ကျပ်သန်းပေါင်း ၁၉၁၀ အကုန်အကျခံကာ မြန်မာ့မီးရထားမှ ကြီးကြပ်မှုဖြင့် A1 ဆောက်လုပ်ရေးမှ တည်ဆောက်နေသည့် အင်းစိန်မီးရထားခုံးကျော် (မင်းကြီးလမ်းဘက်ခြမ်း) တံတားသစ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဖွင့်လှစ်မည်

ကျပ်သန်းပေါင်း ၁၉၁၀ အကုန်အကျခံကာ မြန်မာ့မီးရထားမှ ကြီးကြပ်မှုဖြင့် A1 ဆောက်လုပ်ရေးမှ တည်ဆောက်နေသည့် အင်းစိန်မီးရထားခုံးကျော် (မင်းကြီးလမ်းဘက်ခြမ်း) တံတားသစ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဖွင့်လှစ်မည်
အင်းစိန်မီးရထားခုံးကျော် (မင်းကြီးလမ်းဘက်ခြမ်း) ခုံးကျော်တံတားသစ်အား တွေ့ရစဉ်
အင်းစိန်မီးရထားခုံးကျော် (မင်းကြီးလမ်းဘက်ခြမ်း) ခုံးကျော်တံတားသစ်အား တွေ့ရစဉ်
Published 28 December 2020
ရွှန်းလဲ့ဝင်း

ကျပ်သန်းပေါင်း ၁၉၁၀ အကုန်အကျခံကာ မြန်မာ့မီးရထားမှ ကြီးကြပ်မှုဖြင့် A1 ဆောက်လုပ်ရေးမှ တည်ဆောက်နေသည့် အင်းစိန်မီးရထားခုံးကျော် (မင်းကြီးလမ်း ဘက်ခြမ်း) ခုံးကျော်တံတားသစ်အား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် လက်ရှိအသုံးပြုလျက်ရှိသော ရထားလမ်းခုံးကျော်တံတားအမှတ် ၂ အင်းစိန်နှင့် ဆက်သွယ်ကာ ခုံးကျော်တံတားသစ် (မင်းကြီးလမ်းဘက်ခြမ်း) ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါတံတားလက်တက်သည် ယခင်အင်းစိန်မီးရထားခုံးကျော်တံတားကြီးအား ဆက်သွယ်ကာ ခုံးကျော်တံတားအဖြစ် ဗဟိုလမ်းကိုဖြတ်သန်းပြီး မင်းကြီးလမ်းအတိုင်း ဆက်စပ်ဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်သည်။ စီမံကိန်းသည် အောက်ခံ Bored Pile Foundation ဖြစ်ကာ RC Girder နှင့် Steel Girder ပေါင်းပြီး ကွန်ကရစ်ကြမ်းခင်းတံတား ဖြစ်ကြောင်း သိရသည်။ တံတားသည် အရှည် ၄၄၁ ပေနှင့် ချဉ်းကပ်တံတား အရှည် ၁၂၃ ပေရှိသည်။ အကျယ်သည် ဘေးတစ်ဖက်တစ်ချက် လူသွားလမ်း ပလက်ဖောင်းပါဝင်ကာ ကားအဆင်းတစ်လမ်းသွား အကျယ် ၁၆ ပေရှိပြီး တံတားအမြင့်သည် ကားလမ်းအလွတ် အမြင့်ဆုံးနေရာ၌ ၁၈ ပေမြင့်သည်။ စီမံကိန်းကို ကျပ်သန်းပေါင်း ၁၉၁၀ အကုန်အကျခံတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒီခုံးကျော်တံတား တည်ဆောက်ခြင်းလုပ်ငန်းတွေက အခုအခြေအနေမှာ အလုံးစုံပြီးနေပါပြီ။ ကျန်တဲ့တံတား ရဲ့ အချောသပ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့အဆင်းလမ်းတွေက အခုလုပ်နေတယ်။ ကတ္တရာလည်းလောင်း၊ ကွန်ကရစ်လည်း ခင်းပြီးပါပြီ။ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ ဒီတံတားကို ဖွင့်လှစ်သွားပါတယ်။ တံတားကြီး ပြီးစီးသွားရင်တော့ မော်တော်ယာဉ်တွေက အင်းစိန်စျေးကနေ မင်းကြီးလမ်းဘက်ခြမ်းမှာရှိတဲ့ ဆေးရုံတို့၊ အုပ်ချုပ်ရေးမှူးရုံး၊ အင်းစိန် (GTI) ကျောင်းတို့ကို တောက်လျှောက် တံတားလက်တက်ခုံးကျော်ကနေ သွားနိုင်တော့မှာပါ” ဟု တံတားတည် ဆောက်ရေးစီမံကိန်းကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မြန်မာ့မီးရထားမှ အင်ဂျင်နီယာမှူး (မြို့ပြ/တံတားဘောင်အလုပ်ရုံ) ဖြစ်သူ ဦးမောင်ချိုက ပြောကြားသည်။

ယင်းအင်းစိန်ခုံးကျော်တံတား မင်းကြီးလမ်းဘက်ခြမ်း လက်တက်တံတားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား (မြို့ပြ) အင်ဂျင်နီယာဌာန တံတားပေါင်းအလုပ်ရုံ (မလွှကုန်း) ၏ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တင်ဒါအောင်မြင်သော A1 ဆောက်လုပ်ရေးကုမ္ပဏီက တည်ဆောက်နေခြင်းဖြစ်သည်။ Steel Box Girder များကို JNM ကုမ္ပဏီမှ ထုတ်လုပ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

အင်းစိန် (မင်းကြီးလမ်း) ခုံးကျော်တံတားအရှည်မှာ ၄၄၁ ပေရှိပြီး ချဉ်းကပ်လမ်း အရှည်မှာ ၁၁၂ ပေ ၉ လက်မရှိပြီး တံတားအောက်ခံအုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစား ဖြစ်ကြောင်း၊ အပေါ်ထည်မှာ အာစီကွန်ကရစ်နှင့် အာစီကြမ်းခင်းအမျိုးအစားဖြစ်ကာ လမ်းသစ်လမ်းဘက်အခြမ်းတွင် တစ်ခန်းလျှင် အရှည် ၁၃၅ ပေစီရှိသော Steel Bos Girder နှစ်ခန်းနှင့် မင်းကြီးလမ်းဘက်ခြမ်းတွင် ၈၅ ပေစီရှိသော Oc.Girder နှစ်ခန်းကို ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

Most Read

Most Recent