ရွာငံမြို့နယ်ရှိ မြို့ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုပမာဏ နည်းပါးမှုကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး ၎င်းတမံက စိုက်ပျိုးရေ ပေးဝေလျက်ရှိသော မြို့နယ်များသို့ ယခုနှစ်နွေရာသီ သီးနှံစိုက်ပျိုးရေ ပေးဝေနိုင်ခြင်း မရှိတော့

ရွာငံမြို့နယ်ရှိ မြို့ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုပမာဏ နည်းပါးမှုကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားပြီး ၎င်းတမံက စိုက်ပျိုးရေ ပေးဝေလျက်ရှိသော မြို့နယ်များသို့ ယခုနှစ်နွေရာသီ သီးနှံစိုက်ပျိုးရေ ပေးဝေနိုင်ခြင်း မရှိတော့
မြို့ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုပမာဏ နည်းပါးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စဉ့်ကိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း FB)
မြို့ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုပမာဏ နည်းပါးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-စဉ့်ကိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်း FB)
Published 1 January 2021
မင်းသန့်

မြို့ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုပမာဏ နည်းပါးမှုကြောင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို နိုဝင်ဘာလကုန်မှစ၍ ရပ်ဆိုင်းထားပြီး ၎င်းတမံက စိုက်ပျိုးရေ ပေးဝေလျက်ရှိသော မြို့နယ်များသို့ ယခုနှစ် နွေရာသီ သီးနှံစိုက်ပျိုးရေ ပေးဝေနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ရှမ်းပြည်နယ် ရွာငံမြို့နယ်ရှိ မြို့ကြီးရေလှောင်တမံတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် အနိမ့်ဆုံး ရေမှတ် ၅၈၇ ပေသို့ ရောက်ရှိရန် ငါးပေကျော်သာကျန်ရှိပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်အတွင်း တမံ၏ ရေအမှတ်မှာ ၅၉၂ ဒသမ ၆ ပေသာရှိကြောင်း သိရသည်။

ယင်းသို့ ရေပမာဏ နည်းပါးလာမှု အခြေအနေအရ ရေအားလျှပ်စစ် ထုတ်လုပ်မှု မပြုလုပ်နိုင်တော့ သောကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို နိုဝင်ဘာ ၃၀ ရက် မှစတင်ကာ ရပ်နားထားကြောင်း သိရပြီး တမံ၏ စိုက်ပျိုးရေ ပေးဝေနိုင်မှုမှာလည်း ယခင်နှစ် ရေမှတ်အောက် ၃၄ ပေအထိ ကျဆင်းလျက်ရှိသည်ဟု စဉ့်ကိုင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းထံမှ သိရသည်။

“အခုလက်ရှိ အခြေအနေကတော့ ကျွန်တော်တို့ စဉ့်ကိုင်မြို့နယ်အတွက် နွေရာသီးနှံ စိုက်ရေပျိုးရေ မရနိုင်ဘူး။ ဒါပေမဲ့ လိုအပ်လာခဲ့ရင်တော့ ကျွဲရေ နွားရေအတွက်လောက် ချထားပေးဖို့ ဆည်မြောင်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက် သွားဖို့ရှိတယ်။ နောက်တစ်ခုက ဒီကာလတိုအတွင်းမှာ ဆည်မြောင်းရဲ့ ရေပေးမြောင်းတွေ၊ ရိုးတွေ၊ ရေပေးရေး အဆောက်အအုံတွေကို သက်ဆိုင်ရာ ပြည်ထောင်စုဘတ်ဂျက်၊ တိုင်းဒေသကြီး ဘတ်ဂျက်တွေနဲ့ ပြုပြင်မွမ်းမံ ဆောင်ရွက်တာတွေလုပ်ဖို့ စီစဉ်ထားတယ်။ မြို့ကြီးတမံကနေ နွေကာလ စိုက်ပျိုးရေ ပေးဝေမှုက ပုံမှန်ရခဲ့ပေမဲ့ မနှစ်ကရယ်၊ ဒီနှစ်ရယ် နှစ်နှစ်ပဲ မရတဲ့ အခြေအနေပါ။ ကျန်တဲ့နှစ်တွေက ပုံမှန်ရပါတယ်” ဟု ဦးလှိုင်ဝင်းက ပြောကြားသည်။

မြို့ကြီးရေလှောင်တမံမှာ ဘက်စုံသုံး တမံအမျိုးအစားဖြစ်ပြီး ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းအပြင် စိုက်ပျိုးရေပေးဝေမှုကို ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များရှိ စိုက်ပျိုးမြေဧကများကို ဖြန့်ဝေလျက်ရှိပြီး စဉ့်ကိုင်မြို့နယ်တွင် ဇော်ဂျီနှင့် ဇီးတော ရေသောက်စနစ်များမှ နွေရာသီစိုက်ပျိုးဧကမှာ သုံးသောင်းကျော် ရှိသည် ။

“ပြီးခဲ့တဲ့နှစ်မှာ ရာသီဥတု မကောင်းဘူး။ မိုးခေါင်တဲ့ အတွက်ကြောင့် တမံထဲမှာ ရေဝင်ရောက်မှု နည်းတာပေါ့။ တောတောင်သယံဇာတတွေ အလွန်အကျွံ ပြုန်းတီးခဲ့တာတွေက ချက်ချင်းလက်ငင်း မခံစားခဲ့ရဘဲ ဒီဘက် ၁၀ နှစ် ၁၅ နှစ်မှာ စပြီး ခံစားလာရပြီ။ ဒါက အချက်ပြနေတာပဲ” ဟု ဦးလှိုင်ဝင်းက ဆက်လက်ပြောကြားသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကင်းတားရေလှောင် တမံတွင်လည်း နှစ် ၂၀ အတွင်း စံချိန်တင် အနိမ့်ဆုံး ရေအမှတ်သို့ ရောက်ရှိနေပြီး နွေရာသီ သီးနှံစိုက်ပျိုးရေ ပေးဝေနိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

 

Most Read

Most Recent