မြစ်သားမြို့နယ်တွင် မွေးနေ့ပွဲတစ်ခု၌ သီချင်းဆိုခဲ့သဖြင့်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ခြိမ့်ကေကိုအား ဖမ်းဆီး

မြစ်သားမြို့နယ်တွင် မွေးနေ့ပွဲတစ်ခု၌ သီချင်းဆိုခဲ့သဖြင့်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ခြိမ့်ကေကိုအား ဖမ်းဆီး
Photo - Chaink K Ko (Banana official Facebook)
Photo - Chaink K Ko (Banana official Facebook)
Published 4 January 2021
ယဉ်မျိုးသွယ်

မြစ်သားမြို့နယ်တွင်ပြုလုပ်ခဲ့သည့် မွေးနေ့ပွဲတစ်ခု၌ သီချင်းဆိုခဲ့သဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ခံထားရသူ ခြိမ့်ကေကိုအား ယနေ့ (ဇန်နဝါရီ ၄ ရက်) တွင် ဖမ်းဆီးခဲ့ပြီ ဖြစ်ကာ ချုပ်ရက်ရီမန် ရယူထားကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

"ခြိမ့်ကေကို ဖမ်းဆီးထားတယ်ဆိုတာ ဟုတ်ပါတယ်။ မြစ်သားမြို့မရဲစခန်းမှာပါ။ သူ့ကို ဖွင့်ထားတဲ့ သဘာဝဘေး ပုဒ်မတွေက အာမခံမရဘူးလေ။ ချုပ်ရက်ရီမန်ယူပြီး တရားစွဲတင်ဖို့တွေ ဆောင်ရွက်သွားမှာပါ"ဟု မန္တလေးတိုင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်၊ မင်းဝန်ကျေးရွာနေ ဦးဇော်မင်းထိုက်မှာ ၄င်း၏သမီးဖြစ်သူ ၁၀ နှစ်ပြည့် မွေးနေ့ပွဲအား အဆိုတော် ခြိမ့်ကေကို (ခ) ဘနားနားအား ငှားရမ်း၍ တီးဝိုင်းများ ထည့်သွင်းကာ စတိတ်ရှိုးပွဲအား  ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း ၊ ယင်းသို့ သမီးဖြစ်သူ၏ မွေးနေ့ပွဲကို COVID-19 ညွှန်ကြားချက်များနှင့်အညီ လူ ၅၀ ခန့် ဖိတ်ကြား၍ ကျင်းပလိုကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ တင်ပြခဲ့သော်လည်း ခြိမ့်ကေကိုနှင့် တီးဝိုင်းများ ထည့်သွင်းဖျော်ဖြေခြင်းကို တင်ပြထားမှု မရှိကြောင်း သိရသည်။

သို့သော်လည်း အဆိုတော် ခြိမ့်ကေကိုမှာ အဆိုပါ မင်းဝန်ကျေးရွာသို့ မကြာခဏလာရောက် နေထိုင်သူဖြစ်ကြောင်း၊ မွေးနေ့ပွဲသို့ လူ ၅၀ ခန့် ဖိတ်ကြား၍  လူစုလူဝေးဖြင့် ခွင့်ပြုချက်မရှိဘဲ တီးဝိုင်းများဖြင့် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ရာ အဆိုပါကိစ္စနှင့် ပတ်သက်၍  ဦးဆောင်ကျင်းပသည့် ဦးဇော်မင်းထိုက်နှင့် ဖျော်ဖြေသူ ခြိမ့်ကေကိုတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀(က) အရ မြစ်သားမြို့နယ် ရဲစခန်းတွင် (ပ)၄၄၃/၂၀၂၀ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် အချိန်မီ သတင်းပေးပို့ တင်ပြခဲ့ခြင်းမရှိခဲ့သော ရပ်ကျေးအုပ်ချုပ်ရေးမှူးအားလည်း စိစစ်အရေးယူသွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးအားလည်း သတိပေး လက်မှတ်ရေးထိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  ဒီဇင်ဘာလ ၄ ရက်က ပြုလုပ်သည့် မြစ်သားမြို့နယ် COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရှိရသည်။

Most Read

Most Recent