လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား သိက္ခာကျဆင်းစေသည့် မမှန်သတင်းများ လူမှုကွန်ရက်တွင် ရေးသားမှုကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ထုတ်ပြန်

လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား သိက္ခာကျဆင်းစေသည့် မမှန်သတင်းများ လူမှုကွန်ရက်တွင် ရေးသားမှုကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့ ထုတ်ပြန်
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး Facebook Page တွင် ဖော်ပြထားမှုအချို့အား တွေ့ရစဉ်
ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး Facebook Page တွင် ဖော်ပြထားမှုအချို့အား တွေ့ရစဉ်
Published 3 January 2021
ထွန်းလင်းအောင် (မြစ်ကြီးနား)

လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား သိက္ခာကျဆင်းစေသည့် မမှန်သတင်းများ Facebook လူမှုကွန်ရက်တွင် ရေးသားမှုများကို ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ဇန်နဝါရီ ၃ ရက် က သတင်းထုတ်ပြန်ခဲ့သည်။

အချက် သုံးချက်ကို အခြေခံကာ ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး (က) ဟိုပင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးအား ချုပ်နှောင်ရိုက်နှက်မှု၊ (ခ) ဖားကန့်မြို့မှရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသည့် ညီအစ်မနှစ်ဦးကို ဖမ်းဆီး၍ ကျပ်သိန်း ထောင်ပေါင်းများစွာ တောင်းမှု၊ (ဂ) မြစ်ကြီးနားမြို့တွင် လေးနှစ်အရွယ် မိန်းကလေး မုဒိမ်းကျင့်ခံရပြီး ဥပဒေအရ အရေးမယူဘဲ ငွေပေးလျော်စေ၍ ကျေအေးစေသည် စသည့်အချက်သုံး ချက်မှာ ရပ်မိရပ်ဖများနှင့် ဒေသခံ သတင်းမီဒီယာများ ပူးပေါင်း၍ ကာယကံရှင်ကို စိစစ်စေရာ မမှန်သတင်းများဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖော်ပြခြင်း ဖြစ်ကြောင်း စိစစ်သိရှိရကြောင်း၊ သတင်းအမှားများ လုပ်ကြံဖန်တီးဖော်ပြ၍ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဂုဏ်သိက္ခာ ထိခိုက်ပျက်စီးစေရန် လည်းကောင်း၊ တစ်စုံတစ်ခုသော အကျိုးကိုရယူလို၍ လည်းကောင်း ရည်ရွယ်လုပ်ဆောင်ခြင်း မပြုလုပ်ကြရန်နှင့် နောင်အလားတူ မမှန်သတင်းများ လုပ်ကြံဖော်ပြသူများကို ဖော်ထုတ်၍ ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဉာဏ်မြင့်ကျော်က “ကျွန်တော်တို့ ထုတ်ပြန်တာက လူမှုကွန်ရက်မှာ ရေးသားနေကြတာတွေက ရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ မြင်လို့ အခုလို ထုတ်ပြန်တာပါ။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖြစ်စဉ်တွေကို ရပ်မိရပ်ဖတွေ၊ မီဒီယာသမားတွေ စုပေါင်းပြီး ကာယကံရှင်တွေ မေးမြန်းရာမှာ ဖြစ်စဉ်မမှန်တာတွေ၊ မတိကျတာတွေ ပါနေပါတယ်။ တချို့လည်း သတင်းသမားလည်း သတင်းသမားစစ်စစ်လို မလုပ်တဲ့အခါ မီဒီယာကောင်စီကို တင်ပြဖို့ သတင်းအဖွဲ့တွေကိုလည်း ပြောထားပြီး ဖြစ်ပါတယ်။ ဒီတစ်ကြိမ်တော့ တရားစွဲတာတွေ မလုပ်သေးပါဘူး။ ကျွန်တော်တို့ မီဒီယာတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရှိစေချင်ပါတယ်။ ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေလည်း လုပ်ငန်းဆောင်ရွက်ချက်တွေ လွဲကောင်းလွဲနိုင်ပါတယ်။ ရာနှုန်းပြည့် ကောင်းတယ်ဆိုတဲ့ အာမခံချက်မျိုး မပေးနိုင်ဘူး။ အခုစိစစ်တာတွေ ရပ်မိရပ်ဖတွေနှင့် သက်ဆိုင်ရာ သတင်းသမားတွေကိုယ်တိုင် စိစစ်ခိုင်းတာပါ။ မှားရင် မှားတဲ့သူကို တည့်ပဲရေးစေချင်တယ်။ ရိပ်ဖမ်းသံဖမ်းမျိုး မရေးစေချင်ဘူး”ဟု ပြောကြားသည်။

ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ထုတ်ပြန်ချက်၌ သက္ကမိုးညို၊ VOM သတင်းဌာနနှင့် ZAW MOE HTET စသည့် Facebook အကောင့်နှင့် စာများကို စကရင်ရှော့ရိုက်ထားသည့် ပုံများပါ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဖားကန့် မူးယစ်ဆေးဝါးကိစ္စများနှင့် ပတ်သက်၍ လူမှုကွန်ရက်၌ တင်ခဲ့သူ ဦးဇော်မိုးထက်က “ကျွန်တော်သိထားသလောက်က ဖြစ်စဉ်တွေက မှန်တာပေါ့။ စိစစ်ရမှာက သူတို့အပိုင်းလေ။ ကျွန်တော်တို့က ဖမ်းဆီး စစ်ဆေးရတာမှ မဟုတ်တာ။ ဖြစ်စဉ်မှာပါတဲ့ ကျောရိုးတွေကတော့ အမှန်တွေပါ”ဟု ပြောကြားသည်။

ယခင်ကာလများက အခြားပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပတ်သက်၍ ဂုဏ်သိက္ခာကျဆင်းစေသည့် သတင်းအမှားများ ထုတ်လွှင့်ခဲ့မှုများရှိခဲ့သော်လည်း ရဲတပ်ဖွဲ့နှင့် ပတ်သက်သည့် သတင်းအမှားများ မတွေ့ရကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောကြားသည်။

Most Read

Most Recent