တပ်မတော်နှင့် AA အကြား အောက်ခြေအဆင့်၌ ဆွေးနွေးမှုများရှိပြီး ရခိုင်ပြည်နယ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာနိုင်သည့် အခြေအနေရရှိရန် အဓိကထားဆွေးနွေးခဲ့ကြောင်း တပ်မတော် ပြောကြား

တပ်မတော်နှင့် AA အကြား အောက်ခြေအဆင့်၌ ဆွေးနွေးမှုများရှိပြီး ရခိုင်ပြည်နယ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာနိုင်သည့် အခြေအနေရရှိရန် အဓိကထားဆွေးနွေးခဲ့ကြောင်း တပ်မတော် ပြောကြား
Published 30 December 2020
အောင်မင်းသိန်း

ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်နှင့် AA အကြား အောက်ခြေအဆင့် ဆွေးနွေးမှုရှိပြီး ရခိုင်ပြည်နယ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လာနိုင်သည့် အခြေအနေရရှိရန် အဓိကထား ဆွေးနွေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားသည်။

ဒီဇင်ဘာ ၃၀ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ခေါင်းဆောင်များနှင့် AA ခေါင်းဆောင်များအကြား Online မှ ဆွေးနွေးမှုများရှိသည်ဟု သိရှိရခြင်းကြောင့် ညှိနှိုင်းဆွေးနွေးမှု အလားအလာ မည်သို့ရှိသလဲဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ကတော့ ကျွန်တော်တို့အနေနဲ့ အောက်ခြေအဆင့် ဆွေးနွေးမှုများ ရှိပါတယ်။ ဆွေးနွေးခဲ့တဲ့နေရာမှာ အဓိက ကျွန်တော်တို့ ရည်မှန်းပြီး ဆွေးနွေးတာကတော့ ရခိုင်ပြည်နယ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်စေတဲ့ အခြေအနေတစ်ခု ရရှိနိုင်စေဖို့အတွက် ကျွန်တော်တို့က ဆောင်ရွက်ခဲ့တာ ဆွေးနွေးခဲ့တာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ငြိမ်းချမ်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆွေးနွေးခြင်းလားဆိုသော စောဒကတက်စရာများရှိသော်လည်း ယင်းကိစ္စမှာ ယခင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားပြီးဖြစ်သလို ယခင်အစိုးရ အဆက်ဆက်ဖြစ်သည့် ဖဆပလအစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရနှင့် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန်အစိုးရစသည့် အစိုးရများလက်ထက်တွင် ဆောင်ရွက်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ်များကို ပြန်ကြည့်ပါက သိနိုင်ကြောင်း ၎င်းက ရှင်းလင်းသည်။

 ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးမှုဖြစ်စဉ်တွေမှာ တပ်မတော်အနေနဲ့ သီးခြားဆွေးနွေးရတဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ အစိုးရအနေနဲ့ သီးခြားဆွေးနွေးရတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အစိုးရလည်းမဟုတ် တပ်မတော်လည်း မဟုတ်ဘဲနဲ့ ကြားခံအဖွဲ့အစည်းတွေအနေနဲ့ သီးခြားဆွေးနွေးရတဲ့ လုပ်ငန်းစဉ်တွေရှိတယ်။ သို့သော် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးမှုအစပိုင်းမှာ အဲဒီခေတ်တုန်းက ရှိခဲ့တဲ့ဥပဒေပေါ့။ အဲဒီတုန်းကတော့ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေဆိုတာ မရှိခဲ့တော့ မတရားအသင်း ဥပဒေပဲရှိတယ်။ အဲဒီ မတရားအသင်းဥပဒေကို ပယ်ဖျက်ပြီးမှ ဆွေးနွေးခဲ့တာမဟုတ်ပါဘူး။ ဒီအတိုင်းပဲ ကျွန်တော်တို့ ဆွေးနွေးခဲ့တယ်။ အဆင့်တစ်ခု တိုးတက်လာပြီးမှ ဒါသည် မတရားအသင်းကနေ ပယ်ဖျက်ခဲ့တယ်ဆိုတာကို ကျွန်တော် ရက်စွဲတွေ ခုနှစ်တွေနဲ့ ယခင် သတင်းစာရှင်းလင်းပွဲမှာလည်း ပြောခဲ့ပြီးဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပေါ်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းသည့် အခြေအနေ၊ IDP စခန်းများတွင် နေထိုင်နေကြသည့် ရွာသူရွာသားများ ၎င်းတို့ နေထိုင်ရာသို့ပြန်၍ အလုပ်လုပ်နိုင်သည့် အခြေအနေများမှတစ်ဆင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ်တိုးတက်လာမည်ဟု ယုံကြည်ကြောင်း၊ ကြားကာလတွင် ဆွေးနွေးခြင်းများ မရှိသေးသော်လည်း ထပ်မံဖြစ်လာမည့် ဖြစ်ပေါ်တိုးတက်လာမှု အခြေအနေများအပေါ် မူတည်ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲများ ရပ်ထားသည့်အချိန်တွင် တပ်မတော်ဘက်က စစ်ရေးပြင်ဆင်မှုများ ရှိသည်ဆိုသော ဒေသခံများ၏ ပြောဆိုမှုများ ရှိနေသည့်အတွက် စစ်ဆင်ရေးပြန်စမည်ဆိုသော သဘောလားဆိုသော မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ရခိုင်ပြည်နယ်မှာ စစ်အင်အားဖြည့်တင်းနေတာတို့ ခုနကမေးတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး ပြန်မေးချင်တာကတော့ ရခိုင်ပြည်နယ်မှာ ကျွန်တော်တို့အနေနဲ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လက်မဖြစ်ပွားစေဖို့ပဲ ကျွန်တော်တို့ ဆောင်ရွက်နေတာရှိတယ်။ စစ်အင်အား ဖြည့်တင်းတာမရှိဘူးလို့ပဲ ကျွန်တော်ပြောချင်တယ်။ စစ်အင်အား ဖြည့်တင်းတာရှိတယ်ဆိုရင် ဘာအထောက်အထားအရ ပြောတာလဲလို့ပဲ ကျွန်တော်တို့က ထပ်ပြီးမေးချင်တယ်” ဟု ပြန်လည်ဖြေကြားသည်။

Most Read

Most Recent