COVID-19 ပိုးတွေ့လူနာများ ယခုထက်ပိုမို ကျဆင်းလာပါက ကိုဗစ်စင်တာများ လျှော့ချ ပိတ်သိမ်းမည်ဖြစ်ပြီး နောက်ဆုံးအနေဖြင့် ဖောင်ကြီးကုသရေးဌာနကိုသာ ထားရှိမည်ဟု COVID-19 ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြောကြား

COVID-19 ပိုးတွေ့လူနာများ ယခုထက်ပိုမို ကျဆင်းလာပါက ကိုဗစ်စင်တာများ လျှော့ချ ပိတ်သိမ်းမည်ဖြစ်ပြီး နောက်ဆုံးအနေဖြင့် ဖောင်ကြီးကုသရေးဌာနကိုသာ ထားရှိမည်ဟု COVID-19 ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြောကြား
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ် ကုသနေရသည့် လူနာများကို တွေ့ရစဉ်
COVID-19 ပိုးတွေ့လူနာများအနက် ရောဂါပြင်းထန်၍ ICU ၌ ကြပ်မတ် ကုသနေရသည့် လူနာများကို တွေ့ရစဉ်
Published 26 December 2020
အိသဥ္ဇာကျော်

COVID-19 ပိုးတွေ့လူနာများ ယခုထက်ပိုမို ကျဆင်းလာပါက ကိုဗစ်စင်တာများကို လျှော့ချ ပိတ်သိမ်းမည်ဖြစ်ပြီး နောက်ဆုံးအနေဖြင့် ဖောင်ကြီးကုသရေးဌာနကိုသာ ထားရှိမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက နိုင်ငံပိုင်မီဒီယာတွင် ပြောကြားထားသည်။

“ကိုဗစ် စင်တာတွေကို တဖြည်းဖြည်း စတင်ပြီး Stand By အဆင်သင့် အနေအထားနဲ့ ပိတ်ထားမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ပြန်ပြီး ဖွင့်နိုင်အောင် တကယ်လို့ မလိုအပ်ဘူးဆိုရင် လူအင်အားတွေကို လျှော့ချပြီး အသုံးပြုရအောင် လိုအပ်တဲ့နေရာမှာ ရွှေ့ပြောင်းပြီး လူအင်အားတွေကို အသုံးပြုရအောင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးဝန်ထမ်းတွေ စေတနာ့ဝန်ထမ်းတွေ သူနာပြုတွေ အထောက်အကူပြုအဖွဲ့တွေ ပင်ပန်းနေကြပြီ။ သူတို့တွေ နားခွင့်ရအောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သူတို့တွေရဲ့အင်အားနဲ့ ဆက်လက်ပြီး ရှင်သန်ကြီးထွားနေအောင် ကျွန်တော်တို့ ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုဆက်ပြီး ကျလာမယ်ဆိုရင် ကိုဗစ်စင်တာတွေကို တစ်ခုပြီးတစ်ခု လျှော့ချ ပိတ်သိမ်းသွားပြီး နောက်ဆုံးအနေနဲ့ အရင်တုန်းက စခဲ့သလို ဖောင်ကြီးကို ထားရှိမှာ ဖြစ်ပါတယ်။ အောင်မြင့်မိုရ်တို့ ရိုးမတို့ ပြီးရင် ဖောင်ကြီးကို ထားရှိမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

COVID-19 ရောဂါသည် ရာသီတုပ်ကွေး ရောဂါကဲ့သို့ ရောဂါအနည်းအများ ကွာခြားပြီး ဆက်လက် ကူးစက်ဖြစ်ပွားနေမည်ဖြစ်၍ နေထိုင်မှုပုံစံသစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ဒီဇင်ဘာ ၂၂ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

COVID-19 ရောဂါသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်သော ရောဂါဖြစ်ခြင်း၊ ရောဂါလက္ခဏာ မပြဘဲ ကူးစက်ခံရသူများ ရှိနေခြင်းနှင့် ရောဂါဖြစ်စေသည့် ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုများ ရှိနေခြင်း တို့ကြောင့် COVID-19 ရောဂါသည် ရာသီတုပ်ကွေးရောဂါကဲ့သို့ပင် ဖြစ်ပွားမှုအနည်းအများသာ ကွာခြားပြီး ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာ ဆက်လက်ကူးစက် ဖြစ်ပွားနေမည် ဖြစ်ကြောင်း၊ ထို့ပြင် COVID-19 ကာကွယ်ဆေးအချို့ ပေါ်ထွက်လာပြီ ဖြစ်သော်လည်း အဆိုပါကာကွယ်ဆေးများသည် ထိုးနှံပြီးနောက် လက်တွေ့တွင် အချိန်ကာလ မည်မျှအထိ ရောဂါကာကွယ်နိုင်စွမ်း ရှိမည်ဆိုသည်ကို ယခုအချိန်၌ အတိအကျ မပြောနိုင်သေးဘဲ ဆက်လက် လေ့လာပြီးမှသာ သိရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ကမ္ဘာပေါ်တွင် ဆက်လက်တည်ရှိ ကူးစက်ဖြစ်ပွားနေမည့် COVID-19 နှင့်အတူ မိမိတို့အနေဖြင့် ဆက်လက် ရှင်သန်နေထိုင်ရမည် ဖြစ်သဖြင့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် လုပ်ငန်းကဏ္ဍအသီးသီးကို ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်လုပ်ကိုင်နိုင်ရန် စဉ်းစား ကြံဆ ကြိုးပမ်းကြရမည် ဖြစ်ကြောင်းနှင့် သို့မဟုတ်ပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နှောင့်နှေးသွားမည် ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ ပြည်သူများအားလုံး အနေဖြင့် မိမိတို့နေ့စဉ် လုပ်ငန်းဆောင်တာများ လုပ်ဆောင်စဉ်တို့တွင် အဓိကအားဖြင့် ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင် လုပ်ကိုင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးကို တစ်ဦး အသိပေးခြင်း၊ သတိပေးခြင်း စသည့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို တိကျစွာ ဆက်လက် လိုက်နာခြင်းဖြင့် COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်၍ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။

COVID-19 ကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝအရ ဗီဇပြောင်းလဲမှုသစ်ဖြစ်ကာ အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ တွေ့ရှိနေကြောင်း ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်၌ အဆိုပါနိုင်ငံမှ ထုတ်ပြန် ကြေညာခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ ဗီဇပြောင်းဗိုင်းရပ်စ်ကို VUI-202012/01 ဟု ခေါ်ဝေါ်ထားပြီး အခြား SARS-CoV-2 ဗိုင်းရပ်စ်ပိုးများထက် ပိုမို ကူးစက် ပျံ့နှံ့လွယ်သည်ကို တွေ့ရှိရကြောင်း၊ သို့ရာတွင် ယင်းဗီဇပြောင်း ဗိုင်းရပ်စ်ကြောင့်  ရောဂါပြင်းထန်မှု ပိုမိုလာသည်ဆိုသော အထောက်အထား မတွေ့ရှိရသေးကြောင်း နှင့် အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်ပိုး၏ ဗီဇပြောင်းလဲမှုအသစ်အား ပညာရှင်ပေါင်းစုံက ပူးပေါင်းကာ စုံစမ်းစစ်ဆေး စမ်းသပ်မှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent