NLD ပါတီအနေဖြင့် မည်သည့်တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံမည်ကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြုလုပ်မည့် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေး၌ အတည်ပြုမည်

NLD ပါတီအနေဖြင့် မည်သည့်တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံမည်ကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြုလုပ်မည့် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေး၌ အတည်ပြုမည်
နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) အား ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်
နေပြည်တော်ရှိ NLD ပါတီ ယာယီဌာနချုပ် (ရုံးခွဲ) အား ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ်
Published 26 December 2020
ဉာဏ်လင်းထွန်း

NLD ပါတီ အနေဖြင့် မည်သည့်တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံမည်ကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြုလုပ်မည့် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးပြီးမှသာ အတည်ပြုနိုင်မည်ဟု ယင်းပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက The Daily Eleven သတင်းစာကို ပြောကြားသည်။

“အဲဒါ လာမယ့် ၂၉ ရက်နေ့ကျရင် နေပြည်တော်မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ရှိတယ်ဗျ။ အဲဒီမှာ သူတို့လိုတာတွေကို ဒုဥက္ကဋ္ဌ  (၂) က ညွှန်ကြားလိမ့်မယ်။ ဘယ်တိုင်းရင်းသားပါတီနဲ့ တွေ့ရမယ်။  ဘယ်တော့ တွေ့ရမယ်။ ဘာတွေဆွေးနွေးရမယ်ဆိုတာ ညွှန်ကြားလိမ့်မယ်။ ၂၉ ရက်နေ့ကျမှ သိရမှာ” ဟု ဒေါက်တာအောင်မိုးညိုက ဒီဇင်ဘာ ၂၆ ရက်တွင် ပြောကြားသည်။

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီ ၄၀ ကျော်ကို ဖိတ်ခေါ်စာပေးပို့ပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့ကို NLD ပါတီက ဒီဇင်ဘာ ၁၂ ရက်တွင် ဖွဲ့စည်းခဲ့သည်။

အဆိုပါအဖွဲ့ကို NLD ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် (၃) ဒေါက်တာအောင်မိုးညို ဦးဆောင်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆမ်တို့ ပါဝင်သည်။

လက်ရှိတွင် အဆိုပါအဖွဲ့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) နှင့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တို့ကို တွေ့ဆုံဆွေးနွေးရန် စတင်ဆက်သွယ်မှုများရှိကြောင်း သတင်းထွက်ပေါ်လျက် ရှိနေသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဒေါက်တာအောင်မိုးညိုက “အဲဒါ အလွတ်သဘောဗျ။ အလွတ်သဘော တီးခေါက်ကြည့်တာ။ တရားဝင် မဟုတ်သေးဘူး။ အလွတ်သဘောပဲ” ဟု The Daily Eleven သတင်းစာကို ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက် ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးအပြီး တွေ့ဆုံမည့် တိုင်းရင်းသားပါတီများအား သိရပါက ၎င်းတို့ကို တရားဝင် ဖိတ်စာပေးပို့သွားမည် ဖြစ်သည်ဟု ၎င်းကဆိုသည်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါက်တာအောင်မိုးညိုအဖွဲ့က တိုက်ရိုက်ဆက်သွယ်ခြင်း မဟုတ်ဘဲ ပါတီမှတာဝန်ပေးသည့် ပုဂ္ဂိုလ်တစ်ဦးက တွေ့ဆုံရန် ကမ်းလှမ်းမှု ရရှိသည်ဟု SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

“တရားဝင်လား မဝင်လား အဲဒါ ကျွန်တော်လည်း မပြောတတ်ဘူး။ အဲဒီစကားလုံးက သူတို့ဘက်က သုံး မသုံး ကျွန်တော် မသိဘူး။ ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ ကျွန်တော်ကတော့ ပါမှာမဟုတ်ပါဘူးတဲ့။ ဆရာတို့ ဆွေးနွေးတဲ့ အခါကျရင် ကြားထဲကနေ ဆက်သွယ်ပေးတာပါလို့ ပြောတာကိုး” ဦးစိုင်းလိတ်က ပြောကြားသည်။

ယင်းသို့ ကြားခံပုဂ္ဂိုလ်ဖြင့် ဆက်သွယ်လာမှုတွင် ဆွေးနွေးမည့် အကြောင်းအရာ၊ တွေ့ဆုံမည့် နေ့ရက်နှင့် တွေ့ဆုံမည့် နေရာတို့ ပါဝင်ခြင်းမရှိဟု ၎င်းကဆိုသည်။

နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စု အရေးကိစ္စဆိုသည့် ခေါင်းစဉ်ဖြင့် NLD ပါတီက တိုင်းရင်းသားပါတီ ၄၈ ပါတီကို အိတ်ပေးစာတစ်စောင် နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် ပေးပို့ခဲ့သည်။

NLD ပါတီတာဝန်ရှိသူအချို့ မီဒီယာများတွင် ပြောကြားချက်များအရ ပါတီ၏ပေးစာကို တရားဝင် အကြောင်းပြန်ကြားသည့် ပါတီများနှင့် ပြည်နယ်တွင် နေရာအများစု အနိုင်ရသော တိုင်းရင်းသားပါတီများကို တွေ့ဆုံရာတွင် ဦးစားပေးဖွယ်ရှိသည်။

NLD ပါတီ တာဝန်ရှိသူအချို့ မီဒီယာများတွင် ပြောကြားချက်များအရ ပါတီ၏ပေးစာကို တရားဝင် အကြောင်းပြန်ကြားသည့် ပါတီများနှင့် ပြည်နယ်တွင် နေရာအများစု အနိုင်ရသော တိုင်းရင်းသားပါတီများကို တွေ့ဆုံရာတွင် ဦးစားပေးဖွယ်ရှိသည်။

SNLD ပါတီနှင့် KySDP ပါတီမှာ NLD ပါတီ၏ ပေးပို့စာအပေါ် တရားဝင် အကြောင်းပြန်ကြားခြင်း မရှိသော်လည်း သက်ဆိုင်ရာ ပြည်နယ်များတွင် ရွေးကောက်ပွဲ အနိုင်ရပါတီများဖြစ်သည်။

 

Most Read

Most Recent