ချယ်လ်ဆီးအသင်းသည် ၂၀၁၉-၂၀ ရာသီအတွက် ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ခဲ့ပြီး ပေါင် (၃၂.၅)သန်း အမြတ်ထွက်ခဲ့ကြောင်း ကြေညာခဲ့သည်။
ချယ်လ်ဆီးအသင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ၂၀၁၈-၁၉ ရာသီကထက် ဝင်ငွေကျဆင်းသွားခဲ့သော်လည်း အမြတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်းသည် ၂၀၁၈-၁၉ ရာသီတွင် ဝင်ငွေ ပေါင်(၄၄၆.၇)သန်းအထိ ရရှိခဲ့သော်လည်း ၂၀၁၉-၂၀ ရာသီ ဘဏ္ဍာရေးနှစ်တွင် ဝင်ငွေ ပေါင်(၄၀၇.၄)သန်းသာ ရရှိခဲ့ကြောင်း သိရှိရသည်။
သို့သော် ချယ်လ်ဆီးအသင်းသည် ၂၀၁၈-၁၉ ရာသီတွင် ကစားသမားများရောင်းချခြင်းနှင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် စွမ်းဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် ယခုကဲ့သို့ အမြတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ချယ်လ်ဆီးအသင်း၏၂၀၁၉-၂၀ ရာသီ ဘဏ္ဍာရေးရှင်းတမ်းမှာ ၂၀၁၉ ဇူလိုင်လ (၁)ရက်နေ့မှ ၂၀၂၀ ဇွန်လ (၃၀)ရက်အထိ တွက်ချက်ခြင်း ဖြစ်သဖြင့် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူခဲ့သည့် ဟာဗက်ဇ်၊ ဗာနာ၊ ဘင်ချီဝဲလ်၊ မန်ဒီတို့၏ ပြောင်းရွှေ့ကြေးများ မပါဝင်ကြောင်း သိရသည်။
ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၁၆)အပြီးတွင် ရမှတ် (၂၆)မှတ်ဖြင့် အဆင့်(၆)နေရာ၌ ရပ်တည်နေပြီး အဆင့် (၁)နေရာမှ လီဗာပူးလ်(၃၃ မှတ်)နှင့် (၇)မှတ် ကွာနေသည်။















