NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရာတွင် သဘောထားနားထောင်ရုံ သက်သက်မဟုတ်ဘဲ လိုက်လျောနိုင်သည့်အတိုင်းအတာကို ပြောကြားနိုင်ရန်လိုအပ်ဟု SNLD ပါတီ အကြံပြု

NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့်တွေ့ဆုံရာတွင် သဘောထားနားထောင်ရုံ သက်သက်မဟုတ်ဘဲ လိုက်လျောနိုင်သည့်အတိုင်းအတာကို ပြောကြားနိုင်ရန်လိုအပ်ဟု SNLD ပါတီ အကြံပြု
Published 28 December 2020
ဉာဏ်လင်းထွန်း

NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံရာတွင် သဘောထား နားထောင်ရုံသက်သက်မဟုတ်ဘဲ လိုက်လျောနိုင်သည့် အတိုင်းအတာတစ်ခုခု ပြောကြားနိုင်ရန်လိုအပ်မည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

NLD ပါတီကိုယ်စားပြု တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညိုက တွေ့ဆုံဆွေးနွေးမှုတွင် တိုင်းရင်းသားပါတီများ၏ လိုလားချက်များကို မေးမြန်းမည်ဖြစ်သော်လည်း တစ်ခါတည်းအဆုံးအဖြတ်ပေးမည် မဟုတ်ကြောင်း မီဒီယာအချို့တွင် ပြောကြားမှုအပေါ် SNLD ပါတီတာဝန်ရှိသူက အထက်ပါအတိုင်း အကြံပြုတိုက်တွန်းသည်။

“ နိုင်ငံရေးဂုဏ်သိက္ခာဆိုတာလည်း ကိုယ်စီရှိကြသေးတာကိုး။ အဲဒါကြောင့်မို့ အလုပ်လည်း ဖြစ်အောင်ဆိုရင်တော့ NLD ဘက်က ဘယ်လိုအနေအထားမျိုးတော့ ဆောင်ရွက်ထားတယ်။ ဒီလိုပုံစံတော့ ဖြစ်ချင်တယ်။ ခင်ဗျားတို့ကိုတော့ ဒီလိုမျိုး လိုက်လျောနိုင်တယ်ဆိုတဲ့ အတိုင်းအတာတစ်ခုတော့ သူတို့မှာ ပီပီပြင်ပြင်ပြောနိုင်ဖို့ လိုအပ်တာပေါ့။ အဲလိုမဟုတ်ဘဲနဲ့ စကားလာသယ်သွားတယ်။ ဟိုမှာ သွားပြန်ပြီးမှ အစီရင်ခံတယ်။ ပြီးပြန်လာတွေ့တယ်ဆိုတာမျိုးဆိုရင်တော့ အလုပ်ဖြစ်ဖို့ခက်ပါလိမ့်မယ်ဗျ။ အနည်းဆုံးတော့ နိုင်ငံရေးအရ သဘောတူနိုင်တာ ဘာဆိုတာကို သူတို့ဘက်က တိတိကျကျ ပြဋ္ဌာန်းနိုင်ရမယ်” ဟု SNLD ပါတီအထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

NLD ပါတီသည် အနာဂတ် မြန်မာနိုင်ငံ ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဆိုသည့် အိတ်ဖွင့်ပေးစာကို တိုင်းရင်းသားပါတီ ၄၈ ပါတီထံ နိုဝင်ဘာ ၁၁ ရက်ကပေးပို့ခဲ့ပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်သုံးဦးဖြင့် ဒီဇင်ဘာ ၁၂ ရက်က ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့တွင်  ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆမ်တို့ အဖွဲ့ဝင်အဖြစ် ပါဝင်မည်ဖြစ်သည်။

 “ ပြည်သူလူထု Mandate ပေးခံထားရတဲ့လူချင်း အတူလာတွေ့တဲ့အခါမှာ သူတို့အနေနဲ့ကတော့ ဘယ်လောက်တော့ဖြင့် ဘာတွေလုပ်ပေးနိုင်တယ်။ ဘယ်လောက်တော့ဖြင့် ပူးပေါင်းဆောင်ရွက်တဲ့အခန်း ကဏ္ဍကနေ သွားချင်တယ်ဆိုတာမျိုး သူတို့ ဘက်ကပေးနိုင်တဲ့အနေအထားကို တိတိကျကျ ထုတ်ဖော်မပြောဘဲနဲ့ ကျွန်တော်တို့ကနေ စပြီးမှ ဒါတွေဒါတွေတော့ ဖြစ်သင့်တယ်ဆိုတာမျိုးပဲ သက်သက်လာနားထောင်မယ်ဆိုရင် ဆွေးနွေးတဲ့ပုံသဏ္ဌာန်က ပီပီပြင်ပြင်ဖြစ်မှာ မဟုတ်ဘူး။ အသက်ဝင်မှာမဟုတ်ဘူး” ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က တုံ့ပြန်ပြောကြားသည်။

အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း လတ်တလောထွက်ပေါ်သည့် သတင်းများအရ NLD ပါတီသည် ပြည်နယ်တွင် မဲဆန္ဒနယ် အများစုအနိုင်ရပါတီများကို တွေ့ဆုံရန် ချဉ်းကပ်လျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်ရှိ SNLD ပါတီကို တွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သည့် ရက်ပိုင်းက ကြားခံပုဂ္ဂိုလ်မှတစ်ဆင့် အလွတ်သဘော ဆက်သွယ်လာမှုရှိကြောင်း ဦးစိုင်းလိတ်က အတည်ပြုသည်။

သို့သော် ယင်းသို့ ဆက်သွယ်လာမှုတွင် ဆွေးနွေးမည့် အကြောင်းအရာ၊ တွေ့ဆုံမည့်နေ့ရက်နှင့် တွေ့ဆုံမည့်နေရာတို့ ပါဝင်ခြင်းမရှိဟု ၎င်းက ဆိုသည်။

ထို့ပြင် ကယားပြည်နယ်ရှိ ရွေးကောက်ပွဲ အနိုင်ရ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ကိုလည်း တွေ့ဆုံဆွေးနွေးရန် အလွတ်သဘော ကမ်းလှမ်းမှုများရှိကြောင်း သိရသည်။

ထိုသို့ကမ်းလှမ်းမှုများက အလွတ်သဘောသာဖြစ်ပြီး တရားဝင်မဟုတ်သေးကြောင်း၊ မည်သည့် တိုင်းရင်သားပါတီများနှင့် တွေ့ဆုံမည်ကို ဒီဇင်ဘာ ၂၉ ရက်မှသာ အတည်ပြုနိုင်မည်ဟု ဒေါက်တာအောင်မိုးညိုက ဒီဇင်ဘာ၂၆ ရက်တွင် ပြောကြားသည်။

“ လာမယ့် ၂၉ ရက်နေ့ကျရင် နေပြည်တော်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးရှိတယ်။ အဲမှာလိုတာတွေကို ဒုဥက္ကဋ္ဌ -၂  (ဒေါက်တာဇော်မြင့်မောင်) က ညွှန်ကြားလိမ့်မယ်။ ဘယ်တိုင်းရင်းသားပါတီနဲ့ တွေ့ရမယ်။  ဘယ်တော့တွေ့ရမယ်။ ဘာတွေဆွေးနွေးရမယ်ဆိုတာ ညွှန်ကြားလိမ့်မယ်” ဟု ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် တွေ့ဆုံဆွေးနွေးရန် အတည်ပြုသည့် တိုင်းရင်းသားပါတီများကို တရားဝင် ဖိတ်စာပေးပို့သွားမည်ဟု ၎င်းက ဆိုသည်။

NLD ပါတီ တာဝန်ရှိသူအချို့ မီဒီယာတွင် ပြောကြားချက်များအရ နိုဝင်ဘာ ၁၁ ရက်က ပါတီ၏ပေးစာကို တရားဝင်အကြောင်း ပြန်ကြားသည့်ပါတီများနှင့် ပြည်နယ်တွင် နေရာအများစုအနိုင်ရသော တိုင်းရင်းသားပါတီများကို တွေ့ဆုံရာတွင် ဦးစားပေးဖွယ်ရှိသည်။

SNLD ပါတီနှင့် KySDP ပါတီမှာ NLD ပါတီ၏ ပေးပို့စာအပေါ် တရားဝင်အကြောင်းပြန်ကြားခြင်းမရှိသော်လည်း သက်ဆိုင်ရာ ပြည်နယ်များတွင် ရွေးကောက်ပွဲ အနိုင်ရပါတီများဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် SNLD ပါတီသည် မဲဆန္ဒနယ် ၄၂ နေရာ အနိုင်ရပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တတိယအများဆုံးအနိုင်ရပါတီဖြစ်ပြီး KySDP ပါတီမှာ မဲဆန္ဒနယ် ရှစ်နေရာ အနိုင်ရခဲ့သည်။

NLD ပါတီက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းပါက လက်ခံတွေ့ဆုံမည်ဖြစ်သော်လည်း မည်သည့်ကိစ္စရပ်အပေါ် အခြေခံဆွေးနွေးမည်အား မသိရှိသေး၍ SNLD ပါတီအနေဖြင့် မည်သို့ပြင်ဆင်ထားကြောင်း ပြောကြားနိုင်ခြင်းမရှိသေးဟု ဦးစိုင်းလိတ်က ပြောကြားသည်။

Most Read

Most Recent