန်ရှိသော အတည်ပြုလူနာ လေးဦးမှာ ယခင်ရက်များတွင် ပိုးတွေ့လူနာများ၏ Contact များဖြစ်ပြီး သုံးနှစ်အရွယ် မိန်းကလေးတစ်ဦး ပါဝင်ကြောင်း သိရသည်။

ဇန်နဝါရီ ၆ ရက်အထိ ပုသိမ်ဆေးရုံကြီးတွင် တက်ရောက်ကုသခဲ့သော COVID-19 အတည်ပြုလူနာ ၇၇၃ ဦးရှိနေပြီး ဆေးရုံဆင်းခွင့်ရရှိသော လူနာ ၆၆၃ ဦးနှင့် သေဆုံးသူ လူနာခြောက်ဦးထိရှိပြီး ကုသဆဲ လူနာပေါင်း ၁၀၄ ဦးရှိကြောင်း သိရသည်။

 

Most Read

Most Recent