ချယ်လ်ဆီးနှင့်ကစားမည့်ပွဲကို COVID-19 ကြောင့် ဂျေးဇူး၊ ဝေါ်လ်ကာအပါအဝင် မန်စီးတီးကစားသမား (၅)ဦး လွဲချော်မည်

ချယ်လ်ဆီးနှင့်ကစားမည့်ပွဲကို COVID-19 ကြောင့် ဂျေးဇူး၊ ဝေါ်လ်ကာအပါအဝင် မန်စီးတီးကစားသမား (၅)ဦး လွဲချော်မည်
Photos: Getty Images
Photos: Getty Images
Published 2 January 2021

ဇန်နဝါရီ (၃)ရက်တွင် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို COVID-19 ကြောင့် ဂျေးဇူး၊ ဝေါ်လ်ကာအပါအဝင် မန်စီးတီးအသင်း၏ ကစားသမား (၅)ဦး လွဲချော်မည်ဖြစ်ကြောင်း သိရသည်။ 

မန်စီးတီးအသင်းတွင် ကစားသမား (၅)ဦးနှင့် ဝန်ထမ်း (၂)ဦး COVID-19 ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ၎င်းတို့မှာ လက်ရှိတွင် သီးသန့်ခွဲခြားကာ နေထိုင်နေရကြောင်း သိရှိရသည်။ 

မန်စီးတီးအသင်းတွင် ကစားသမား (၅)ဦး ဗိုင်းရပ်စ်ကူးစက်ခံထားရသော်လည်း ဂျေးဇူး၊ ဝေါ်လ်ကာတို့ကိုသာ အမည်ထုတ်ဖော်ကြေညာထားပြီး အခြားကစားသမားများ၏ အမည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ 

ဂွါဒီယိုလာက "ကျွန်တော်တို့အသင်းမှာ ကစားသမား (၅)ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရပါတယ်။ သူတို့အနေနဲ့ သီခြားခွဲခြားပြီး (၁၀)ရက် နေထိုင်ရမှာပါ။ ပထမဆုံးအကြိမ် Positive တွေ့တာက (၄)ဦးဖြစ်ပြီး (၂)ဦးကတော့ ကစားသမားပါ။ ဒုတိယအကြိမ်မှာတော့ Positive (၃)ဦး ထပ်တွေ့ပါတယ်။ သူတို့ကို အမည်ထုတ်ပြောဖို့ ပရီးမီးယားလိဂ်က ခွင့်မပြုဘူး ထင်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးအသင်းနဲ့ ပွဲကစားတဲ့အခါ ဘယ်သူတွေ Positive ထိထားတယ်ဆိုတာ ခင်ဗျား(သတင်းထောက်များ)တို့ တွေ့မှာပါ"ဟု ချယ်လ်ဆီးအသင်းနှင့် ကစားမည့်ပွဲအတွက် ပြုလုပ်သည့် မီဒီယာတွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။ 

ထို့ပြင် ဂွါဒီယိုလာက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၂၈)ရက်က ကစားရမည့် အဲဗာတန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်းမှာ ဘေးကင်းလုံခြုံရေးကြောင့်ဖြစ်ပြီး မိမိတို့အနေဖြင့် ယင်းပွဲကို ကစားရန် ကစားသမားအင်အား အလုံအလောက်ရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ 

"အဲဗာတန်နဲ့ပွဲကို ကစားဖို့ ကျွန်တော်တို့မှာ ကစားသမား အလုံအလောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ Positive Cases တွေ ထပ်တွေ့ခဲ့ပြီး ကျွန်တော်တို့က အဲဒီ Positive သမားတွေနဲ့ ထိတွေ့ထားပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို သတင်းပို့ပြီး အန်ဆယ်လော့တီကိုလည်း ကျွန်တော်ကိုယ်တိုင် ဖုန်းဆက်ခဲ့ပါတယ်။ တကယ်လို့ အဲဒီပွဲကို ကျွန်တော်တို့ ကစားခဲ့မယ်ဆိုရင် အဲဗာတန်ကစားသမားတွေနဲ့ ကျွန်တော်တို့ဆီက ဗိုင်းရပ်စ်ကူးစက်နိုင်ခြေတွေ ရှိပါတယ်။ ဒါကြောင့် ရွှေ့ဆိုင်းခဲ့တာပါ"ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။ 

Most Read

Most Recent