အောက်တိုဘာ ဒုတိယပတ်တွင် ကျပ် ၁၂၀၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော မတ်ပဲစျေးနှုန်းများ ပြန်လည်ကျဆင်းလျက်ရှိရာ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် တစ်တန်လျှင် ကျပ် ၉၇၀၀၀၀ အထိရောက်လာ

အောက်တိုဘာ ဒုတိယပတ်တွင် ကျပ် ၁၂၀၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော မတ်ပဲစျေးနှုန်းများ ပြန်လည်ကျဆင်းလျက်ရှိရာ ဒီဇင်ဘာ နောက်ဆုံးပတ်တွင် တစ်တန်လျှင် ကျပ် ၉၇၀၀၀၀ အထိရောက်လာ
မန္တလေးကုန်စည်ဒိုင်တွင် ပဲမျိုးစုံခင်းကျင်းပြသရောင်းချနေသည်ကို တွေ့ရစဉ်
မန္တလေးကုန်စည်ဒိုင်တွင် ပဲမျိုးစုံခင်းကျင်းပြသရောင်းချနေသည်ကို တွေ့ရစဉ်
Published 28 December 2020

အောက်တိုဘာ ဒုတိယပတ်တွင် တစ်တန်လျှင် ကျပ် ၁၂၀၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့သော မတ်ပဲစျေးနှုန်းများ နှစ်လခွဲအတွင်း ကျပ်နှစ်သိန်းကျော်အထိ စျေးပြန်လည်ကျဆင်းခဲ့ရာ ဒီဇင်ဘာနောက်ဆုံးပတ်တွင် ကျပ် ၉၇၀၀၀၀ အထိ ရောက်လာကြောင်း ဘုရင့်နောင် အခြေစိုက်ပဲကုန်သည်များထံမှ သိရသည်။

စက်တင်ဘာ ၁၅ ရက်တွင် မတ်ပဲစျေး FAQ2020 တစ်တန်လျှင် ကျပ် ၉၆၀၀၀၀၊ ပဲစင်းငုံ FAQ2020 တစ်တန်လျှင် ကျပ် ၈၂၀၀၀၀ ရှိရာမှ အောက်တိုဘာ ၉ ရက်တွင် မတ်ပဲစျေး FAQ2020 တစ်တန်လျှင် ကျပ် ၁၂၀၅၀၀၀၊ ပဲစင်းငုံ FAQ2020 တစ်တန်လျှင် ကျပ် ၉၃၀၀၀၀ အထိ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၂၈ ရက်တွင် မတ်ပဲစျေး FAQ2020 တစ်တန်လျှင် ကျပ် ၉၇၀၀၀၀ ဝန်းကျင်၊ ပဲစင်းငုံ FAQ2020 မှာ တစ်တန်လျှင် ကျပ် ၇၁၅၀၀၀ ဝန်းကျင်သာ ရှိခဲ့သည်။

စက်တင်ဘာလကုန်တွင် အိန္ဒိယအစိုးရက မတ်ပဲတန်ချိန် တစ်သိန်းခွဲထပ်မံတင်သွင်းခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာပြီးနောက် မတ်ပဲစျေးများ မြင့်တက်လာပြီး ပြန်လည်ကျဆင်းခဲ့ခြင်းဖြစ်သည်။

ယခုနှစ် အိန္ဒိယနိုင်ငံ၏မတ်ပဲအထွက်နှုန်းကို တန်ချိန် ၂၁ သိန်းလျာထားခဲ့သော်လည်း မိုးများပြီး သီးနှံပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် အထွက်နှုန်း တန်ချိန် ၁၃ သိန်းသာရှိခဲ့သည်။ ယင်းအခြေအနေကြောင့် အိန္ဒိယအစိုးရက ပဲတင်သွင်းခွင့်မူဝါဒဖြေ လျှော့ပေးခဲ့ခြင်းဖြစ်ပြီး ပဲတင်သွင်းမှုကြောင့်  အိန္ဒိယပြည်တွင်းပဲစျေးနှုန်း ကျဆင်းလာနိုင်သော်လည်း အိန္ဒိယပဲထွက်နှုန်းကျဆင်းခဲ့သဖြင့် လာမည့်နှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီအထိ ပြည်ပမှပဲမျိုးစုံဝယ်ယူမှုများ ဆက်တိုက်ပြုလုပ်လာနိုင်သည်ဟု ကုန်သည်များက မျှော်မှန်းထားသည်။

အိန္ဒိယအစိုးရက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပဲစင်းငုံ တန်ချိန်လေးသိန်း၊ ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲအပါအဝင် ပဲလုံးဝါ၊ စားတော်ပဲနှင့် အခြားပဲများ ထပ်မံတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မတ် ၂၈ ရက်တွင် အသိပေးကြညာခဲ့သည်။ လက်ရှိအချိန်အထိ အဆိုပါပဲပမာဏ ပြည့်မီအောင် တင်သွင်းနိုင်ခြင်းမရှိသေးဘဲ မတ်ပဲတန်ချိန် တစ်သိန်းခွဲ ထပ်မံတင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်နောက်ဆုံးထား၍ တင်သွင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနှင့် မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုတိုးမြှင့်ရာတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံအား အိန္ဒိယစျေးကွက်သို့ တိုးတက်တင်ပိုနိုင်ရေးသည် မြန်မာနိုင်ငံအတွက် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

သို့ဖြစ်ရာ အိန္ဒိယအစိုးရက ပဲမျိုးစုံအား ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်၍ ကိုတာခွဲတမ်းစနစ်ဖြင့် တင်သွင်းခွင့်ပြုခြင်းကို စတင်ဆောင်ရွက်ခဲ့သည့်နောက်ပိုင်း၌ မြန်မာနိုင်ငံဘက်မှအစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ရပ်လုံးက အိန္ဒိယပဲစျေးကွက်သို့ ဝင်ရောက်နိုင်မှု ခိုင်မာအားကောင်းစေရေးအတွက် ပိုမိုတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချန် ၁ ဒသမ ၆ သန်းကျော် တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန် နှစ်သောင်းသုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၁ ဒသမ ၆၃ သန်းတင်ပို့ထားပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၀၂၆ ဘီလျံသာ ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှ ထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့် ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော်ရှိသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအား နှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း ကုလားပဲရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

ယင်းပဲမျိုးစုံ စုစုပေါင်းစိုက်ဧက၏ ၆၆ ရာခိုင်နှုန်းမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ စိုက်ပျိုးလျက်ရှိပြီး ဒေသရေမြေကိုက်ညီမှုအပေါ်မူတည်၍ ပဲစင်းငုံသီးနှံအား စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ်တို့တွင် မိုးရာသီတွင်လည်းကောင်း၊ ပဲတီစိမ်းသီးနှံအား မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ မန္တလေး ဧရာဝတီတိုင်းဒေသကြီးတို့တွင် မိုးကြို (သို့မဟုတ်) ဆောင်းသီးနှံအဖြစ်လည်းကောင်း၊ မတ်ပဲသီးနှံအား ပဲခူး၊ ဧရာဝတီ၊ စစ်ကိုင်း၊ နေပြည်တော်တို့တွင် မိုး/ဆောင်းသီးနှံအဖြစ်လည်းကောင်း အဓိကထားစိုက်ပျိုးပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် သီနှံများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent