ကမ္ဘာ့ချန်ပီယံ ဗြိတိန်ဖော်မြူလားဝမ်းကားမောင်းသမား ဖြစ်သူ လူးဝစ်ဟာမီလ်တန်သည် မိခင်အသင်းဖြစ်သည့် မာစီဒီးစ်အသင်းနှင့် စာချုပ်သစ်ဆိုရန်ဆွေးနွေးမှု အဆင်မပြေဖြစ်နေကြောင်း သိရသည်။

ဟာမီလ်တန်သည် မာစီဒီးစ်အသင်းနှင့် ကာလရှည်စာချုပ် ချုပ်ဆိုသွားရန် ဆန္ဒရှိနေသော်လည်း အသင်းကို ပိုင်ဆိုင်သည့် Daimler ကုမ္ပဏီက ဒေါ်လာသန်း(၂၀၀) တန် (၄)နှစ်စာချုပ်မည့်ကိစ္စကို တားဆီးခဲ့သည်ဟု အီတလီသတင်းစာ Corriere dello Sport က ဖော်ပြခဲ့သည်။

လာမည့် ဇန်နဝါရီ(၇)ရက်တွင် အသက်(၃၆)နှစ်ပြည့်တော့မည့် ဟာမီလ်တန်က တစ်နှစ်လစာ ဒေါ်လာ သန်း(၅၀)ဖြင့် (၄) နှစ်စာချုပ် ချုပ်ဆိုရန် အသင်းထံ တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ယင်းလစာငွေမှာ လက်ရှိရရှိနေသည့်ပမာဏထက် လျော့နည်းလျက်ရှိသည်။ သို့သော် မာစီဒီးစ်အသင်းပိုင်ရှင် Daimler ကုမ္ပဏီက စာချုပ်သက်တမ်းကာလ ရှည်လျားမှုကို စိုးရိမ်ပူပန်နေပြီး ဟာမီလ်တန်၏အသက်အရွယ်ကြောင့် တောင်းဆိုမှုကို ပယ်ချခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။

ထို့ပြင် မာစီဒီးစ်အသင်းသည် ဟာမီလ်တန်၏နေရာတွင် အစားထိုးရန်အတွက် အသက်(၂၂)နှစ်အရွယ်သာ ရှိသေးသည့် ဗြိတိန်လူငယ်ကားမောင်းသမား ဂျော့ချ်ရပ်ဆဲလ် ကို မျက်စိကျနေကြောင်း သိရသည်။ ရပ်ဆဲလ်သည် ပြီးခဲ့သည့် ရာသီ Sakhir ဂရင်းပရီတွင် COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသည့် ဟာမီလ်တန်၏နေရာတွင် အစားထိုးယှဉ်ပြိုင်ခဲ့ပြီး မာစီဒီးစ်အသင်း မျက်စိကျလောက်သည့် စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သည်။

ရပ်ဆဲလ်အနေဖြင့် ယင်းပွဲစဉ်တွင် အနိုင်ရလောက် သည့်အခွင့်အရေး (၂)ကြိမ်ခန့်ရရှိခဲ့သော်လည်း Pit Stop ကြောင့် လွဲချော်ခဲ့ရကာ အဆင့်(၉)နေရာမှသာ ပန်းဝင်ခဲ့ရသည်။ Evening Standard က ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်း ရေးသားခဲ့သည့်သတင်းတွင် ဟာမီလ်တန်သည် အီတလီအခြေစိုက် ဖာရာရီအသင်းနှင့် ဆွေးနွေးမှုများပင် ပြုလုပ်ထားပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ဖော်မြူလာဝမ်းပြိုင်ပွဲ လစာငွေအများ ဆုံးရရှိမှုစာရင်းတွင် ဟာမီလ်တန်က ဒေါ်လာ (၇၆)သန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်ခဲ့ပြီး ဗက်တဲလ်(ဖာရာရီ)က ဒေါ်လာ(၅၇)သန်း၊ ရစ်ချာဒို(ရေးနော့တ်)က ဒေါ်လာ(၃၂)သန်း၊ ဗာစတက်ပန် (ရက်ဘူးလ်)က ဒေါ်လာ(၂၆)သန်း၊ ဘိုတက်(မာစီဒီးစ်)နှင့် လစ်လက်(ဖာရာရီ)တို့က ဒေါ်လာ(၁၅)သန်းစီ ရရှိခဲ့ကြောင်း သိရသည်။















