ကရင်ပြည်နယ် ဘားအံမြို့အနီးတွင် ကျပ်သန်း ၄၅၀၀ ရင်းနှီးမြှုပ်နှံပြီး ဟိုတယ်နှင့် အပန်းဖြေစခန်း (မိဇံကျွန်း) လုပ်ငန်း လုပ်ကိုင်ရန် အတည်ပြု

ကရင်ပြည်နယ် ဘားအံမြို့အနီးတွင် ကျပ်သန်း ၄၅၀၀ ရင်းနှီးမြှုပ်နှံပြီး ဟိုတယ်နှင့် အပန်းဖြေစခန်း (မိဇံကျွန်း) လုပ်ငန်း လုပ်ကိုင်ရန် အတည်ပြု
Published 28 December 2020
နီလာ

ကရင်ပြည်နယ် ဘားအံမြို့အနီးတွင် ကျပ်သန်း ၄၅၀၀ ရင်းနှီးမြှုပ်နှံပြီး ဟိုတယ်နှင့် အပန်းဖြေစခန်း (မိဇံကျွန်း) လုပ်ငန်းကို  ဒေါ်လာ သုည ဒသမ ၄၁၁ သန်း အပါအဝင် ကျပ်သန်း ၄၅၀၀ ရင်းနှီးမြှုပ်နှံကာ UHM Development Co.,Ltd က လုပ်ကိုင်ရန် အတည်ပြုပေးလိုက်ကြောင်း ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

ကရင်ပြည်နယ် ဘားအံမြို့နယ် မိဇံကျေးရွာအုပ်စုအတွင်း မြေ ၁၀ ဒသမ ၇၂ ဧကတွင် UHM Development Co.,Ltd က ဟိုတယ်နှင့်အပန်းဖြေစခန်း (မိဇံကျွန်း) လုပ်ငန်းလုပ်ကိုင်ရန် ဒီဇင်ဘာ ၂၄ ရက်က ကျင်းပသည့် (၅/၂၀၂၀) ကြိမ်မြောက် ကော်မတီအစည်းအဝေးတွင် အတည်ပြုပေးလိုက်ခြင်းဖြစ်ပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းမှ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၇၇ ခု ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ ကွင်းလွယ်ကျေးရွာအုပ်စုအတွင်း CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို Dong Long (Myaungmya) Garment Co.,Ltd က  ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်ရန် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၉/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးမှ အတည်ပြုပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၃၅၃၀ ခု ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ငွေဆောင်၌ Pearl Ayar ကုမ္ပဏီက ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်း လုပ်ကိုင်ရန် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက အတည်ပြုပေးလိုက်ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့နယ် အမှတ် (၄) ရပ်ကွက်၊ ကွင်းအမှတ်-၁၉၈၁ ပြင်မကျီးမှော်အပြင်ကွင်း၊ ဦးပိုင်အမှတ်-၃၅၊ ၃၃/၂၊ ကျောက်ဖျာကျေးရွာ၊ ဦးပိုင်အမှတ် ၂၊ ၃/၁၊ ၄/၁၊ ၅/၁၊ ၁၆၇၊ ၁၇၀၊ ၁၇၁၊ ၁၇၇၊ ကွင်းအမှတ် (၁၉၈၁) မကျီးမှော်ကွင်း၌ Pearl Ayar Company Limited က ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်းကို ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအဖြစ် မြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။

ယင်းလုပ်ငန်းမှ အလုပ်အကိုင်အခွင့်အလမ်း ၇၁ ခု ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၈/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) အတွင်း CMP စနစ်ဖြင့်  အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ငန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာတစ်သန်းနီးပါး မြှုပ်နှံ၍ လုပ်ကိုင်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန် (၅) အတွင်း Dagon Win Garment Factory Company Limited က ဒေါ်လာ သုည ဒသမ ၉၀၄ သန်း မြှုပ်နှံကာ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၉/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း  ၆၀၀ ဖန်တီးနိုင်မည် ဖြစ်သည်။

Most Read

Most Recent