ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန်သုံးသိန်း တင်ပို့ရောင်းချမည်ဖြစ်ပြီး လက်ရှိတွင် တန်ချိန်တစ်သိန်း တင်ပို့ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန်သုံးသိန်း တင်ပို့ရောင်းချမည်ဖြစ်ပြီး လက်ရှိတွင် တန်ချိန်တစ်သိန်း တင်ပို့ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ဘုရင့်နောင်ကုန်စည်ဒိုင်ဝင်းအတွင်းရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ဘုရင့်နောင်ကုန်စည်ဒိုင်ဝင်းအတွင်းရှိ ဆန်ပွဲရုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 29 December 2020
ဇေယျာငြိမ်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လိုအပ်ချက်ကြောင့် မြန်မာနိုင်ငံမှ ဆန်တန်ချိန် သုံးသိန်း တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး လက်ရှိတွင် တန်ချိန်တစ်သိန်းအား တင်ပို့ထားပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

“အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လိုအပ်ချက်အပေါ်မူတည်၍ မြန်မာနိုင်ငံမှ ဆန်တန်ချိန်သုံးသိန်း တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး လက်ရှိတွင် ဆန်တန်ချိန်တစ်သိန်းအား တင်ပို့ရောင်းချပြီးဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု စသည့်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုလုံးဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာ့ဆန်ကို တရုတ်၊ ဥရောပသမဂ္ဂနိုင်ငံများ (အီးယူ) နှင့် အာဖရိကနိုင်ငံသို့ အဓိက တင်ပို့နေခြင်းဖြစ်သည်။ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းမှ အဓိကတင်ပို့နေပြီး ပင်လယ်ရေကြောင်းမှလည်း တင်ပို့လျက်ရှိသည်။ အီးယူနှင့် အာဖရိကနိုင်ငံများသို့ ပင်လယ်ရေကြောင်းဖြင့် အဓိကတင်ပို့နေခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ တစ်လခွဲခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန် ချိန်စုစုပေါင်း ၂၂၆၅၃၇ တန် တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၈၇ ဒသမ ၁၈၄ သန်းရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် တစ်လခွဲခန့်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲစုစုပေါင်း တင်ပို့မှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် ၁၇၁၈၉၁ တန် တင်ပို့မှုလျော့ကျခဲ့သဖြင့် ဝင်ငွေဒေါ်လာ ၃၁ ဒသမ ၂၅၃ သန်းအထိ လျော့ကျခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတန်ချိန် ၂ ဒသမ ၅၈၅ သန်းတင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၇၉၄ ဒသမ ၃၈၈ သန်း ရရှိထားသည်။ အဆိုပါကာလအတွင်း တင်ပို့မှုသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ထက် ဆန်နှင့် ဆန်ကွဲတန်ချိန် ၂၃၀၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၈၄ ဒသမ ၆၉၄ သန်း ပိုမိုရရှိထားသည်။

COVID-19 ကြောင့် လက်ရှိတွင် ပြည်ပသို့ ဆန်တင်ပို့ရောင်းချမှု လျော့ကျလာသဖြင့် နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ဝယ်လိုအားမြင့်မားသည့် နိုင်ငံများသို့ တန်ဖိုးမြင့်ဆန်များတင်ပို့နိုင်ရေးကို အဓိကဆောင်ရွက်ရန် ဆန်စပါးအသင်းချုပ်ကို ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက တိုက်တွန်းထားသည်။

“ ယခုနှစ်အတွင်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် သယ်ယူပို့ဆောင်မှု အခက်အခဲတွေ၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုတွေ၊ ဆန်စပါးစျေးနှုန်းတွေ တည်ငြိမ်မှုမရှိခြင်းတို့ကြောင့်လည်း ဆန်တင်ပို့မှု ရောင်းချမှုမှာ အားနည်း၊ လျော့နည်း၊လျော့ကျလာတာကိုလည်း တွေ့ရှိနေရပါတယ်။ ရှေ့ဆက်လက်ပြီးလည်း ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားဝင်ငွေများ ရရှိရေးအတွက် ဆန်စပါးအသင်းအချုပ်အနေဖြင့် ပြည်ပမှ ဝယ်လိုအားရှိတဲ့နိုင်ငံတွေနဲ့ ဆက်သွယ်ပြီး ဆက်လက်ပြီး တန်ဖိုးမြင့်ဆန်များ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းပြောကြားလိုပါတယ်” ဟု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

Most Read

Most Recent